Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူမြို့မဈေးတွင် ရှမ်းအာလူးများဈေးကောင်းရနေ

      မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးတို့တွင် မိမိတို့ ဒေသထွက်အာလူးနှင့် ရှမ်းပြည်နယ်ဒေသမှ ထွက်ရှိသောအာလူးများ ရောင်းဝယ်ဖောက်ကား လျက်ရှိပါသည်။ ပခုက္ကူမြို့နယ်တွင် ကမ္မ၊ မြစ်ခြေ၊ ပေါက်နှင့် ရေပြာနယ်များတွင် အာလူးများကို အဓိကစိုက်ပျိုးကြပါသည်။ ပခုက္ကူမြို့မစည်ပင်သာယာဈေးနှင့် အမှတ်(၂)ဈေးတို့တွင် ရှမ်းပြည်နယ် ဒေသမှထွက်ရှိသော ရှမ်းအာလူးများ၊  ရှမ်းတရုတ်အာလူးများ ဝင်ရောက်အရောင်းအဝယ်ဖြစ် လျက်ရှိပါသည်။

      ရှမ်းပြည်နယ်ဒေသမှထွက်သော အာလူးမျိုးများမှာ ချက်ပြုတ်စားသောက်ရာတွင် အရသာကောင်းမွန်ခြင်း၊ စီးခြင်းတို့ကြောင့် လူကြိုက်များပြီး အရောင်းအဝယ်လည်း သွက်လျက်ရှိပါသည်။ ရှမ်းပြည်နယ်မှလာသော အာလူးသီးများ၏ဈေးနှုန်းများမှာ အာလူးသီးအလုံးအရွယ်အစားပေါ် မူတည်၍ ဈေးနှုန်းများလည်း ကွာခြားလျက်ရှိပါသည်။  အာလူးသီးအလုံး(သေး) တစ်ပိဿာလျှင် ကျပ်(၈၀၀၀)၊ အာလူးသီးအလုံး(လတ်)တစ်ပိဿာလျှင် ကျပ်(၉၀၀၀)၊ အာလူးသီး အလုံး(ကြီး) တစ်ပိဿာလျှင် ကျပ်(၁၁၀၀၀)ဈေးဖြင့်ရောင်းချနေပြီး နေ့စဉ်ကုန်ဝင်ချိန်မှာ တစ်နေ့လျှင် ပိဿာချိန် (၅၀၀၀-၆၀၀၀)ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ထိုသို့ ဈေးနှုန်းကြီးမြင့်ရခြင်းမှာ လမ်းပမ်းဆက်သွယ်ရေးခက်ခဲခြင်း၊ စက်သုံးဆီဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့်ဖြစ်ကြောင်း မြို့မဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

ဆိပ်ဖြူမြို့နယ်တွင် ဆောင်းသီးနှံကုလားပဲ စတင်စိုက်ပျိုး

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ဆိပ်ဖြူမြို့နယ်သည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေပြု၍ နှစ်စဉ်စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ခဲ့ရာ စိုက်ပျိုးရေးအနေဖြင့် ဆန်စပါး၊ ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံနှင့် ကြက်သွန်နီအပါအဝင် ကုန်စိမ်းသီးနှံမျိုးစုံနှင့် ဥယျာဉ်ခြံမြေများတွင် ရာသီပေါ် ပန်းမျိုးစုံစိုက်ပျိုးခြင်းဖြင့် ဒေသစီးပွားဖွံ့ဖြိုးတိုးတက်လျက်ရှိသည်။

