Main menu

ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပြည်ဈေးကွက်တွင် အရောင်းသွက်နေတဲ့ ရွှေဝါကန်စွန်းဥ

            ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့၊ စည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် ရွှေဝါကန်စွန်ဥများ ရောင်းချနေကြောင်းသိရှိရသည်။ ကန်စွန်းဥမျိုးများမှာ ရွှေဝါရောင်နှင့် ငချိတ်မျိုး ဟူ၍ (၂)မျိုးရှိရာ ယခုအချိန်တွင် ရွှေဝါရောင်ကန်စွန်းဥများသာ ဈေးကွက်တွင် ရောင်းချနေကြောင်းသိရပါသည်။ကန်စွန်းဥသည် ကျန်းမာရေးနှင့်ညီညွတ်သော အသီးအနှံတစ်မျိုးဖြစ်သောကြောင့် ရွှေဝါရောင်ကန်စွန်းဥများ ဈေးကွက်တွင် အရောင်းသွက်နေကြောင်းသိရပါသည်။

            ကန်စွန်းဥမှာ ဗီတာမင်အေ၊ ဗီတာမင်စီ၊ ပိုတက်စီယမ်၊ သတ္တုဓာတ်နှင့် အမျှင်ဓာတ်တွေပါဝင်လို့ ကျန်းမာရေးအတွက် အထူးသင့်တော်တဲ့ အစားအစာတစ်ခုပဲ ဖြစ်ပါသည်။ အမျှင်ဓာတ်ပါလို့ အစာအခြေစနစ်ကို အထောက် အကူပြုတဲ့အပြင် အဆာခံတဲ့အတွက် ခဏခဏ ဗိုက်ဆာတာ မဖြစ်တော့ပါဘူး၊ ကယ်လိုရီဓာတ်နည်းပါး သည့်အတွက် အရသာရှိတဲ့အပြင် ဝိတ်ချချင်သူတွေအတွက်လည်း အထူးသင့်လျော်တဲ့ သရေစာတစ်မျိုးလည်း ဖြစ်ပါသည်။ ကန်စွန်းဥကို ပြုတ်ပဲစားစား၊ ပေါင်းပဲစားစား၊ မီးဖုတ်ပြီးပဲစားစား၊ ရွှေကြည်လုပ် စားစား၊ ဆနွင်းမကင်း၊ သာကူတို့ထဲတွင်လည်း အတုံးလေးတွေထည့်ပြီး အသုံးပြုကြပါသည်။ ကန်စွန်းဥ ကို စိုက်ပျိုးခြင်းဖြင့် စိုက်ပျိုးတောင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ရောင်းဝယ်ဖောက်ကား သူများနှင့် ဒေသခံပြည်သူများအနေဖြင့်လည်း အလုပ်အကိုင်အခွင့်အလမ်း များစွာ ရရှိသောကြောင့် နှစ်စဉ်စိုက်ပျိုး လျက်ရှိကြောင်း သိရှိရပါသည်။ ရွှေဝါကန်စွန်းဥကို ပြည်မြို့အနီးတဝိုက်ရှိ ကျေးရွာများနှင့် တစ်ပိုင် တစ်နိုင်စိုက်ပျိုးသူများမှ ပြည်မြို့ မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင်ပေါ်ဦးပေါ်ဖျားရောင်းချလျက်ရှိကြောင်းသိရသည်။ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်းလည်းရပြီး အရောင်းအဝယ်ဖြစ် ကြောင်း သိရှိရပါသည်။ အရောင်းသွက်နေတဲ့ ရွှေဝါကန်စွန်းဥ အလုံးကြီးတစ်ပိဿာလျှင် ကျပ် (၇၀၀၀)၊ အလုံးသေးတစ်ပိဿာလျှင် ကျပ် (၆၀၀၀) ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)

 

