ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မြိတ်ဒေသ၏ နွားနို့ ဈေးနှုန်း/ဈေးကွက်

         တနင်္သာရီတိုင်းဒေသကြီးသည် တောင်ကုန်း၊ တောင်တန်းပေါများပြီး ပင်လယ်ထွက်ပေါက်ရှိရာ တိုင်းဒေသကြီးဖြစ်သဖြင့် အများအားဖြင့် ဥယျာဥ်ခြံမြေလုပ်ငန်းများ၊ ပင်လယ်ရေလုပ်ငန်းများကိုသာ အဓိကလုပ်ကိုင်ကြသလို ဒေသတွင်း မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုလျက်ရှိရာ  နို့စားနွားမွေးမြူရေးလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ နွားနို့သည် ခန္တာကိုယ်အတွက်လို အပ်သော ဓါတ်သတ္တုများ၊ အာဟာရဓါတ်များစွာပါဝင်သည့်အတွက် နေ့စဥ်သောက်သုံးသင့်သော အစားအစာတစ်ခုအဖြစ်ပါဝင်ပါသည်။ မြိတ်မြို့ပေါ်တွင် နွားမွေးမြူမှုမှာနည်းပါးပြီး ထွက်ရှိသော နွားနို့များအား လက်ဘက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များ၊ အအေးဆိုင်များ၊ မုန့်လုပ်ငန်းများမှ ကုန်ကြမ်းပါဝင်ပစ္စည်းများအဖြစ်အသုံးပြုနိုင်ရန် အများဆုံးဝယ်ယူကြပြီး ရပ်ကွက်၊ စျေးများအား ဆိုင်ကယ်/ကားများဖြင့် ရပ်ကွက်အလိုက်လှည့်လည်ရောင်းချသူများရှိသော်လည်း ရောင်းချမှုနည်းပါးလျက်ရှိပြီး ရောင်းအားကောင်းလျက်ရှိပါသည်။ နွားနို့အားကြိုချက်ပြီးလျှင် အကြိမ်များစွာအပူပေးပါက နွားနို့တွင်ပါဝင်သော အဟာရအာနိသင်များကျဆင်းတက်ပါသလို ဆေးဝါးများဖြင့် တွဲဖက်သောက်သုံးပါက ဆေးဝါးများ၏ အာနိသင်အားလည်းလျော့ကျသွားစေတက်ကြောင်း သိရသည်။ 

     မြိတ်မြို့စျေးကွက်အတွင်းရောင်းချလျက်ရှိသော နွားနို့အစိမ်း စျေးနှုန်းမှာ ယခု ၂၀၂၆ ခုနှစ်၊ သြဂုတ်လ၊ ဒုတိယအပတ်အတွင်း နွားနို့(၁)လီတာလျှင် ၅၀၀၀ ကျပ်မှ ၇၀၀၀ ကျပ်အထိ အစားအစားရောင်းချလျက်ရှိကြောင်း နွားနို့ရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

ခရမ်းချဥ်သီးအကြောင်း သိကောင်းစရာများနှင့် မြိတ်မြို့ပေါ်ရှိ ခရမ်းချဥ်သီးဈေးနှုန်း

           မြန်မာနိုင်ငံတွင် ခရမ်းချဥ်သီးကို ရာသီဥတုနှင့်မြေပြင် အခြေအနေပေါ်မူတည်၍ ကုန်းမြင့်ခရမ်းချဥ်နှင့် မြေနိမ့်ခရမ်းချဥ်ဟူ၍ ခွဲခြားစိုက်ပျိုးကြပြီး အဓိကအများဆုံးစိုက်ပျိုးရာ ဒေသမှာ ရှမ်းပြည်နယ်၊ တောင်ကြီး၊ ကလော၊ ပင်းတယ၊ အောင်ပန်းတို့ဖြစ်သည်။ ဆောင်းရာသီတွင် မန္တာလေး၊ မကွေး၊ စစ်ကိုင်း၊ နေပြည်တောင်စသည့် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အထက်ပိုင်းဒေသများမှ အများအပြားထွက်ရှိကြောင်း သိရသည်။

