ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မအူပင်ခရိုင်၏ အရည်အသွေးမြင့် စပါးစိုက်ပျိုးရေးနှင့် ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုမှ ဆန်/ ဆန်ကွဲ ပြည်တွင်း/ ပြည်ပ တင်ပို့ဆောင်ရွက်လျက်ရှိ

       မအူပင်ခရိုင်အတွင်းရှိ မအူပင်၊ ပန်းတနော်၊ ညောင်တုန်းနှင့် ဓနုဖြူမြို့နယ်များ၌ ၂၀၂၅-၂၀၂၆ ခုနှစ်ထွက် မိုး/နွေစပါး၊ ဆန်နှင့် မတ်ပဲဈေးကွက်အခြေအနေများကို မအူပင်ခရိုင် စားသုံးသူရေး ရာဦးစီးဌာနက ဩဂုတ်လအတွင်း ကွင်းဆင်းစောင့်ကြည့် စုံစမ်းခဲ့ရာ လက်ရှိဈေးကွက်အတွင်း ကုန်စည်များ လုံလောက်စွာရှိပြီး အရောင်းအဝယ်များ ပုံမှန်ဖြစ်ပေါ်လျက်ရှိသဖြင့် ဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း သိရသည်။

       ကွင်းဆင်းစုံစမ်းချက်များအရ ၂၀၂၆ခုနှစ် ဩဂုတ်လလည်ပိုင်းက (၄၆)ပေါင် စပါးတင်း (၁၀၀) ဈေးနှုန်းများမှာ ပေါ်ဆန်းစပါး ကျပ် (၃,၀၃၆,၀၀၀) ဝန်းကျင်၊ ဧည့်မထ(မိုး) ကျပ် (၂,၀၂၄,၀၀၀) မှ (၂,၀၅၁,၆၀၀) အတွင်းနှင့် ဧည့်မထ(နွေ) ကျပ် (၁,၉၇၈,၀၀၀) မှ (၂,၀၃၃,၂၀၀) အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ အလားတူ (၁၀၈)ပေါင် ဆန်(၁)အိတ် ဈေးနှုန်းများမှာ ပေါ်ဆန်းဆန် ကျပ် (၁၅၆,၀၀၀) မှ (၁၅၇,၅၀၀) အတွင်း၊ ဧည့်မထ(မိုး)လတ်စ ကျပ် (၈၅,၀၀၀) မှ (၈၆,၅၀၀) အတွင်းနှင့် ဧည့်မထ(နွေ)လတ်စ ကျပ် (၇၅,၀၀၀) မှ (၇၆,၅၀၀) အတွင်းဖြင့် တည်ငြိမ်စွာ အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ထို့ပြင် မတ်ပဲဈေးကွက်အခြေအနေအရ မြို့နယ်အလိုက် တစ်တင်းလျှင် ကျပ် (၁၀၁,၀၀၀) မှ (၁၀၁,၈၀၀) အတွင်း ဈေးနှုန်းဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိပြီး ဈေးနှုန်းအပြောင်းအလဲ ကြီးမားမှုမရှိ ကြောင်း သိရသည်။

        မအူပင်ခရိုင်မှ ဆန်နှင့် ဆန်ကွဲ၊ ပေါင်းဆန်၊ မတ်ပဲ၊ ပဲတီစိမ်း၊ အစေ့ထုတ်ပြောင်း များကို ၂၀၂၆ခုနှစ် ၁လပိုင်းမှ  ဇူလိုင်လ အထိ ပြည်ပနိုင်ငံများသို့ တင်ပိုလျက်ရှိပြီး ဇူလိုင်လ ၁လအတွင်း ဆန် ၁၃၀၄၉တန် စုစုပေါင်း  ဆန် တန် ၇၃၀၂၅ တန်ကိုလည်းကောင်း  ဆန်ကွဲကို ဇူလိုင်လ ၁လအတွင်း ၁၆၉၀တန် စုစုပေါင်း ဆန်ကွဲ များကို (၂၇၀၄၄)တန် ကိုလည်းကောင်း၊ ပေါင်းဆန်ကိုဇူလိုင်လ ၁လအတွင်း  ၂၅၀တန် ကိုလည်းကောင်း၊ စုစုပေါင်း ပေါင်းဆန် များကို (၁၀၀၀) တန်၊ တင်ပို့ပြီး ကြောင်း သိရသည်။