ပြည်ဒေသထွက် အာဆီယံသပြေများ ဈေးကောင်းရရှိ

           ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ အောင်ဆန်းရပ်ကွက်နှင့် တောင်ခွေးရဲကျေးရွာ၊ ပျဉ်းပင်ကိုင်းကျေးရွာတို့တွင် အာဆီယံသပြေပန်းများကို စီးပွားဖြစ် စိုက်ပျိုးထားကြောင်းသိရသည်။ အာဆီယံသပြေများ ဖြစ်ထွန်းအောင်မြင်လျက်ရှိပြီး နေ့စဉ်ဝင်ငွေ ရရှိသောကြောင့် သပြေပန်း စိုက်သူများ အဆင်ပြေလျက်ရှိကြောင်းသိရသည်။ အာဆီယံသပြေသည် ရဲရဲနီသော ရွက်သစ်အညွန့် များကြောင့် ကြည့်ရဆန်းပြီး ကျက်သရေရှိသည့် နှစ်ရှည်သပြေပင် အမျိုးအစားဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ် ထားရာ သပြေပန်းအညွန့်များကို စီးပွားဖြစ် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပြီး နေ့စဉ်ပုံမှန်ဝင်ငွေ ကောင်းမွန်သော အလှစိုက်နှင့် ဘုရားပန်းရောင်းတန်းဝင် အပင်တစ်မျိုးဖြစ်ပါသည်။

          အာဆီယံသပြေပန်းများကို ရာသီမရွေး စိုက်ပျိုးကြသည်။ အာဆီယံသပြေသည် နှစ်ရှည်ပင် အမျိုးအစားဖြစ်ပါသည်။ အာဆီယံသပြေကို စီးပွားဖြစ်စိုက်ပျိုးပါက တစ်နေ့ (၂)ကြိမ် ရေလောင်း ပေးရပါသည်။ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ရေလောင်းပါက လုံလောက်ပါသည်။အာဆီယံ သပြေသည်  စစိုက်ပျိုးချိန်မှ (၈)လမှ (၁)နှစ်ခွဲအကြာတွင် ဈေးကွက်အတွင်းသို့ တင်ပို့ရောင်းချ နိုင်ပါသည်။ အာဆီယံသပြေအညွန့်များကို (၁၅)ရက်တစ်ကြိမ် ဖြတ်တောက်ရောင်းချလို့ရနိုင် ကြောင်းသိရပါသည်။ အာဆီယံသပြေများ စိုက်ပျိုးရောင်းချရာတွင် အောင်အတိတ်၊ အောင်နမိတ် ပန်းဖြစ်သည့်အပြင် ကုန်ကျစရိတ် သက်သာခြင်း၊ နှစ်ရှည်ပင်ဖြစ်ခြင်းတို့ကြောင့် စိုက်ပျိုးသူများ များပြားလာကြောင်းသိရသည်။ ပြည်မြို့တွင်းရှိ (Plant Zone)ပျိုးပင်ရောင်းဝယ်ရေးတွင် အာဆီယံပျိုးပင်များရောင်းချနေပြီး ရောင်းဈေးမှာ အမြင့် (၂/၃)ပေ ဝန်းကျင်ရှိ သပြေပင်ပေါက် တစ်ပင်လျှင် (၂၅၀၀၀)ကျပ်ဖြင့် ရောင်းချကြောင်းသိရသည်။ ပြည်မြို့ဈေးကွက်တွင် အာဆီယံ သပြေပန်းအညွန့် အစည်း တစ်စည်းလျှင် (၁၀)ညွန့် ပါဝင်ပြီး တစ်စည်းလျှင် (၅၀၀)ကျပ်ဖြင့် ဈေးကွက်အတွင်း ရောင်းချနေကြောင်း သိရသည်။

DOCA(ပဲခူး)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇,၁၇၉ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

      စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂8 ရက်နေ့မှ စက်တင်ဘာလ ၃ ရက်နေ့အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ,၁၇၉ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ က အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။       

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

 

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၂၇-၈-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၂၇ -၈ -၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

ကရင်ပြည်နယ်အတွင်း ကြက်ဥဝင်ရောက်မှုနှင့် ဈေးနှုန်းအခြေအနေ

          ကရင်ပြည်နယ်အတွင်း စားသုံးသူများ၏ နေ့စဉ်စားသုံးမှုအတွက် ကြက်ဥများကို တောင်ကြီး ဈေးကွက်မှ ဝယ်ယူတင်သွင်း၍ ဘားအံမြို့နှင့် ဒေသတွင်းဈေးးကွက်များသို့ ဖြန့်ဖြူးရောင်းချလျက်ရှိ ကြောင်းသိရသည်။ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ကားကြီးဝင်းလမ်းရှိ ဦးသန်းထွန်းမင်း၏ ရွှေမင်း သားကြက်ဥအဝယ်ဒိုင်သို့ ကွင်းဆင်းစစ်ဆေးရာတွင် ကြက်ဥများကို တောင်းကြီးဈေးကွက်မှ ဝယ်ယူ တင်သွင်းပြီး တစ်ဆွဲလျှင် ၁၃၀,၀၀၀ ကျပ်ခန့်ကျသင့်ကာ ကားသယ်ယူစရိတ်အနေဖြင့် တစ်ဆွဲလျှင် ၈၀,၀၀ကျပ်ခန့် ကုန်ကျကြောင်း သိရသည်။