    သီးနှံမျိုးစုံအနက် ကုလားပဲသီးနှံကို ဒုတိယအများဆုံး စိုက်ပျိုးလျက်ရှိသည်။ ဆိပ်ဖြူမြို့ပေါ် (၄)ရပ်ကွက်၊ ကိုးတောင့်၊ ချင်တောင်၊ မြင်ကဝ၊ ဂွေးပင်၊ အူရှည်အလယ်စု၊ လိပ်ခြံ၊ တပေါင်း အုပ်စုများအတွင်းရှိ ကျေးရွာများတွင် နှစ်စဉ်စိုက်ဧက (၄၀၀၀)ခန့် ကိုင်းကျွန်းမြေများနှင့် စပါးခင်းကျွတ် လယ်ကွဲမြေများတွင် စိုက်ပျိုးကြောင်း၊ အောက်တိုဘာလကုန်မှ နိုဝင်ဘာလအထိ စိုက်ပျိုးပြီး ဖေဖာ်ဝါရီလကုန် မတ်လပိုင်းတွင် သီးနှံရိတ်သိမ်းကြောင်း၊ ဒေသခံတောင်သူများသည် မျိုးအနေဖြင့် ကုလားပဲလုံးကြီး(အဖြူ)မျိုးကို အများဆုံးစိုက်ပျိုးကြောင်း၊ မြေပြုပြင်ပြီး နွားရှဉ်းဖြင့် ထယ်ချောင်း ပေး၍ အစေ့ဖြူးချစနစ်ဖြင့် စိုက်ပျိုးပြီး မြေအောက်ရေအပြင် လိုအပ်ပါက ရေဖြန်းစနစ်ဖြင့် စိုက်ပျိုးကြောင်း သိရှိရသည်။

      စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ကုလားပဲ(၂)တင်းခန့် ကျဲပက်စိုက်ပျိုးရပြီး မျိုးတစ်တင်းလျှင် ကျပ်(၁၂၀၀၀၀)ဖြင့် ဝယ်ယူစိုက်ပျိုးရပြီး စိုက်ပျိုးချိန်တွင် အလုပ်သမားငှားရမ်းမှု စရိတ်ကြီးမြင့်ကြီးနှင့် သွင်းအားစုအမျိုးမျိုးဈေးကြီးမြင့်ခြင်းကြောင်း၊ တစ်ဧက ကျပ်(၈)သိန်းခန့် ကုန်ကျကြောင်း၊ ယခင်နှစ်တွင် ကုလားပဲအထွက်တင်း(၂၀-၂၂)တင်းခန့်ထွက်ရှိပြီး တစ်တင်းလျှင် အမြင့်ဈေး ကျပ်(၁၀၅၀၀၀)ပေါက်ဈေးရှိခဲ့၍ ကျပ်(၁၅)သိန်းခန့် အကျိုးအမြတ်ရရှိကြောင်း၊ ယခုနှစ်တွင်လည်း သီးနှံ အထွက်ကောင်းပြီး ဈေးကောင်းရရှိပါက တောင်သူအဆင်ပြေမည် ဖြစ်ကြောင်း သိရှိရသည်။

     မြန်မာနိုင်ငံတွင် ကုလားပဲသီးနှံကို တစ်နှစ်လျှင် ဆောင်းတစ်ရာသီသာ စိုက်ပျိုးလျက်ရှိသည်။ ကုလားပဲသီးနှံသည် အခြားသီးနှံများထက် ပြည်တွင်းစားသုံးမှု မြင့်မားပြီး ကုလားပဲ ကုန်ကြမ်းမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ကုလားပဲခြမ်း၊ ကုလားပဲမှုန့် အစိမ်း၊ အကျက်အပြင် စားသုံးကုန်အမျိုးမျိုး ထုတ်လုပ်ပြီး ပြည်တွင်းစားသောက်ကုန်လုပ်ငန်းရှင်များမှ ဒေသအနှံ့အပြား ထုတ်လုပ်ဖြန့်ဖြူးခြင်းအပြင် ပဲခွဲစက်များလည်း တွင်ကျယ်စွာ လည်ပတ်လျက်ရှိ၍ ပြည်တွင်း MSME၊ အသေးစားစက်မှု လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ခြင်းအပြင် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများစွာရရှိလျက်ရှိသည်။ ယခုအချိန်တွင် ကုလားပဲသီးနှံကို ပြည်တွင်းစားသုံးမှု ပိုမိုမြင့်မားလာ၍ ကုလားပဲဈေးကွက် ခိုင်မာမှုရှိခြင်းကြောင့် စိုက်တောင်သူများမှလည်း စိုက်ပျိုးစရိတ်သက်သာပြီး အကျိုးအမြတ်များစွာရရှိသော ကုလားပဲသီးနှံကို စိုက်ပျိုး၍ ရရှိသောမြေများတွင် နှစ်စဉ်မပြတ်စိုက်ပျိုးလျက်ရှိ‌ကြောင်း သိရှိရသည်။

