
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်၊ သစ်စိမ့်၊ထနောင်းတောကျေးရွာတွင် နှမ်းနှင့်ပဲမျိုးစုံသီးနှံများကို အဓိက စိုက်ပျိုးကြပြီး ဟင်းသီးဟင်းရွက်သီးနှံများလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးလျက်ရှိရာ ညောင်ဖြူပင်ကျေးရွာတွင် ရွှေဖရုံသီး စိုက်ဧက ၅ ဧကခန့် စိုက်ပျိုးထားရှိကြောင်း သိရသည်။
ရွှေဖရုံသီးကို ဇူလိုင်လတွင် စတင်စိုက်ပျိုး၍ အောက်တိုဘာလတွင် အသီးရင့်မှည့်ကာ ခူးဆွတ်နိုင်ကြောင်း၊ မျိုးအနေဖြင့် အလုံးပြား ရွှေဖရုံသီးမျိုးကို စိုက်ပျိုးကြပြီး တစ်ဧကလျှင် မျိုးစေ့ ၁၀၀ ဂရမ်ပါအထုပ် ၁၆ ထုပ်ခန့် ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးပြီး တစ်ပေခွဲအကွာ ကျင်းများတူး၍ အစေ့ချစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် ငွေကျပ် ၁၅ သိန်းခန့် ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် အလုံးရေ ၁၅၀၀- ၁၇၀၀ ခန့် ထွက်ရှိပြီး ဈေးနှုန်းအနေဖြင့် ဩဂုတ်လ စတုတ္တပတ်တွင် ရွှေဖရုံသီးတစ်လုံးလျှင် အကြီး၊ အသေးအပေါ်မူတည်၍ လက်ကားဈေး ငွေကျပ် ၁၀၀၀-၂၀၀၀-၄၀၀၀ ဖြင့် ရောင်းချရပြီး အကျိုးအမြတ်အနေဖြင့် တစ်ဧကလျှင် ငွေကျပ် ၁၅ သိန်းခန့် ရရှိကြောင်း၊ ဈေးကွက် အနေဖြင့် လက်လီလက်ကားကုန်စိမ်းသည်များမှ စိုက်ခင်းအထိ လာရောက် ဝယ်ယူကြပြီး မုံရွာမြို့ပေါ်ရှိ ကုန်စိမ်းပွဲရုံများသို့ တင်ပို့ရောင်းချကြကြောင်း၊ ရွှေဖရုံသီးပင် စိုက်ပျိုးခြင်းသည် အသီးများသာမက အညွန့် (အရွက်)များပါ ရောင်းချရသောကြောင့် အပိုဝင် ငွေများရရှိပြီး စျေးနှုန်းကောင်းမွန်သောကြောင့် တောင်သူများအနေဖြင့် အကျိုးအမြတ် များပိုမို ရရှိမည်ဖြစ်ကြောင်း သိရသည်။
DOCA(စစ်ကိုင်း)