        မတ်ပဲ ကို ဇူလိုင်လ ၁လအတွင်း ၈၉၀၀၀တန်ကိုလည်းကောင်း ၇လအတွင်း မတ်ပဲစုစုပေါင်း  ၉၇၀၀၀ တန်၊ ပဲတီစိမ်းကို ၁လအတွင်း ၆၀တန် ပဲတီစိမ်း စုစုပေါင်း ၁၀၆၀ တန်ကိုလည်းကောင်း၊ အစေ့ ထုတ်ပြောင်းကို ၁လအတွင်း ၂၄၈၄၃ တန်ကိုလည်းကောင်း၊ စုစုပေါင်း တင်ပို့နိုင်မှုတန် ၃၈၀၄၃ တန် တင်ပို့ကြောင်း၊ နယ်မြေစာရင်း အရ သိရှိရပါသည်။    

DOCA(ဧရာဝတီ)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇,၁၇၉ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

 

      စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့မှ 1၇ ရက်နေ့အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ,၁၇၉ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ က အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

 

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၁၀-၉-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၁၀ -၉ -၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

“ဆေးဖက်ဝင်သည့်ပင်စိမ်းနှင့်ဈေးနှုန်းဈေးကွက်”

             ပင်စိမ်းပင်ကို အင်္ဂလိပ်အမည် BASIL ဟုခေါ်ပါသည်။ ပင်စိမ်းသည် မျိုးစုများစွာရှိပြီး မျိုးစု ကွဲပြားသည်နှင့်အမျှမျိုးစိတ်နှင့် မျိုးရင်းလည်း မတူကွဲပြားခြားနားသွားသည်။ အများစုအသုံးပြုကြ သည့်မျိုးရင်းမှာ ပင်စိမ်းမွှေးများဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ပင်စိမ်းမွှေး၊ ပင်စိမ်း ပန်းညိုတို့ရှိကြ ပါသည်။ ပင်စိမ်းပင်သည် စိုက်ပျိုးရလွယ်ကူပြီး နေရာဒေသ၊ ရေမြေမရွေး ပေါက်ရောက်နိုင်ပါသည်။ တစ်ကြိမ်စိုက်ပျိုးလျှင် အပင်များပွားလာပြီး အပင်များများစွာ ပေါက်လာ ပါသည်။ ကျွန်တော်တို့ မြန်မာနိုင်ငံ စားသောက်ဆိုင်အတော်များများတွင် ပင်စိမ်းကို ကြက်သားနှင့် တွဲဖက်၍ ကြက်ပင်စိမ်း ဟင်းလျာ၊ ကြက်ပင်စိမ်းသောက်ဆမ်းဟင်းလျာများဖြင့် များစွာစားသုံးလေ့ ရှိကြပါသည်။ ပင်စိမ်းကို ကောက်ရိုးမှို၊ မှိုဖြူ၊ မှိုအုန်းနက်တို့ဖြင့်လည်းတွဲဖက်၍ များစွာစားသုံးကြပါသည်။ ပင်စိမ်းပင်သည် အနံ့ပြင်းပြီး မြန်မာနိုင်ငံတွင် ပင်စိမ်းဖြူ(ဟင်းစားပင်စိမ်း) ပင်စိမ်းနက် ၊ ပင်စိမ်းမွှေး၊ ပင်စိမ်းညို၊ ပင်စိမ်းကြီးတို့ ပေါက်ရောက်ကြပါသည်။ ၎င်းတို့တွင်ပါရှိသော အာနိသင် တစ်မျိုးနှင့်တစ်မျိုး အနည်းငယ်ကွာခြားသော်လည်း ပင်စိမ်းမှန်သမျှ ကျန်းမာရေးအတွက် ဆေးဖက်ဝင်သော အပင်များ ဖြစ်ပါသည်။ ပင်စိမ်းပင်သည် အပူပိုင်းဒေသများတွင် ပိုမို၍စိုက်ပျိုး ဖြစ်ထွန်းသော ဆေးဖက်ဝင် ဆေးပင်ဖြစ်ပါသည်။ ပင်စိမ်းပင်ကို စနစ်တကျစိုက်ပျိုးပါက တန်းကြား (၂-၃) ပေနှင့် ပင်ကြားတစ်ပေ ထား၍ စိုက်ကျင်းတစ်ကျင်းလျှင် မျိုးစေ့ (၁၀)စေ့ခန့်ချ၍ စိုက်ကြပါသည်။ ပင်စိမ်းပင်သည် ဓါတ်မြေဩဇာလည်းထူးကဲကျွေးရန်မလို၊ အပင်ပြုစုမှုလည်း လိုအပ်မှုနည်းပါသည့် အပင်မျိုးဖြစ်ပါ သည်။ စီးပွားဖြစ်စိုက်လျှင်မူ ပေါင်းရှင်းခ၊ မြေဆွ၊ မြေဩဇာကျွေးပေးနိုင်လျှင် ပိုကောင်းပါသည်။ ပင်စိမ်းပင်သည် အရွက်နှင့် အစေ့သာမက တစ်ပင်လုံး မြစ်၊ ခေါက်၊ ပွင့်၊ အသီး အားလုံးအသုံးဝင် ပါသည်။ လူတို့အတွက် ကျန်းမာရေး ဓါတ်စာသာမက တိရိစ္ဆာန်များ ရောဂါကုထုံး အတွက်လည်း အသုံးဝင်ပါသည်။ အများစုသည် ပင်စိမ်းပင်ကို ဟင်းခတ်အမွှေးအကြိုင်ဖြင့်သာ အသုံးပြုကြပါ သည်။ ပင်စိမ်းအစေ့သည် ဖျားနာရောဂါကို ကုသပျောက်ကင်းသည့်အပြင် အပူငြိမ်းစေပြီး ဆီးရွှင် စေ၍ ဆီးရောဂါတို့ကို ပျောက်ကင်း‌စေပါသည်။ ထို့အပြင် အသည်းရောဂါ၊ သွားကိုက်၊ သွားဖုံးရောင်၊ လေရောဂါ၊ သလိပ်ကပ်ခြင်းတို့ကို ပျောက်ကင်းစေပြီး ပင်စိမ်းပင်ကို တစ်ပင်၊ နှစ်ပင် တစ်ပိုင်တစ်နိုင်မှ စိုက်ခင်းကြီးများအထိ စိုက်ပျိုးကြကြောင်း၊ စျေးနှုန်းအနေဖြင့် ပင်စိမ်းပင်(၃)ပင်စီး တစ်စည်းလျှင် (၃၀၀/-)ကျပ်စျေးနှုန်းများဖြင့်ရောင်းဝယ်လျှက်ရှိကြောင်း သိရှိရပါသည်။   