          အဆိုပါကြက်ဥအဝယ်ဒိုင်တွင် တစ်နေ့လျှင် အဆွဲ၅၀ခန့် ဝင်ရောက်ပြီး တစ်တွဲလျှင် ကဒ် ၁၀ ကဒ်၊ တစ်ကဒ်လျှင် ကြက်ဥ ၃၀ လုံး ပါဝင်ကြောင်းသိရသည်။ လက်ရှိဈေးကွက်အတွင်း လက်ကားဈေးနှုန်းမှာ ကြက်ဥတစ်လုံးလျှင် ၅၀၀ ကျပ်ခန့်၊ လက်လီဈေးနှုန်းမှာ ၅၅၀ ကျပ်ခန့်ဖြင့် ရောင်းချလျက်ရှိပြီး တစ်လလျှင် အနည်းဆုံးပျမ်းမျှအမြတ် ငွေ ၃ သိန်းကျပ်ခန့် ရရှိကြောင်း သိရသည်။ ထို့အပြင် ရက်(၂၀) ကြက်ဥ တစ်ကီလိုဂရမ်လျှင် ၁၅၅,၀၀၀ကျပ်နှင့် ရက်(၁၉)ကြက်ဥ တစ်ကီလိုဂရမ် ၁၅၀,၀၀၀ကျပ်ခန့်ဖြင့် ရောင်းဝယ်လျက်ရှိပြီး ဖောက်သည်ဈေးနှုန်းမှာ ၁,၀၅၀,၀၀၀ ကျပ်ခန့်ရှိကြောင်း သိရသည်။

          ကရင်ပြည်နယ်အတွင်း ကြက်ဥဝင်ရောက်မှု၊ သယ်ယူစရိတ်နှင့် ဈေးနှုန်းအခြေအနေများကို သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး စားသုံးသူများအနေဖြင့် သင့်တင့်မျှတ သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးနှင့် ဈေးကွက်အတွင်း ကြက်ဥများ ပုံမှန်ဝင်ရောက်ဖြန့်ဖြူးနိုင် ရေးတို့အတွက် ဈေးကွက်အခြေအနေများကို  ဆက်လက်စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

DOCA(ကရင်)

 

ကရင်ပြည်နယ်ဒေသထွက် သံပရာသီးဈေးနှုန်း

         ကရင်ပြည်နယ်ထွက် သံပရာသီး စိုက်ဧကတိုးတက်လာပြီး ဒေသတွင်း ကုန်သွယ်မှုသွက် လက်လျက်ရှိသည်။

          ကရင်ပြည်နယ်အတွင်း သံပရာသီးကို မိသားစုတစ်နိုင်တစ်ပိုင်မှစီးပွားဖြစ်  စိုက်ပျိုးထုတ်လုပ် ကြသည်။  ယခုနှစ်တွင် စိုက်ပျိုးဧကပိုမိုကျယ်ပြန့်လာပြီး ဒေသတွင်းနှင့်ပြည်နယ်မြို့ကြီးများသို့ တင်ပို့ရောင်းချမှုများပြားကာ ဈေးကွက်ခိုင်မာလျက်ရှိသည်။ ကရင်ပြည်နယ် တစ်ခုလုံးတွင် သံပရာသီး  စိုက်ပျိုးဧက စုစုပေါင်း ၈,၅၀၀ ဧက ကျော်ရှိပြီး ရေမြေရာသီဥတု သင့်တော်သည့် ဘားအံ၊ လှိုင်းဘွဲ့နှင့် ကြာအင်းဆိပ်ကြီးမြို့များတွင် အများဆုံးစိုက်ပျိုးကြသည်။ သံပရာသီးပင်ကို စိုက်ပျိုးရာတွင် တစ်ဧကလျှင် ပင်ကြားတန်းကြား (၁၂)ပေ အကွာအဝေးဖြင့် အပင်ရေ(၂၅၀မှ ၃၀၀) ကျော်အထိ စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးပြီး (၂)နှစ်ကျော်မှစ၍ အသီးခူးဆွတ်နိုင်ပြီး တစ်ဧကလျှင် တစ်နှစ်ပတ်လုံး ပျမ်းမျှသံပရာသီး အလုံးရေ ( ၂၅၀၀၀ )အထိ ထွက်ရှိသည်။ သံပရာသီးကို မိုးရာသီ (ဇွန်လမှအောက်တိုဘာလ)အထိထွက်သည်။