        ခရမ်းချဥ်သီးစိုက်ပျိုးသောတောင်သူများ၊ ကုန်စည်ဒိုင်များ၊ ပွဲရုံများ၊ ကုန်သည်များမှတစ်ဆင့် ပြန်လည်ရောင်းချသူများအနေဖြင့် မိမိဝင်ငွေတိုးအောင် ခရမ်းချဥ်သီးနှင့်ပတ်သက်၍ တန်ဖိုးမြှင့် ထုတ်ကုန်များ(ခရမ်းချဥ်သီးယို) ပြုလုပ်သင့်ပါသည်။ ခရမ်းချဥ်သီးယို ပြုလုပ်ရာတွင် ခရမ်းချဥ်သီးမှည့် ၁ကီလိုဂရမ်တွင် သကြား ၅၀ ဂရမ်၊ ကွမ်းစားထုံး(၃)ကျပ်သား၊ ဆားအနည်းငယ်တို့ဖြစ်ပါသည်။ ခရမ်းချဥ်သီးယို ပြုလုပ်ရာတွင် အရည်ရွှမ်းပြီး နီနီရဲရဲအသီးကိုရွေးချယ်ကာ အစေ့များပယ်ကျန်၍ အသီးထိပ်မှအညှာကိုဖယ်ကာ ဒေါင်းလိုက်ကိုင်ပြီး ဓါးဖြင့်လေးပိုင်းခွဲကာ လေးစိတ်စိတ်ပါသည်။ ခွဲထားသော ခရမ်းချဥ်သီးများကို ရေပျော်ထားသော ထုံးထဲတွင် (၃)နာရီကြာစိပ်ထား ရပါသည်။ (၃)နာရီပြည့်သော ခရမ်းချဥ်သီးများကို ထုံးစင်အောင်ဆေးကြော၍ ကျိုမည့်အိုးထဲသို့ထည့်ကာ ဆား၊ သကြားများကို ရေအနည်းငယ်ငယ်ထည့်၍ မီးအေးအေးဖြင့် ခမ်းသည်အထိ ကျိုပေးရ သည်။ သကြားရည်များ ညောင်စေးကဲ့သို့ စပ်ပြစ်ပြစ်ဖြစ်လာလျှင် နေလှန်းမည့်ထဲသို့ တစ်လုံးခြင်းစီ အသားသယ်ယူ၍ နေရောင်ကောင်းစွာရသောနေရာတွင် ရက်သတ္တပတ်တစ်ပတ်ခန့် လှန်းပေးရသည်။ နေလှန်းနေသော ကာလအတွင်း ခရမ်းချဥ်သီးယိုကို အထက်အောက်လှန်းပေးရသည်။ တစ်ပတ်ပြည့်လျှင် အသီးများခြောက်လည်းခြောက် သကြားလည်းပွင့်ကာ အရသာကောင်းမွန်သော ခရမ်းချဥ်သီးရရှိပြီးဖြစ်ကြောင်း ‌ရေးသားလိုက်ရပါသည်။

          မြိတ်မြို့နယ်အတွင်း ရောင်းချနေသည့် ခရမ်းချဥ်သီးများကို ရှမ်းပြည်နယ်(တောင်ပိုင်း)မှ အဓိကထား၍ မှာယူဖြန့်ဖြူးရောင်းချရခြင်းဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်‌ရေး အခက်အခဲကြောင့် ဈေးနှုန်းကြီးမြှင့်ရခြင်းဖြစ်ပြီး သြဂုတ်လ တတိယအပတ်တွင် ခရမ်း ချဥ်သီး တစ်ပိဿာလျှင် (၄၀၀၀)ကျပ်မှ (၅၀၀၀)ကျပ်ခန့်ထိ ဈေးနှုန်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မိတ္ထီလာဈေးကွက်အတွင်းမိုးနှမ်းများဈေးနှုန်းမြင့်တက်လျက်ရှိ  

            မိတ္ထီလာခရိုင်အတွင်း ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နှမ်းကို  မိတ္ထီလာ၊မလှိုင် ၊သာစည်၊ ဝမ်းတွင်း မြို့နယ်များတွင်စိုက်ပျိုးကြပြီး မိတ္ထီလာခရိုင်၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ မိုးနှမ်းစိုက်ဧက (၃၂၆၇၈၅)ဧကရှိကြောင်း စိုက်ပျိုးရေးဦီးစီးဌာနစာရင်းအရသိရပါသည်။ မိုးနှမ်းကို မေလတွင်စိုက်ပျိုး ပြီး ဇူလိုင်လစတင်ထွက်ရှိပြီး ယခုနှစ်တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊မြေပြုပြင်ခြင်း၊ သွင်းအား၊ လုပ်သားခ စုစုပေါင်း (၆)သိန်းခန့်ကုန်ကျကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် (၈)တင်းမှ (၁၀) တင်းထိထွက်ရှိကြောင်း သိရှိရပါသည်။