DOCA(မန္တလေး)

        

“ကန်စွန်းဥဈေးနှုန်းဈေးကွက်”

            ကျောက်ဆည်ခရိုင်အတွင်းရှိ အေးမြကြည်လင်ဈေးနှင့် မြို့မဈေးများသို့ ရာသီစာဖြစ်သော ပိန်းဥများ ဈေးကွက်သို့စတင်ဝင်ရောက်လာပြီး ဒေသခံစားသုံးသူများ၏ ဝယ်ယူမှုဖြင့် အရောင်းအဝယ် သွက်လက်လျက်ရှိကြောင်း၊ ကန်စွန်ဥများကို စားသုံးသူများက ပြုတ်၍ဖြစ်စေ နှစ်သက်စွာစားသုံး လျက်ရှိကြောင်း၊ ကန်စွန်းဥသည် သွေးလည်ပတ်မှုကောင်းစေခြင်း၊ ကိုယ်ခံအားစနစ်မြှင့်တင်ပေးခြင်း၊ မျက်စိကျန်းမာရေးကောင်းစေခြင်းစသည့် ကျန်းမာရေးကောင်း ကျိုးများစွာပါဝင်သည့် ရာသီစာ ဟင်းသီးဟင်းရွက် တစ်မျိုးလည်းဖြစ်ကြောင်း၊ ဈေးနှုန်းအနေဖြင့် လက်ကားဈေး တစ်ပိဿာလျှင် (၁၅၀၀/-)ကျပ်၊ လက်လီဈေး တစ်ပိဿာလျှင် (၂၀၀၀/-) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ကန်စွန်းဥကို   သက်သတ်လွတ်ဟင်းလျာအဖြစ် အာဟာရပြည့်ဝစွာ သုံးဆောင်နိုင်သလို မိမိ နှစ်သက်ရာ အသားတစ်မျိုးမျိုး  (သို့မဟုတ်ငါး (သို့မဟုတ်) ပုစွန်ဖြင့်ရော ချက်၍လည်းကောင်း၊ စွပ်ပြုတ်အဖြစ်လည်းကောင်း စားသုံးနိုင်ကြောင်း၊ ကန်စွန်းဥကိုပြုတ်၍ ဆီ၊ ဆားဖြင့်စားခြင်း သည်  အလွယ်ကူဆုံးသော စားသုံးနည်းဖြစ်ပြီး ကလေး၊ လူကြီးအားလုံး ကြိုက်သော သရေစာ တစ်မျိုးလည်းဖြစ်ကြောင်း၊ တိုးတက်ခေတ်မီသောနိုင်ငံများတွင် ကန်စွန်းဥများ ဈေးကွက် ဝင်ရောက် လာခြင်းနှင့်အတူ ဒေသခံစားသုံးသူများအနေဖြင့် ဈေးနှုန်းသင့်တင့်စွာဖြင့် ဝယ်ယူစားသုံးနိုင်ခြင်း ကြောင့် ရောင်းအားကောင်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