DOCA(မကွေး)

 

 

ဟင်္သာတခရိုင်၊ ပဲကုန်စည်ဒိုင်တွင် နိုဝင်ဘာလတွင်း မတ်ပဲဈေးနှုန်းအနည်းငယ်ကျဆင်း၍ အရောင်းအဝယ်ဖြစ်

        ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဟင်္သာတခရိုင်သည် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်ရာ ခရိုင်ကြီးတစ်ခုဖြစ်ပြီး ပြည်တွင်းစားသုံးရန်နှင့် ပြည်ပသို့တင်ပို့ရန် နှစ်စဉ်ပဲမျိုးစုံစိုက်ဧက ၉သိန်းကျော်စိုက်ပျိုးလျက်ရှိရာ  ပြည်ပပို့ကုန်မတ်ပဲမှာ အဓိကနိုင်ငံခြားဝင်ငွေရှာဖွေပေးလျက်ရှိပြီး မတ်ပဲဈေးနှုန်းမှာ စက်တင်ဘာလ နောက်ဆုံးပတ်တွင် အနိမ့်ဈေး ၁တန်လျှင် ကျပ်၃၉သိန်းခန့်အပြင် အမြင့်ဈေး ၁တန်လျှင် ကျပ်၄၀သိန်းခန့်ရှိပြီး စက်တင်ဘာလ နောက်ဆုံးပတ်တွင် ရန်ကုန်သို့ တန်ချိန် ၂၇၅ တင်ပို့နိုင်ကြောင်းသိရသည်။

       အောက်တိုဘာလ နောက်ဆုံးပတ်တွင် ဟင်္သာတခရိုင်ကုန်စည်ဒိုင်ရှိ မတ်ပဲဈေးနှုန်းအနိမ့်ဈေးမှာ ၁တန်လျှင် ကျပ်၃၇သိန်းခန့်၊ အမြင့်ဈေး ကျပ်၃၈သိန်းဈေးဖြင့်  ရန်ကုန်သို့ ၂၇၅တန်တင်ပို့ခဲ့ပြီး နိုဝင်ဘာလဆန်းမှ ဒုတိယပတ်အတွင်း မတ်ပဲ ၁တန်လျှင် အနိမ့်ဈေး ကျပ်၃၅သိန်းမှ ကျပ်၃၆သိန်းခန့်ဈေးဖြင့် ရန်ကုန်သို့ တန်၄၀၀တင်ပို့ရောင်းချနိုင်ခဲ့ပြီး စက်တင်ဘာလပိုင်းဈေးနှင့် နိုဝင်ဘာလပိုင်းဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက မတ်ပဲ၁တန်လျှင် ကျပ်၄၀၀၀၀၀သိန်းခန့်ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း ဟင်္သာတကုန်စည်ဒိုင်စာရင်းမှသိရပါသည်။

DOCA(ဧရာဝတီ)

         

ပခုက္ကူမြို့၌ မြေပဲဆံဈေးအနည်းငယ်မြင့်တက်

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံမျိုးစုံရောင်းဝယ်ရေး ဈေးကွက်တွင် ဆီထွက်သီးနှံမြေပဲများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိရာ စိုက်ပျိုးမှုများသော ပခုက္ကူ၊ မြိုင်၊ ပေါက်၊ ရေစကြို၊ ယောနယ်ဒေသများနှင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဒေသကြီး အတွင်းရှိ ကျေးရွာများမှထွက်ရှိသော မိုးမြေပဲ(အသစ်)များ ပခုက္ကူဈေးကွက်သို့ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခု ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)တွင် ဆီထွက်သီးနှံ မြေပဲအတောင့်နှင့်အဆံများ ဈေးအနည်းငယ်မြင့်တက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဈေးကွက်သို့ ဝင်ရောက်လာသော မြေပဲ အတောင့်နှင့် အဆံများကို  မြို့ပေါ်ရှိ လှောင်လက်သမားများ၊ ဆီစက်လုပ်ငန်းရှင်များ အဝယ်လိုက်ခြင်းအပြင် ပြည်ပတရုတ်နိုင်ငံမှလည်း ဝယ်လိုအား များလျက်ရှိ၍ ဈေးနှုန်းမြင့်တက်ကြောင်း၊ မြေပဲဆံအရည်အသွေးနှင့် ဝယ်လိုအားပေါ်မူတည်၍ ဈေး အနိမ့်၊ အမြင့်ရှိကြောင်း သိရှိရသည်။