             မိတ္ထီလာဈေးကွက်အတွင်း မြို့ပေါ်ပွဲရုံများ၌ တစ်ပတ်လျှင် အိတ်(၅၀၀)ခန့် ဝင်ရောက်လျက် ရှိပြီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရာသီလှိုင်လှိုင်ပေါ်ချိန်တွင် ဒေသတွင်းဆီကြိတ်စက်များ အပြင် မန္တလေးသို့တင်ပို့ရောင်းချရကြောင်း သိရပါသည်။

              ယခုဩဂုတ်လဒုတိယပတ်တွင်၊ နှမ်းညိုတစ်တင်းလျှင် (၁၂၈၀၀၀-၁၃၀၀၀၀) ကျပ်၊ နှမ်းဖြူ တစ်တင်းလျှင် (၁၂၈၀၀၀-၁၃၀၀၀၀) ကျပ်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း  ယခင်လနှင့် ကာလ တူနှိုင်းယှဉ်လျှင် နှမ်းညို တစ်တင်းလျှင် (၈၀၀၀-၁၀၀၀၀)ကျပ်၊ နှမ်းဖြူတစ်တင်းလျှင်(၈၀၀၀-၁၀၀၀၀) ကျပ်ခန့် ဈေးနှုန်းမြင့်တက်လာကြောင်း၊ ဈေးနှုန်းမြင့်တက်လာရခြင်းမှာ ကုန်ချောရောင်း အားကောင်း၍ ကုန်ကြမ်းအဝယ်လိုက်လာခြင်း ပြည်ပဝယ်လတ်များ ဝယ်လိုအားရှိလာခြင်းကြောင့် ဖြစ်သည်ဟုဒေသတွင်းသီးနှံပွဲရုံများမှ သိရှိရပါသည်။

DOCA(မန္တလေး)

မြိတ်မြို့ရှိ မုန်လာဥနီ/ဖြူဈေးနှုန်း

           မြိတ်ခရိုင်အတွင်း ကုန်စိမ်းသီးနှံများအား ယခင်က ရန်ကုန်မြို့မှ ကားလမ်း၊ ရေလမ်းတို့ဖြင့် သယ်ယူရောင်းချခဲ့ကြပြီး ယခုအခါဒေသတွင် ကုန်စိမ်းသီးနှံများဖြစ်သော ဘူးသီး၊ ရုံးပတီသီး၊ ခရမ်းသီး၊ မုန်လာဥနီ၊ မုန်လာဥဖြူ၊ ကျောက်ဖရုံသီး၊ ဗုံလုံသီး၊ ငရုတ်သီးနှင့် ကိုက်လန်ရွက်၊ ကန်စွန်းရွက်၊ ချဥ်ပေါင်ရွက်၊ ပဲတောင့်ရှည်နှင့် အစရှိသည့် သီးနှံတို့ကို စိုက်ပျိုး၍ ဈေးကွက်အတွင်းသို့ ရောင်းချလာကြပါသည်။ ဒေသထွက်ကုန်စိမ်းသီးနှံသည် လတ်ဆက်မှုရှိခြင်း၊ ရန်ကုန်မှလာသော ကုန်စိမ်းသီးနှံများသည် လမ်းခရီးအခက်အခဲကြောင့် ဈေးနှုန်းကြီးမြင့်ခြင်းတို့ကြောင့် ‌ဒေသထွက် ကုန်စိမ်းသီးနှံများကို ပိုမိုအရောင်းအဝယ်ဖြစ်လာကြပါသည်။ ကုန်စိမ်းသီးနှံများထဲမှ မုန်လာဥနီနှင့် မုန်လာဥဖြူသည် လူကြိုက်များလှပါသည်။ မုန်လာဥဖြူကို ကြော်လှော်၍ စားသုံးကြသလို အသားနှင့် ရော၍ ဟင်းရည်ချိုအဖြစ်လည်း စားသုံးကြကြောင်း သိရသည်။