“ဝါးပိုးမျှစ်ချဉ်များစတင်ထွက်ပေါ်”

        မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ကျောက်ဆည်မြို့ဈေးများသို့ ဒေသထွက်နှင့်အခြားအရပ်ဒေသများမှ ရာသီပေါ် ဟင်းသီးဟင်းရွက် သစ်သီးဝလံများ လာရောက်ရောင်းချလျှက်ရှိရာ ယခုလို မိုးတွင်းကာလတွင် မျှစ်များထွက်ပေါ် လျှက်ရှိရာ သဘာဝအလျောက်တောင်များပေါ်တွင် အလေ့ကျပေါက်ရောက်သော ဝါးပင်များမှ ယခုလို မိုးရာသီတွင် မျှစ်အနုလေးများထွက်ပေါ်လျှက်ရှိပါကြောင်း၊ ခရိုင်အတွင်း ကျောက်ဆည် မြို့နယ်တွင် တောင်တော်ရွာ၊ ကင်းရွာ၊ ကျေးရွာများမှ မျှစ်များထွက်ရှိရာရွာများ ဖြစ်ပါကြောင်း၊ မျှစ်များကို ရွာအနီးပတ်ဝန်းကျင်တောင်များတွင် သွားရောက်ချိုးယူ၍ရောင်းချခြင်းဖြင့် အသက်မွေး ဝမ်းကြောင်းပြုကြကြောင်း၊ မျှစ်များကို ရာသီချိန်တင်မကဘဲ အချိန်မရွေးစားသုံးနိုင်အောင် အချဉ်တည် ပြီး သိုလှောင်ကြပါကြောင်း၊  ဝါးအမျိုးပေါင်း ရာကျော်ရှိသည်ဖြစ်ရာ မျှစ်ကို စားကုန်အဖြစ်သာမက ရောင်းကုန်အဖြစ်ပါ စီပွားဖြစ်လုပ်ကိုင်ကြပါကြောင်း၊ ဇွန်လနှင့် ဇူလိုင်လများတွင် မျှစ်များပေါ်သည့် ရာသီဖြစ်ပြီး ယခုအချိန်တွင် မြို့နယ်တွင် မျှစ်များထွက်ရှိမှုမရှိသေးသော်လည်း ရွာငံ ၊ ရေဦး၊ မြို့ကြီး ဒေသများမှ ကျောက်ဆည်မြို့ပေါ်ရှိဈေးများသို့ မျှစ်အသစ်များ ဝင်ရောက်လျှက်ရှိကြောင်း၊ မျှစ်အမျိုးအစားအနေဖြင့် ဝါးပိုးမျှစ်ချဉ်ဖြစ်ပြီး ဈေးနှုန်းအနေဖြင့် လက်ကားတစ်ပိဿာလျှင် (၃၀၀၀/-)ကျပ်ဖြင့် ရောင်းချပေးပြီး၊ လက်လီတစ်ပိဿာလျှင် (၃၅၀၀-၄၀၀၀)ကျပ်ဖြင့် ရောင်းချပါ ကြောင်း၊ မျှစ်ကို အစိမ်းအတိုင်း မျှစ်ဆတ်အဖြစ်စားကြသလို အချဉ်တည်၍ မျှစ်ချဉ်အဖြစ်လည်း စားသုံးကြပါကြောင်း၊ ပျဉ်းမနား တောင်ညိုဒေသများမှ မျှစ်ချဉ်များမှာ နာမည်ကြီး မျှစ်ချဉ်များ ဖြစ်ပါကြောင်း၊ တင်းဝါး၊ မျှင်ဝါး၊ ဝါးစိမ်း၊ ကြခတ်စသော ဝါးအမျိုးများထက် ဝါးပိုးမျှစ်စို့ကို အချဉ်စိမ်၍ လုပ်ရသော ဝါးပိုးမျှစ်ချဉ်ကို ပို၍လူကြိုက်များကြပါကြောင်း၊ မျှစ်ချဉ်ကို ပုံစံအမျိုးမျိုး၊ ဟင်းလျာအမျိုးမျိုးဖြင့် ပြုလုပ်၍ချက်ပြုတ်စားကြရာတွင် မျှစ်တာလပေါ့ (ခေါ်) မျှစ်သောက်ဆမ်း၊ ဝက်သားမျှစ်ချဉ်နှင့် ငါးခေါင်းမျှစ်ချဉ်ကို ပို၍ကြိုက်နှစ်သက် စားသုံးကြပါကြောင်း၊ မျှစ်တွင် အသားဓာတ်၊ ကစီဓာတ်၊ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်၊ phytosterols,phenols နဲ့ အဆီအနည်းဆုံးပါဝင်တဲ့ စားစရာတစ်ခုဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(မန္တလေး)           

