
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်ရှိ ကျောက်အိုင်၊ ရွာသစ်ကျေးရွာများမှ ထွက်ရှိသော ရခိုင်ငှက်ပျောသီးများ သရက်မြို့ပေါ်ရှိ စည်ပင်သာယာဈေးကြီးနှင့် ငှက်ပျောသီး ဈေးဆိုင်များသို့ ဝင်ရောက်လျက်ရှိကြောင်း သိရှိရပါသည်။
ရခိုင်ငှက်ပျောပင်များကို (၀.၂၅) ဧက ပေါ်တွင် နွေရာသီတွင် စုစုပေါင်းငှက်ပျောပင်(၂၀၀)ခန့် စိုက်ပျိုးထားရှိကြောင်း၊ အပင်ကြီးမျိုးဖြစ်၍ တစ်ပင်နှင့် တစ်ပင် (၁၂ ပေ မှ၁၅ ပေ)အကွာ စိုက်ပျိုးထားရှိကြောင်း၊ရခိုင်ငှက်ပျောပျိုးပင်များ ဝယ်ယူစရိတ်၊ စိုက်ပျိုးခ၊ ပေါင်းသင်ရှင်းလင်း စိုက်ပျိုးခနှင့် သဘာဝမြေဩဇာမြေဆွေး(နွားချေး)တို့ အပါအဝင် စုစုပေါင်းကုန်ကျစရိတ်ကျပ် (၇)သိန်းခန့် ကုန်ကျကြောင်း၊ ယခုမိုးလယ်တွင်ရခိုင်ငှက်ပျောခိုင်များ ထွက်ရှိလျက်ရှိကြောင်း၊ နွေတွင်ရေပေးမှ အဆင်ပြေပြီး ထွက်အားနည်းကြောင်း၊ ယခုအချိန်တွင်ငှက်ပျောခိုင်များ တစ်ပတ် (သို့မဟုတ်) (၁၀) ရက်ခန့် အကြာတွင် အခိုင်(၂၀ မှ ၃၀)ထွက်ရှိပြီး သရက်မြို့ပေါ်ရှိငှက်ပျော လက်လီလက်ကားဆိုင်များသို့ တင်သွင်းရကြောင်း၊ ၂၀၂၆ခုနှစ်၊ ဇူလိုင်လ(ဒုတိယပတ်)တွင်ရခိုင် ငှက်ပျောခိုင် (ဂျွန်) တစ်ခိုင်လျှင် ကျပ်(၁၂၀၀၀-၁၅၀၀၀)ဖြင့် ရောင်းချရကြောင်း ငှက်ပျောစိုက် တောင်သူတစ်ဦးထံမှသိရှိရပါသည်။ ငှက်ပျောစိုက်တောင်သူများမှာလည်း အပတ်စဉ်ဝင်ငွေရ၍ ရောင်းချသူငှက်ပျောသီး လက်ကားဈေးသယ်မှာလည်း ယခုအချိန်တွင်ဈေးနှုန်းသင့်၍ ကျန်းမာရေးနှင့် ညီညွတ်သော ရခိုင်ငှက်ပျောသီးများ နေ့စဉ်ရောင်းချရပါကြောင်း ငှက်ပျောသီး(လက်လီ) ရောင်းချသူ ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။
DOCA(မကွေး)