          ၂၀၂၆ ခုနှစ်၊ သြဂုတ်လဒုတိယပတ်တွင် မုန်လာဥဖြူတစ်ပင်လျှင် (၁၀၀၀)ခန့်ရှိပြီး မုန်လာဥနီတစ်လုံးလျှင် (၁၅၀၀)ကျပ်နှင့် တစ်ပိဿာလျှင် (၈၀၀၀)ကျပ်ခန့် ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်ဒေသထွက် ပန်းဂေါ်ဖီပန်းဈေးနှုန်း/ ဈေးကွက်

         တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်ရှိ မြိတ်၊ ပုလော၊ တနင်္သာရီမြို့နယ်တို့တွင် ကုန်စိမ်းသီးနှံများကို တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ စီးပွားဖြစ်သော်လည်းကောင်း စိုက်ပျိုးကြပါသည်။ အများအားဖြင့် ပုလောမြို့နှင့် တနင်္သာရီမြို့တို့မှ ထွက်ရှိသော ကုန်စိမ်းသီးနှံများနှင့် ဟင်းသီး ဟင်းရွက်များကို မြိတ်မြို့ပေါ်တွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။ ဒေသထွက်ရှိသော ကုန်စိမ်းသီးနှံများအပြင် ရန်ကုန်မြို့မှလည်း ကားလမ်း၊ ရေလမ်းတို့ဖြင့် သယ်ယူရောင်းချကြပါသည်။ ယခုအခါလမ်းခရီးအခက်အခဲများကြောင့် ရန်ကုန်မြို့မှ ကုန်စိမ်းသီးနှံများပုံမှန် မရောက် ရှိကြသဖြင့် ဒေသထွက်ကုန်စိမ်းသီးနှံများ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကုန်စိမ်းသီးနှံများထဲမှ ဒေသထွက်ပန်းဂေါ်ဖီသည် လူကြိုက်များ၍ ရောင်းအားကောင်းလျက်ရှိကြောင်း သိရှိရပါသည်။ ပန်းဂေါ်ဖီကို မြိတ်ဒေသတွင် ကြော်လှော်ရန်လည်းကောင်း၊ မြိတ်ကတ်ကြေးကိုက်နှင့် ကြာဇံကြော်များဖြင့် တွဲဖက်စားသုံးရန်အတွက် အချဥ်ပြုလုပ်ရာတွင်လည်းကောင်း၊ သနပ်အချဥ်ပြုလုပ်၍လည်းကောင်း စားသုံးကြပါသည်။ ပန်းဂေါ်ဖီသည် ဗီတာမင်နှင့် ဗီတာမင်အီးလည်းကြွယ်ဝစွာပါဝင်ပါသည်။ အမျှင်ဓာတ်များသောကြောင့် အစာချေစနစ်ကိုကူညီပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးကြောင်း သိရသည်။

          ၂၀၂၆ခုနှစ်၊ သြဂုတ်လဒုတိယပတ်တွင် မြိတ်ဒေသထွက်ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၄၀၀၀) ကျပ်ခန့် ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ရှိကြက်သွန်ဖြူစျေးနှုန်း