“ကျောက်ဆည်ခရိုင်တွင်ဖီးကြမ်းငှက်ပျောစိုက်ပျိုးမှုနှင့်စျေးနှုန်းစျေးကွက်”

              မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်သည် အညာဒေသလယ်တွင်းကိုးခရိုင်တွင် တစ်ခု အပါအဝင်ဖြစ်ပြီး စိုက်ပျိုးရေးကိုအခြေခံ၍ စပါး၊ပဲမျိုးစုံ၊ ဆီထွက်သီးနှံမျိုးစုံ၊ ငရုတ်၊သရက်နှင့် ငှက်ပျောစသည့်သီးနှံများအား ရာသီအလိုက်စိုက်ပျိုးလျက်ရှိပါသည်။ ၄င်းသီးနှံများအနက် ငှက်ပျော သီးနှံအား တစ်နိုင်တစ်ပိုင်စိုက်ပျိုးရာမှ စီးပွားဖြစ်စိုက်ပျိုးလာကြပါသည်။၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် တွင် ငှက်ပျောစိုက်ဧက ကျောက်ဆည်မြို့နယ်တွင် (၂၂၂၇ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၇၅၀)ဧက ၊ မြစ်သားမြို့နယ်တွင်(၁၀၈၁)ဧက၊ စုစုပေါင်း (၄၀၅၈)ဧက စိုက်ပျိုးထားရှိပြီး ကျောက်ဆည်မြို့နယ် တွင်(၄၀၀)ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည် ။ ငှက်ပျောကို ရာသီမရွေး စိုက်ပျိုးနိုင်ကြောင်း ၊ ငှက်ပျောစိုက်ပျိုးရာတွင် (၁)ဧကလျှင် အပင်(၈၀၀) စိုက်ပျိုးရကြောင်း၊ တစ်ပင်နှင့်တစ်ပင်(၈)ပေခြားကာစိုက်ပျိုးရပြီး (၉-၁၀)လအကြာတွင် ငှက်ပျောဖူး များစတင်ထွက်ရှိ၍ ငှက်ပျောဖူးထွက်ပြီး (၃)လကြာလျှင် ရောင်းတန်းဝင် ငှက်ပျောခိုင်များရရှိ လာပါသည်။ ကျောက်ဆည်ဒေသ၌ အများအားဖြင့် ဖီးကြမ်းငှက်ပျောမျိုးများကို အဓိကထား စိုက်ပျိုး ကြပါသည်။ (၁)ဧက စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် ပျိုးပင်၊သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၂၀)သိန်းကျပ် ဝန်းကျင်ခန့်ကုန်ကျကြောင်း သိရှိရပါသည် ။ ငှက်ပျောခြံများမှ ငှက်ပျော အခိုင်(၄၀)ပါ လှည်းတစ်စီး လျှင် (၄၀၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အ‌ရောင်းအဝယ်ဖြစ်နေကြောင်း၊ ငှက်ပျောသီးဖီးကြမ်း တစ်ဖီးစျေးနှုန်းမှာ လက်ရင်း(၂၅၀၀/-)ကျပ်၊ လက်ဖျား(၂၀၀၀/-)ကျပ် စျေးနှုန်း များဖြင့် ရောင်းဝယ်လျှက်ရှိကြောင်း၊ (၁)ဧကအကျိုးအမြတ်အနေဖြင့် သိန်း(၆၀)ဝန်းကျင်ခန့်မြတ် ကြောင်း၊ ကျောက်ဆည်မြို့နယ်ရှိ ငှက်ပျောပွဲစားများသည် ငှက်ပျောခြံအထိ လာရောက်ဝယ်ယူကြ ကြောင်း၊စျေးကွက်အနေဖြင့် ရန်ကုန်၊မန္တလေး၊ပဲခူးမြို့များသို့ တင်ပို့ရောင်းချကြောင်း၊ ကျောက်ဆည် မြို့နယ်ရှိ ငှက်ပျောပွဲစားများသည် ရွှေသိမ်တော်ဘုရားရှိ ကန်တော့ပွဲရောင်းချသည့်ဆိုင်များသို့လည်း ရောင်းချလျှက်ရှိပါကြောင်း ၊ ရွှေသိမ်တော်ဘုရားသည် ဆုတောင်းပြည့်စေတီဖြစ်၍ အနယ်နယ် အရပ်ရပ်မှဘုရားဖူးများ စဉ်ဆက်မပြတ်လာရောက်ကြပြီး ကန်တော့ပွဲထိုး၍ ဆုတောင်းအဓိဌာန်များ ပြုလုပ်မှု နေ့စဉ်များပြားပြီး အခါကြီးရက်ကောင်းရက်မြတ်များတွင် ပိုမိုများပြားသဖြင့် ငှက်ပျောသီး ရောင်းအားအလွန်ကောင်းမွန်လျှက်ရှိပါကြောင်း၊ ငှက်ပျောစိုက်တောင်သူများအနေဖြင့် ဖီးကြမ်း ငှက်ပျောများ စိုက်ပျိုးရာတွင် အကျိုးအမြတ်များရရှိပြီး တွက်ခြေကိုက်သဖြင့် စီးပွားဖြစ်စိုက်ပျိုး လာကြကြောင်း၊ ငှက်ပျောပင် စိုက်ပျိုးရာတွင် (၁)နှစ်နီးပါးအချိန်ကြာကြာစောင့်ရသော်လည်း စိုက်ပျိုးပြီးစီး၍ ရောင်းတန်းဝင်အပင်များဖြစ်လာပါက ငှက်ပျောခိုင်၊ ငှက်ပျောအရွက်၊ ငှက်ပျောပင် ပေါက်က‌လေးများပါ ရောင်းချရသည့်အတွက် တစ်ပင်လုံးအသုံးဝင်သောကြောင့် ဖီးကြမ်းငှက်ပျော မျိုးများကို စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“ပဲစဉ်းငုံစျေးနှုန်းအနည်းငယ်မြင့်တက်”

               မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ပဲစဉ်းငုံ(မိုးဦး)ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင်(၆၃၆)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၄၇၆)ဧက၊ မြစ်သား မြို့နယ်တွင်(၃၀၃)ဧက၊စုစု‌ပေါင်း(၁၄၁၅)ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများ အရသိရှိရပါသည်။ ပဲစဉ်းငုံကို သီးသန့်စိုက်ပျိုးမှု များရှိသလို သီးထပ်သီးညှပ်အဖြစ်လည်း စိုက်ပျိူးကြ ကြောင်း ၊ အများဆုံး စိုက်ပျိုးသော မျိုးများမှာ ကြေးနီရောင်တဘက်လှဲမျိုး ၊ ရွှေဝါရောင်လုံးသေး ဒင်္ဂါးမျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်း ၊ ယခုအချိန်တွင် ပဲစဉ်ငုံများ အောင်မြင်ဖြစ်ထွန်း လျက်ရှိကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၃၅၀၀၀၀/-)ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်း ၊ ယခင်နှစ် အထွက်နှုန်း အနေဖြင့်(၁၂-၁၄)တင်းခန့် ထွက်ရှိကြောင်း ၊ အကျိုးအမြတ်အနေဖြင့် (၇၄၀၀၀၀/)ကျပ်ကျော်မြတ်ခဲ့ကြောင်း ၊ ပဲစဉ်းငုံစျေးနှုန်း အနေဖြင့် သြဂုတ်လ ဒုတိယပတ်တွင် တစ်တင်းလျှင်(၉၄၀၀၀/-)ကျပ် စျေးနှုန်းများဖြင့်အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခု  သြဂုတ်လ တတိယပတ်တွင် တစ်တင်းလျှင်(၉၅၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပြီး စျေးအနည်းငယ်မြင့်တက်လာကြောင်း ၊ ပဲစဉ်းငုံထွက်ပေါ်ချိန်တွင် တောင်သူ များမှပွဲရုံများသို့ တိုက်ရိုက်တင်ပို့‌ရောင်းချလျက်ရှိပြီး ပွဲရုံများမှ တစ်ဆင့် ရန်ကုန် ၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချ ကြကြောင်း ပွဲရုံများမှသိရှိရပါသည်။

DOCA(မန္တလေး)

 

“မိုးစပါးများစတင်စိုက်ပျိုးလျက်ရှိ”

               မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် စိုက်ပျိုးရေးဒေသတစ်ခုဖြစ်သည့် အလျှောက် သီးနှံမျိုးစုံ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး အဓိကအသက်သွေးကြောဖြစ်သော စပါးသီးနှံ ကိုလည်းစိုက်ပျိုးလျက်ရှိပါသည်။ ဇူလိုင်လကုန် သြဂုတ်လဆန်းမှစတင်၍ မိုးစပါးများစတင်စိုက်ပျိုး လျက်ရှိပါသည်။ ကျောက်ဆည်ခရိုင်အတွင်းတွင် မိုးစပါး စိုက်ပျိုးမှုအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၂၉၂၄၇)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၂၃၇၉၇)ဧက ၊ မြစ်သားမြို့နယ်တွင် (၂၇၄၈၂) ၊ စုစုပေါင်း(၈၀၅၂၆)ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည်။ အဓိကထား စိုက်ပျိုးသော မိုးစပါးမျိုးမှာ ဧရာပဒေသာစပါးမျိုး ဖြစ်ကြောင်း၊ မျိုးစပါး စျေးနှုန်းအနေဖြင့် စပါးတစ်တင်းလျှင်(၄၅၀၀၀-၅၀၀၀၀)ကျပ်ခန့် ပေါက်စျေး ရှိကြောင်း ၊ (၁)ဧက စိုက်ပျိုးရန်အတွက် စပါးမျိုး(၂-၃)တင်းခန့် စိုက်ပျိုးရကြောင်း ၊ ပတ်ကြဲ စိုက်ပျိုးစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊ လုပ်သားခအပါအဝင် (၈၀၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ပျိုးထောင် မိုးစပါး စိုက်ပျိုးမှုတွင် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် (၁၀၅၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ယခင်နှစ်အထွက်နှုန်းအနေဖြင့်တင်း(၈၀/၈၅)တင်းခန့်ထွက်ရှိကြောင်း၊ စပါးဈေးနှုန်း အနေဖြင့် ဧရာပဒေသာတင်း(၁၀၀)လျှင် (၂၉၀၀၀၀၀/-၃၀၀၀၀၀၀/)ကျပ် ၊ မနောသုခတင်း (၁၀၀) လျှင်(၁၇၀၀၀၀၀/-)ကျပ် ရရှိကြောင်း ၊ ယခု သြဂုတ်လတွင် မိုးစပါးများ ထွက်ပေါ်ခြင်းမရှိသေး သော်လည်း နွေစပါးဈေးနှုန်းအနေဖြင့် ဧရာပဒေသာတင်း(၁၀၀)လျှင် (၃၂၀၀၀၀၀-၃၃၀၀၀၀၀)ကျပ် မနောသုခ တင်း(၁၀၀)လျှင် (၁၆၀၀၀၀၀-၁၇၀၀၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် စပါးထွက်ပေါ်ချိန်တွင် တောင်သူများထံသို့ ပွဲစားများမှ တိုက်ရိုက်လာရောက် ဝယ်ယူကြကြောင်း၊ ဆန်စက်လုပ်ငန်းရှင်များမှ လည်းကြိတ်ခွဲရောင်းချရန် လာရောက်ဝယ်ယူကြကြောင်း၊ စပါးထွက်ပေါ်ချိန်တွင်ဈေးနှုန်းများကောင်းမွန်ပါက အကျိုးအမြတ်ပိုမိုဖြစ်ထွန်းနိုင်မှာ ဖြစ်ကြောင်း တောင်သူတစ်ဦး၏ပြောကြားချက် အရသိရှိရပါသည်။