   ပခုက္ကူပွဲရုံဈေးကွက်တွင် ဖြစ်ပေါ်နေသော မြေပဲဈေးနှုန်းများမှာ ယခုတစ်ပတ်တွင် မြေပဲတောင့်(အခြောက်) တစ်ပိဿာလျှင် ကျပ်(၅၃၀၀ - ၄၈၀၀)၊ ယခင်တစ်ပတ် မြေပဲတောင့် (အခြောက်) တစ်ပိဿာလျှင် ကျပ်(၅၁၀၀ - ၄၆၀၀)၊ တစ်ပတ်အတွင်း တစ်ပိဿာလျှင် ကျပ်(၂၀၀) ဈေးတက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ယခုတစ်ပတ်တွင် မြေပဲလုံးဆံ(နီ) တစ်ပိဿာလျှင် ကျပ်(၈၃၀၀-၈၂၀၀-၈၁၅၀)၊ ယခင်တစ်ပတ်တွင် မြေပဲလုံးဆံ(နီ) တစ်ပိဿာလျှင် ငွေကျပ် (၈၁၅၀ - ၈၁၀၀- ၇၉၀၀)၊ တစ်ပတ်အတွင်း တစ်ပိဿာလျှင် ကျပ်(၁၅၀) ဈေးတက်၍ အရောင်းအဝယ် ဖြစ်ခဲ့သည်။ မြေပဲလုံးဆံ(ဖြူ)တစ်ပိဿာလျှင် ယခုတစ်ပတ်တွင် ကျပ်(၈၂၀၀-၈၁၀၀-၇၈၅၀)၊ ယခင် တစ်ပတ်တွင် မြေပဲလုံးဆံ(ဖြူ)တစ်ပိဿာ လျှင် ငွေကျပ်(၈၁၀၀ - ၈၁၅၀ - ၈၀၀၀)၊ တစ်ပတ်အတွင်း တစ်ပိဿာလျှင် ကျပ်(၁၀၀) ဈေးတက်၍ အရောင်းအဝယ်ဖြစ်ခဲ့သည်။ မြေပဲဆီဆံ တစ်ပိဿာလျှင် ယခုတစ်ပတ်တွင် ကျပ်(၇၂၀၀ - ၇၀၀၀)၊ ယခင်တစ်ပတ်တွင် ကျပ် (၇၀၀၀ - ၆၉၀၀)၊ တစ်ပတ်အတွင်း ကျပ်(၁၀၀)ခန့် ဈေးတက်၍ အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

    ပခုက္ကူမြေပဲဆံဈေး အနည်းငယ်မြင့်တက်ရခြင်းမှာ ဈေးကွက်သို့ မြေပဲဆံ (အသစ်)များ ဝင်ရောက်မှုနည်းခြင်းနှင့် ဒေသတွင်းသုံးစွဲမှုအပြင် ပြည်ပနိုင်ငံများမှ အဝယ်လိုက်ခြင်းကြောင့် ဈေးအနည်းငယ်မြင့်တက်ခြင်းဖြစ်ကြောင်း ဈေးကွက်မှ သိရှိရပါသည်။

DOCA(မကွေး)

 

 