        ကြက်သွန်ဖြူသည် အစားအစာချက်ပြုတ်ရာတွင်အသုံးများပြီး မြန်မာဟင်းလျာအများစုတွင် မပါမဖြစ်ပါဝင်သည့်အပြင် သားရေစာမုန့်အမျိုးမျိုးတွင် ထည့်သွင်းအသုံးပြုကြကြောင်း သိရှိရပါသည်။ ကြက်သွန်ဖြူတွင် အသေး၊ အလတ်၊ အကြီး အမျိုးမျိုးရှိသည့်အနက် ကြက်သွန် ဖြူအကြီးသည် အများအားဖြင့် ကြူဂုတ်အမျိုးအစားဖြစ်ပြီးမီးဖြင့်ကင်၍ အချဥ်ရည်ဖြင့်စားသုံး လေ့ရှိပြီး အများအားဖြင့် ဟိုတယ်နှင့်စားသောက်ဆိုင်များတွင် သုံးစွဲကြပါသည်။ အလတ်ကို အိမ်တွင်းထမင်းဟင်းချက်ပြုတ်ရာတွင် အသုံးပြုကြသည်။ အငယ်ကို ဂျင်း၊ ငရုတ်သီး၊ မန် ကျည်းရည်၊ သကြားတို့ဖြင့်ရောစပ်၍ အချဥ်ရည်ပြုလုပ်ရာတွင်အသုံးများကြပြီး ငပိရည်တို့ စရာများနှင့် လက်ဖက်သုပ်၊ ခရမ်းချဥ်သီးသုပ်နှင့် ဂျင်းသုပ်၊ သင်္ဘောသီးသုပ်များတွင် ရေဆေး၍ တွဲဖက်စားသုံးကြပါသည်။ ကြက်သွန်ဖြူအလတ်နှင့် အသေးများကို မြန်မာနိုင်ငံတွင် စိုက်ပျိုးကြကြောင်း သိရှိရသည်။ ကြက်သွန်ဖြူ အသေးနှင့်အလတ်သည် အနံ့မွှေးသော်လည်း ကြက်သွန်ဖြူအကြီးနှင့် ကြူဂုတ်အမျိုးအစားကို အများဆုံးဝယ်ယူကြကြောင်း သိရှိရပါသည်။

        မြိတ်မြို့ဆိပ်ငယ်စည်ပင်သာယာစျေးတွင်ရောင်းချနေသော ကြက်သွန်ဖြူ(ကြူဂုတ်) တစ်ပိဿာစျေးနှုန်းမှာ(၁၄၀၀၀)ကျပ်၊ ပြည်တွင်းထွက် ကြက်သွန်ဖြူ(ရှမ်း)အကြီးစျေးနှုန်းမှာ (၁၁၀၀၀)ကျပ် အသေးစျေးနှုန်းမှာ (၁၂၀၀၀)ကျပ်ဖြစ် ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၁၈-၈-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၁၈ -၈ -၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

 

မင်းတုန်းမြို့နယ်ပတ်ဝန်းကျင် ကျေးရွာများမှထွက်ရှိသော ငရုတ်သီးစိမ်းနှင့်ရွှေဖရုံသီးများ အရောင်းသွက်လျက်ရှိ

           မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့ စည်ပင်သာယာဈေးကြီးနှင့် အခွန်လွတ်ဈေးများ၊ မြို့ပေါ်ရပ်ကွက်ရှိ ဟင်းသီးဟင်းရွက်အရောင်းဆိုင်များတွင် မိုးရာသီထွက်စားဖိုဆောင် အသီးအနှံများ ဈေးကွက်အတွင်းဝင်ရောက်လျက်ရှိပြီး မင်းတုန်းမြို့နယ်ပတ်ဝန်းကျင် ကျေးရွာများဖြစ်သော ကျောက်ကြီး၊ မြို့ဟောင်းနှင့် ဗူးတောင်းစသည့်ကျေးရွာများမှထွက်ရှိသော ပင်နံသီးစိမ်းနှင့် ရွှေဖရုံသီးများ အရောင်းသွက်လျက်ရှိပါသည်။ ရွှေဖရုံသီးနှင့်ပင်နံသီးစိမ်းများကို ထွက်ရှိသည့်ပမာဏနှင့် သယ်ယူပို့ဆောင်ရေး အခြေအနေအပေါ်မူတည်၍ ဈေးနှုန်းဈေးကွက် အနည်းငယ်အပြောင်းအလဲရှိပြီး ၂၀၂၆ခုနှစ်၊ ဩဂုတ်လ (ဒုတိယပတ်)တွင် ရွှေဖရုံသီးတစ်ပိဿာလျှင်(၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု (တတိယပတ်)တွင် (၄၅၀၀)ကျပ် ဖြင့်ဈေးကွက်ဖြစ်ပေါ်နေပြီး ဈေးနှုန်းနှိုင်းယှဉ်ချက်အရယခု (တတိယပတ်)တွင် (၅၀၀) ကျပ်ဈေးနှုန်း ကျဆင်းခဲ့ကြောင်း သိရပါသည်။