DOCA(မန္တလေး)

“နေကြာရိတ်သိမ်းမှုနှင့်စျေးနှုန်းစျေးကွက်”

             မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခုဖြစ်သော ကြောင့်စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာ ၄င်းသီးနှံများအနက် ဆီထွက် သီးနှံတစ်မျိုးဖြစ်သော နေကြာသီးနှံကိုလည်း တောင်သူများမှ သီးထပ်သီးညှပ် စိုက်ပျိုးသည့်အပြင် သီးသန့်ဧကအလိုက် စိုက်ပျိုးလျက်ရှိပါသည်။ကျောက်ဆည်ခရိုင်အတွင်းတွင် နေကြာ(မိုး) စိုက်ပျိုးမှုအနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင်ကျောက်ဆည်မြို့နယ်တွင်(၁၉၅၁)ဧက၊စဉ့်ကိုင်မြို့နယ်တွင်(၁၈၆၀)ဧက၊မြစ်သားမြို့နယ်တွင်(၇၀၅)ဧက၊ စုစုပေါင်း(၅၅၁၆)ဧက စိုက်ပျိုးထားရှိပြီး စဉ့်ကိုင် မြို့နယ်တွင်(၁၃၃၆)ဧက ရိတ်သိမ်းပြီး ကြောင်းသက်ဆိုင်ရာဌာန၏ စာရင်းများအရ  သိရှိရပါ သည် ။ နေကြာစိုက်ပျိုးမှုအနေဖြင့် မျိုး(၄-၅) ပြည် စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးသော မျိုးများမှာ ဆင်းရွှေကြာ မျိုး-၁ ၊ ဆင်းရွှေကြာမျိုး-၂ မျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်း ၊ စိုက်ပျိုးနည်းမှာ ဘောင်ကြောင်းပေးစနစ်နှင့် ပတ်ကြဲစိုက်ပျိုးစနစ်ဟူ၍ (၂)မျိုး စိုက်ပျိုးကြကြောင်း ၊ စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင်(၅၀၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁၅-၂၀)တင်းခန့်ထွက်ရှိကြောင်း ၊ နေကြာစျေးနှုန်းအနေဖြင့် ယခု သြဂုတ်လ တတိယပတ်တွင်တစ်တင်းလျှင်(၇၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ်လျှက်ရှိပြီး စျေးနှုန်း တည်ငြိမ်လျက်ရှိကြောင်း၊ နေကြာဆီ(၁)ပိဿာလျှင် (၂၁၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် ရောင်းဝယ် လျက်ရှိကြောင်း ၊ (၁)ဧက အကျိုးအမြတ်အနေဖြင့် (၅၀၀၀၀၀/-)ကျပ် ဝန်းကျင်ခန့် မြတ်ကြောင်း ၊ တောင်သူတစ်ဦး၏ ပြောကြားချက်အရသိရှိရပြီး သီးနှံပေါ်ချိန်တွင် တောင်သူများမှ မြို့ပေါ်ပွဲရုံသို့ ကိုယ်တိုင်ရောင်းချကြောင်း ၊ ပွဲရုံများမှတဆင့် ရန်ကုန်၊မန္တလေးမြို့ များသို့တင်ပို့ ရောင်းချလျက်ရှိကြောင်း ပွဲရုံများမှသိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း