ဒေသတစ်ခု၊ ထုတ်ကုန်တစ်ခု MSMEs ရွှေချိန်ခွင် ဖိနပ်လုပ်ငန်း

         ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဒေသတစ်ခု၊ ထုတ်ကုန်တစ်မျိုးဖြစ်သည့် MSMEs ဖိနပ်လုပ်ငန်းလုပ်ကိုင်သော လှေကြီးတက်ကျေးရွာရှိ ဦးကြည်ဝင်း၏ ဖိနပ်လုပ်ငန်းအခြေအနေအား စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်ကွင်းဆင်းမေးမြန်းခဲ့ရာ ဖိနပ်သည် ဖိုင်မာ၊ ကတ္တီပါ၊ ဦးလျှာ၊ သဲကြိုး၊ ဇင်ဖျင်၊ သရေစိမ်း၊ ကွန်ပေါင်း၊ ဒေါင့်ဆို၊ လည်သာ စသည့် ကုန်ကြမ်းပစ္စည်းများကို ရန်ကုန်မှဝယ်ယူရပါသည်။

          ဝယ်ယူရရှိသောကုန်ကြမ်းများကို ဖိုင်မာချေ၊ ကော်သုတ်၊ ဦးလျှာကပ်၊ စက်ချုပ်၊ သဲကြိုးကိုင်ကော်သုတ်၊ ကွန်ပေါင်းကပ်လျှင် ဖိနပ်တစ်ရံရရှိသည်အထိ အဆင့်ဆင့်ပြုလုပ်ရပါသည်။ ဖိနပ်တစ်ရံ၏ကုန်ကျစရိတ်မှာ ၈၀၀၀ကျပ်ရှိပြီး၊ သာပေါင်း၊ ငသိုင်းချောင်း၊ ပုသိမ်၊ မြောင်းမြ၊ ငပုတောမြို့နယ်များသို့ တင်ပို့ရောင်းချရပါသည်။ တစ်နေ့အထွက်နှုန်းဖိနပ်အရံ ၃၀ထွက်ရှိပြီး ဒေသတွင်းလက်လုပ်လက်စားများအတွက်ပါ အလုပ်အကိုင်အခွင့်အလမ်းများပိုမိုရရှိလာကြောင်း မေးမြန်းသိရှိရပါသည်။

DOCA(ဧရာဝတီ)

နံနံပင်ဈေးနှုန်းဈေးကွက်

       နံနံပင်တွင် အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်သည့်အပြင် သံဓာတ်၊ မဂ္ဂတီဆီယမ်၊ မဂ္ဂနီနှင့် ဗီတာမင်အေဘီစီတို့ပါဝင်ပါသည်။ မြန်မာဟင်းများတွင်သာမက မုန့်ဟင်းခါး၊ အသုပ်စုံတို့တွင်လည်း တွဲဖက်စားသောက်ကြသည်။ နံနံပင်အစေ့ကိုမစိုက်ခင် ရေတွင် (၂၄) နာရီကြာအောင်စိမ်ပြီးလျှင် ဆယ်၍စစ်ထားရသည်။ ရေမစိမ်မီ ဂုံနီအိတ်ပေါ်တွင်တင်၍ ပုလင်းဖြင့် နှစ်ခြမ်းကွဲသွားစေရန်အတွက် လှိမ့်ပေးရန်လိုအပ်ပါသည်။ စိုက်ပြီး (၇) ရက်/ (၁၀) ရက်အတွင်း အပင်ပေါက်လာပြီး (၄၅) ရက်အကြာမှစ၍ နုတ်ယူစားသုံးခြင်းနှင့် ရောင်းချခြင်းများပြုလုပ်နိုင်သည်။

          နံနံပင်သည် ဆောင်းရာသီတွင် အထူးဖြစ်ထွန်းပြီး ကျန်ရာသီများတွင် ရှားပါးကာ ဈေးကြီးပေသည်။ ယခုလသည် နံနံပင်ဈေးကောင်းလျက်ရှိပြီး တစ်ပိဿာလျှင် (၇၀၀၀) ကျပ်ခန့်ရှိကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)