          ထို့အတူ ပင်နံသီးစိမ်းတစ်ပိဿာလျှင် ဩဂုတ်လ(ဒုတိယပတ်)တွင် (၂၀၀၀၀) ကျပ်ဈေးနှုန်းဖြင့် ဈေးကွက်ဖြစ်ပေါ်ခဲ့ပြီး ယခု(တတိယပတ်)တွင် ကျပ်(၁၈၀၀၀) ဖြင့်အရောင်းသွက်လျက်ရှိပါကြောင်း၊ ဈေးနှုန်းနှိုင်းယှဉ်ချက်အရ ယခု(တတိယပတ်) တွင် (၂၀၀၀) ကျပ်ဈေးနှုန်း ကျဆင်း ခဲ့ပါသည်။ ဒေသထွက်စားဖိုဆောင်သီးနှံများ ဈေးကွက်အတွင်း သက်သာသောဈေးနှုန်းများဖြင့် ပေါများစွာရရှိနေခြင်းကြောင့် ဝယ်ယူစားသုံးသူများအတွက် စိတ်ကြိုက်ရွေးချယ်နိုင်သလို စိုက်ပျိုးသည့်တောင်သူများအတွက်လည်း ပုံမှန်ဝင်ငွေရရှိကြောင်း ပင်နံသီးစိမ်းနှင့် ရွှေဖရုံသီးရောင်းချနေသော လက်ကားဈေးသည်တစ်ဦးထံမှ မေးမြန်းသိရှိရပါသည်။

DOCA(မကွေး)

မကွေးမြို့တွင် ရာသီပေါ်ဒညင်းသီးများ ဈေးကွက်အတွင်း အရောင်းအဝယ်သွက်လျက်ရှိ

          မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ပေါ်ရှိဈေးများတွင် ရာသီပေါ်ဒညင်းသီးများ ဈေးကွက်အတွင်းသို့ဝင်ရောက်လာပြီး ဒညင်းသီးများကို အလုံးရေဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိရာ စားသုံးသူများအကြား ဝယ်ယူမှုများပြားနေကြောင်း ဒညင်းသီးရောင်းချသူများထံမှ သိရသည်။ ဒညင်းသီးများကို ဒေသခံစားသုံးသူများက ရာသီပေါ်စားသောက်ကုန်တစ်မျိုးအဖြစ် ဝယ်ယူစားသုံးကြပြီးပြုတ်၍ စားသုံးခြင်း၊ ငရုတ်သီးနှင့် တို့စားခြင်း၊ ငပိရည်နှင့် တွဲဖက်စားသုံးခြင်း၊ ခရမ်းချဉ်သီးနှင့် ရော၍ ဟင်းချက်ခြင်းများပြုလုပ်၍ စားသုံးနိုင်သည်။ ဒညင်းသီးကို ဆားရည်စိမ်၍ နောက်ပိုင်းတွင် ပြန်လည်စားသုံးရန်အတွက်လည်း ဝယ်ယူသူများရှိကြောင်း သိရသည်။

          ဒညင်းသီးများကို ဈေးများနှင့် ရပ်ကွက်ဈေးဆိုင်များတွင် ရောင်းချလျက်ရှိကြပြီး အလုံးအရွယ်အစား၊ အရည်အသွေးနှင့် လတ်ဆတ်မှုပေါ်မူတည်၍ ဈေးနှုန်းများကွာခြားလျက်ရှိကြောင်း သိရသည်။ ဒညင်းသီးများကို အလုံးရေဖြင့် အရောင်းအဝယ်ပြုလုပ်မှုများပြားပြီး (၁၀)လုံး၊ (၂၀)လုံး၊ (၃၀)လုံး၊ (၅၀)လုံး စသည့်အရေအတွက်များဖြင့် ရောင်းချနေကြောင်း ဈေးသည်များထံမှ သိရသည်။ အလုံးအရွယ်အစားကြီးပြီး လတ်ဆတ်သည့် ဒညင်းသီးများမှာ ဈေးနှုန်းပိုမိုများပြားပြီး သေးသည့်ဒညင်းသီးများမှာ ဈေးနှုန်းသက်သာကြောင်း သိရသည်။ ၂၀၂၆ခုနှစ်၊ ဩဂုတ်လ(ဒုတိယပတ်) တွင် ဒညင်းသီးအရည်အသွေးနှင့် အရွယ်အစားအလိုက် ဒညင်းသီးအသေး (၁၀)လုံးလျှင် (၁၅၀၀)ကျပ်၊ ဒညင်းသီးအလတ် (၁၀)လုံးလျှင် (၂၀၀၀) ကျပ်နှင့် ဒညင်းသီးအကြီး (၁၀)လုံးလျှင် (၄၀၀၀)ကျပ်ဖြင့် ရောင်းချနေပြီး ဈေးနှုန်းသက်သာသဖြင့် ပုံမှန်စားသုံးသူများအကြား ဝယ်ယူမှုရှိကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။