          ဈေးကွက်အတွင်းပေါ်ဦးပေါ်ဖျားဈေးနှုန်းများ ရာသီလိုက် အသီးလှိုင်လှိုင်ထွက်ချိန်နှင့် အသီး ရှားပါးချိန်ပေါ်မူတည်၍ ဈေးနှုန်းကွာခြားချက်ရှိသော်လည်း လက်ရှိဒေသတွင်း ကုန်စိမ်းဒိုင် ဈေးနှုန်းများမှာ လက်ကားဈေး (ဒိုင်ဈေး) သံပရာသီးဆိုဒ်ကြီးတစ်လုံးလျှင် ၁၀၀ မှ ၁၅၀ ကျပ်၊ လက်ကားဈေး (ဒိုင်ဈေး) သံပရာသီး ဆိုဒ်သေး တစ်လုံးလျှင် ၅၀ မှ ၁၀၀ ကျပ်နှင့် လက်လီဈေး (ဈေးကွက်) တွင် သံပရာသီး အရွယ်အစားပေါ်မူတည်၍ ၃လုံးလျှင် (၅၀၀ ကျပ် မှ ၁ လုံးလျှင် ၂၀၀) ကျပ် အထိရောင်းချကြသည်။

          ကရင်ပြည်နယ်ထွက် သံပရာသီးများကို ဒေသတွင်း စားသုံးမှုအပြင်ပြည်နယ်တွင်း ဖြစ်သည့် ဘားအံမြို့၊ မြဝတီမြို့၊ ကော့ကရိတ်မြို့၊ ကြာအင်းဆိပ်ကြီးမြို့ နှင့် ပြည်နယ်ပြင်ပတင်ပို့မှုများမှာတော့ ရန်ကုန်၊မော်လမြိုင်၊ ပဲခူးမြို့တို့ဖြစ်ပါသည်။ ကရင်ပြည်နယ်ထွက် သံပရာသီးသည် အရည်ရွှမ်းပြီး အနံ့မွှေးသည့်အတွက် ပြည်နယ်ပြင်ပ ဈေးကွက်များတွင် ဝယ်လိုအား ကောင်းမွန်လျက်ရှိရာ ဒေသခံစိုက်ပျိုးရေးတောင်သူများအတွက် ပုံမှန်ဝင်ငွေရရှိစေသည့် သီးနှံတစ်ခုဖြစ်လာကြောင်း သိရသည်။

DOCA(ကရင်)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၂၅-၈-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၂၅ -၈ -၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

ကန့်ဘလူမြို့နယ် ပဲဈေးကွက်၌ မတ်ပဲသီးနှံဈေးနှုန်း ဆက်လက်မြင့်တက်လာ

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲစင်းငုံ၊ မတ်ပဲနှင့် ပဲမျိုးစုံ စသည့်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ နိုင်ငံခြားဝင်ငွေရှာဖွေပေးနေသည့် ပြည်ပပို့ကုန် မတ်ပဲသီးနှံကို ကန့်ဘလူမြို့နယ် မြေထူးကျေးရွာ၊ ထန်းကုန်းကျေးရွာနှင့် အခြားသောကျေးရွာများတွင် စိုက်ပျိုးလျက်ရှိကြောင်း ကြေးတိုင်နှင့် မြေစာ ရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

       ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ဈေးနှုန်းများမှာ မတ်ပဲ တစ်တင်းလျှင် ၈၉၀၀၀ ကျပ်၊ မတ်ပဲ(ဂျပန်)တစ်တင်းလျှင် ၉၂၀၀၀ ကျပ်နှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ယခင်ဇူလိုင်လ တတိယပတ်၏ ဈေးနှုန်းများမှာ မတ်ပဲတစ်တင်းလျှင် ကျပ် ၈၀၀၀၀ နှင့်မတ်ပဲ(ဂျပန်)တစ်တင်းလျှင် ကျပ် ၉၂၀၀၀ ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခင်လနှင့် ယခုလဈေးနှုန်းနှိုင်းယှဉ်ပါက ဩဂုတ်လ တတိယပတ်အတွင်း မတ်ပဲတစ်တင်းလျှင် ကျပ် ၉၀၀၀ ဈေးနှုန်းမြင့်တက်လာကြောင်းနှင့် မတ်ပဲ(ဂျပန်)မှာ ဈေးနှုန်းတည်ငြိမ်လျက်ရှိကြောင်း၊ မတ်ပဲသီးနှံ များကို မန္တလေးမြို့ရှိပွဲရုံများ၊ ကုန်စည်ဒိုင်များသို့ တင်ပို့ရောင်းချကြောင်း၊ မန္တလေးပဲဈေးကွက်၏ အရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်းအတက်၊အကျပေါ် မူတည်၍ ဈေးနှုန်းပြောင်းလဲမှု ပြုလုပ်ကြောင်း သီးနှံရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ် ပဲဈေးကွက်၌ ယခင်လထက်  ပဲတီစိမ်းဈေးနှုန်း အနည်းငယ်မြင့်တက်လာ

          စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်း ကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကို စိုက်ပျိုးကြောင်း၊ ကြေးတိုင်နှင့် မြေစာ ရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။

      ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၇၈၀၀၀၊ ပဲတီစိမ်း (ထွက်တိုး)တစ်တင်းလျှင် ကျပ် ၈၂၀၀၀ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ယခင်ဇူလိုင်လ တတိယပတ် ဈေးနှုန်းများမှာ ပဲတီစိမ်းတစ်တင်းလျှင်  ကျပ် ၇၇၀၀၀ နှင့် ပဲတီစိမ်း (ထွက်တိုး)တစ်တင်းလျှင် ကျပ် ၈၂၀၀၀ နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဈေးနှုန်းအတက် အကျနှိုင်းယှဉ်ပါက ကန့်ဘလူပဲမျိုးစုံဈေးကွက်၌ ယခုလအတွင်း ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၁၀၀၀ ဈေးနှုန်းမြင့်တက်ခဲ့ပြီး  ပဲတီစိမ်း(ထွက်တိုး)မှာ ဈေးနှုန်းတည်ငြိမ်နေကြောင်း၊ မန္တလေးမြို့ရှိ ကုန်စည်ဒိုင်နှင့် ပွဲရုံများကို တင်ပို့ရောင်းချလျက်ရှိပြီး ဈေးနှုန်းတည်ငြိမ်ပါက စိုက်ပျိုးသူတောင်သူ များအတွက် အကျိုးအမြတ်ပိုမိုရရှိမည်ဖြစ်ကြောင်း သီးနှံပွဲရုံများထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၏ ယခင်လနှင့် ယခုလ ပဲစင်းငုံဈေးနှုန်းအတက်/အကျနှိုင်းယှဉ်ချက်

    မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်သည့် နိုင်ငံဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီသည့် ပဲစင်းငုံသီးနှံကို အဓိကစိုက်ပျိုးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီး ဌာန၏ စာရင်းများအရ သိရသည်။

     ဒေသတွင်းဈေးကွက်၌ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ပဲစင်းငုံနီတစ်တင်းလျှင် ကျပ် ၉၀၀၀၀၊ ပဲစင်းငုံဖြူ တစ်တင်းလျှင် ကျပ် ၇၉၀၀၀ နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်း၊ ယခင်ဇူလိုင်လ တတိယပတ်ဈေးနှုန်းများမှာ ပဲစင်းငုံနီတစ်တင်းလျှင် ကျပ် ၉၃၀၀၀နှင့် ပဲစင်းငုံဖြူတစ်တင်းလျှင် ကျပ် ၈၃၀၀၀ ဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ရာ ယခင်လနှင့် ယခုလဈေးနှုန်း အတက်/အကျနှိုင်းယှဉ်ပါက ယခုလတတိယ ပတ်အတွင်း ပဲစင်းငုံနီတစ်တင်းလျှင် ကျပ် ၃၀၀၀နှင့် ပဲစင်းငုံဖြူတစ်တင်းလျှင် ကျပ် ၁၄၀၀၀ ဈေးနှုန်းကျဆင်းသွားကြောင်း၊ ကန့်ဘလူဒေသထွက် သီးနှံများကို မန္တလေးမြို့ရှိ ပွဲရုံများနှင့် ကုန်စည်ဒိုင်သို့ တင်ပို့ရောင်းချလျက်ရှိသောကြောင့် ဒေသတွင်းဈေးကွက်၏ ဈေးနှုန်းအတက်/အကျမှာ  မန္တလေး ဈေးကွက်အပေါ်မူတည်ကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း