မကွေးမြို့၌ အရောင်းအဝယ်ဖြစ်နေသည့် နှမ်းဈေးနှုန်းများ

        မကွေးတိုင်းဒေသကြီးသည် နှမ်း၊ မြေပဲ၊ ဝါ၊ နေကြာနှင့် ပဲမျိုးစုံတို့ကို အဓိကစိုက်ပျိုးသည့် ဒေသတစ်ခုဖြစ်ပြီး မကွေးမြို့ပေါ်ရှိ သီးနှံပွဲရုံများတွင် မကွေးခရိုင်နှင့် မင်းဘူးခရိုင်အတွင်းမှထွက်ရှိသည့်နှမ်းများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

      ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(တတိယပတ်)တွင် နှမ်းနက်စမုံတစ်တင်းလျှင် ငွေကျပ် (၂၀၅၀၀၀-၂၁၂၀၀၀)၊ နှမ်းဖြူ (ဂျပန်) တစ်တင်းလျှင်  ငွေကျပ် (၁၂၀၀၀၀-၁၂၈၀၀၀)၊ နှမ်းဖြူတစ်တင်းလျှင် ငွေကျပ်(၁၁၀၀၀၀-၁၁၅၀၀၀)နှင့် နှမ်းနီတစ်တင်းလျှင် ငွေကျပ်(၁၁၃၀၀၀-၁၁၇၀၀၀) ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းဆီကြိတ်ခွဲထုတ်လုပ်သည့် လုပ်ငန်းရှင်များက ဝယ်ယူကြကြောင်းနှင့် ရန်ကုန်၊ မန္တလေးမြို့များသို့တင်ပို့ကြောင်း၊ ယခုနိုဝင်ဘာလ (တတိယပတ်)တွင် နှမ်းဈေးနှုန်းများ အနည်းငယ်အေးလျက်ရှိကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

မကွေးမြို့ပေါ်၌ ဖြစ်ပေါ်နေသော ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများ၏ ဈေးနှုန်းဈေးကွက်

         မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီတို့ကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသော်လည်း ထွက်ပေါ်ချိန်မဟုတ်သည့်အတွက်  မကွေးမြို့ပေါ်ဈေးကွက်သို့ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များမှထွက်ရှိသည့် ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများဝင်ရောက်လျက်ရှိကြောင်း၊ ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများမှာ အဝင်နည်းသော်လည်း ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

          ဈေးနှုန်းအနေဖြင့် ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ(ဒုတိယပတ်)တွင် အကြီး/အသေးပေါ်မူတည်၍ ဂေါ်ဖီထုပ်တစ်ထုပ်လျှင်  ငွေကျပ်  (၃၀၀၀-၅၀၀၀)၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် ငွေကျပ် (၂၅၀၀-၄၀၀၀) ဖြင့်ရောင်းချရကြောင်း၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲများကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)

 

၂၀၂၄ခုနှစ် နိုဝင်ဘာလတတိယအပတ်၏ သီးနှံဈေးနှုန်းဈေးကွက်နှင့်စီးဆင်းမှုအခြေအနေ

              ရှမ်းပြည်နယ်(တောင်ပိုင်း)အောင်ပန်းဒေသတွင် ယခုတစ်ပတ်ပြောင်းသီးနှံမှာ တစ်ပိဿာလျှင် အမြင့်ဈေး(၁၄၀၀)ကျပ်ဖြင့် ဈေးကောင်းနေပြီး ပြောင်းများဝင်ရောက်မှုရှိသဖြင့် စီးဆင်းမှုမှာယခင်အပတ်ထက်ပို၍ကောင်းလာပါသည်။ ကြက်သွန်ဖြူသီးနှံမှာ တစ်ပိဿာလျှင် ထူး၁ -၁၁၅၀၀၊ ထူး၂ ၁၂၅၀၀၊ ထူး၃ -၁၃၅၀၀၊ ထူး၄ -၁၄၅၀၀၊ ထူး၅- ၁၅၀၀၀ ၊ ထူးလွန်-၁၆၀၀၀နှင့်ဥတစ်လုံးမှာ ၂၅၀၀၀ကျပ် ဈေးပေါက်နေကြပြီး အဝင်နည်း၊ လက်ကျန်နည်းသော်လည်း ဈေးကွက်အသုံးများသဖြင့် အမြင့်ဈေးဖြင့်ငြိမ်နေပြီး စီးဆင်းမှုမှာပုံမှန်ဖြစ်နေပါသည်။