DOCA(မကွေး)

၂၀၂၆ ခုနှစ် ဩဂုတ်လ ဒုတိယပတ်တွင် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ မြေပဲ၊ နှမ်းဖြူ၊ နှမ်းနက်ဈေးနှုန်းစာရင်းနှင့် ပဲပုတ်လက်ကျန်စာရင်း

           ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၂၀၂၆ ခုနှစ် ဩဂုတ်လ ဒုတိယပတ် မြေပဲ၊ နှမ်းဖြူ၊ နှမ်းနက်ဈေးနှုန်းများမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၁၂၅၀၀ ကျပ်ခန့်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၁၂၀၀၀ ကျပ်ခန့်ရှိပါသည်။ လက်ရှိတွင် မြေပဲထွက်ချိန်မဟုတ်ပါ အသစ်များမှာ ဩဂုတ်လလယ်နှင့် စက်တင်ဘာလပိုင်းတို့တွင် ထွက်မည်ဖြစ်ပါသည်။ လက်ရှိလှောင်ပဲလက်ကျန်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၉၅၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူသစ်ပေါ်ချိန်ဖြစ်ပါသည်။ ကျောက်ဆည်၊ ရွှေဘိုနယ်နှင့် ဝက်လက်နယ်တို့တွင် နှမ်းဖြူအသစ်ပေါ်ပြီး တစ်ရက်လျှင် ၂၅ ပိဿာဆန့် (အရိုင်းအိတ်) အိတ် (၁၀၀၀) ဝန်းကျင်ခန့်ဝင်သည်ဟု ခန့်မှန်းပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာ တစ်အိတ် လျှင် ၅၀၀၀၀၀ ကျပ်ခန့်ရှိပြီး နှမ်းနက်အသစ်ပေါ်ချိန်ဖြစ်ပါသည်။ ကျောက်ဆည်၊ ရွှေဘိုနယ်နှင့် ဝက်လက်နယ်တို့တွင် နှမ်းနက်အသစ်ပေါ်ပြီး တစ်ရက်လျှင် ၂၅ ပိဿာဆန့် (အရိုင်းအိတ်) အိတ် (၁၅၀၀) ဝန်းကျင်ခန့်  ဝင်သည်ဟု ခန့်မှန်းပါသည်။ ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ၊ ၂၀၂၆ ခုနှစ်အတွက် ပဲပုတ်လက်ကျန်တန်ချိန် (၁၇၁၀၀) ဝန်းကျင်ရှိ ကြောင်းနှင့် ဩဂုတ်လ ပထမပတ်တွင် မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၁၁၅၀၀ ကျပ်ခန့်ရှိရာမှ ယခုတစ်ပတ်တွင် ၁၂၅၀၀ ကျပ်၊  မြေပဲဆီဆံ တစ်ပိဿာလျှင် ၁၁၀၀၀ ကျပ်ရှိရာမှ ယခုတစ်ပတ်တွင် ၁၂၀၀၀ ကျပ်၊ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၆၅၀၀၀ ကျပ်ရှိရာမှ ယခုတစ်ပတ်တွင် ၃၉၅၀၀၀ ကျပ်၊ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာတစ်အိတ်လျှင် ၅၂၀၀၀၀ ကျပ် ရှိရာမှ ယခုတစ်ပတ်တွင် ၅၀၀၀၀၀ ကျပ်၊ ၂၀၂၆ ခုနှစ်အတွက် ပဲပုတ် တန်ချိန် ၁၇၃၀၀ ရှိရာမှ ယခုတစ်ပတ်တွင် တန်ချိန် ၁၇၁၀၀ ရှိကြောင်း ကုန်စည်ဒိုင်ပဲနှမ်းအသင်းမှ သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း