            အာလူးသီးနှံမှာ တစ်ပိဿာလျှင်မျက်နီ S2၈၅၀၀ကျပ်၊ S1 ၈၀၀၀၊ OK၇၀၀၀၊ ဆွဲသီး ၅၂၀၀နှင့် ဂေါ်လီဆိုဒ်မှာ၂၅၀၀ကျပ်ဈေးရှိနေပြီး မားကီး S1 S2 မှာ ဈေးကွက်အဝင်မရှိဘဲ မျက်နီ၊ဆွဲသီးနှင့် ဂေါ်လီဆိုဒ်များသာ အဝင်ရှိသဖြင့် စီးဆင်းမှုမှာ လျော့နည်းနေသော်လည်း ယခင်အပတ်ထက်အနည်းငယ်ပိုလာပါသည်။

           ကုန်စိမ်းသီးနှံများတွင် ‌ဂေါ်ဖီ ၂၇၀၀-၃၀၀၀၊ ပန်းမုံလာ ၂၈၀၀-၃၂၀၀၊ ရွှေပဲ ၈၀၀၀-၁၀၀၀၀၊ ခရမ်းချဉ်ဂွတ်ရှယ်သီး ၇၀၀၀၊ဘိုစား ၁၈၀၀-၂၅၀၀၊ မုန်လာဥနီ ၃၀၀၀-၃၅၀၀၊ ဖရုံသီး ၁၈၀၀၊ ငြုပ်ပွ ၉၀၀၀-၁၀၀၀၀၊ ခရမ်းသီး ၃၀၀၀-၃၅၀၀၊ မုန်ညှင်း၃၅၀၀-၄၀၀၀ကျပ်ဖြင့်အသီးသီးဈေးပေါက်နေကြပြီး ပန်းမုံလာသီးနှံမှာဈေးကွက်အဝင်နည်းပြီး ခရမ်းချဉ်သီးနှံနှင့် ဘိုစားသီးနှံတို့မှာ ဈေးအနည်းငယ်မြင့်တက်လာကာ ဈေးကွက်လိုအပ်ချက်အရ  အရောင်းအဝယ်ဖြစ်နေသဖြင့် စီးဆင်းမှုမှာ ယခင်အပတ်ထက်ပိုလာကြောင်းလေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

မကွေးဈေးကွက်၌ ပဲတီစိမ်း၊ စားတော်ပဲ၊ ပဲလွန်းဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်

        မကွေးတိုင်းဒေသကြီး၊ မကွေးဈေးကွက်၌ မကွေးခရိုင်အတွင်းရှိ ကျေးရွာများနှင့် မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာများမှထွက်ရှိသည့် ပဲတီစိမ်း၊ စားတော်ပဲ၊ ပဲလွန်း စသည့်သီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

        ၂၀၂၄ခုနှစ်၊ နိုဝင်ဘာလ (တတိယပတ်)တွင် ပဲတီစိမ်းတစ်တင်းလျှင်  ငွေကျပ် (၉၀၀၀၀-၉၅၀၀၀)၊ စားတော်ပဲတစ်တင်းလျှင်  ငွေကျပ်(၁၄၆၀၀၀)၊ ပဲလွန်းတစ်တင်းလျှင်  ငွေကျပ်(၆၀၀၀၀) တို့ဖြင့် ဈေးနှုန်းမြင့်တက်၍ အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းပဲကြော်၊ ပဲလှော်လုပ်ငန်းရှင်များက ဝယ်ယူကြကြောင်းနှင့် ရန်ကုန်၊ မန္တလေးနှင့် ပြည်မြို့များသို့တင်ပို့ကြောင်း၊ သီးနှံအရည်အသွေးကောင်းမွန်ပြီး မြို့ကြီးများရှိပွဲရုံများမှ ဝယ်ယူမှုများသောကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း မကွေးဈေးကွက်မှသိရှိရပါသည်။

DOCA(မကွေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း