ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၂၈-၇-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၂၈ -၇ -၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

တနင်္သာရီတိုင်း၏‌‌ ဒေသထွက်ခရမ်းချဉ်သီး စျေးကောင်းရရှိ

       တနင်္သာရီတိုင်းဒေသကြီးအတွင်း မိသားစုတစ်ပိုင်တစ်နိုင်နှင့် စီးပွားဖြစ်ခရမ်းချဉ်သီး စိုက်ပျိုးထုတ်လုပ်မှုများ အောင်မြင်ဖြစ်ထွန်းနေပြီး ဒေသအတွင်း ဝယ်လိုအားကောင်းမွန်ကာ စျေးနှုန်းခိုင်မာမှုကြောင့် တောင်သူများ ပုံမှန်ဝင်ငွေရရှိ၍ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

       လက်ရှိစျေးကွက်အတွင်း စျေးနှုန်းအခြေအနေမှာ ဒေသထွက် ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၄၀၀၀)ကျပ် ဝန်းကျင်ဖြစ် ပုံမှန်စျေးကောင်းရရှိနေပြီး၊ အခြားတိုင်းနှင့်ပြည်နယ်များမှ မှာယူရသည့် သယ်ယူစရိတ်သက်သာခြင်းနှင့် ဒေသထွက်အသီးများ၏ လတ်ဆက်မှုတို့ကြောင့် ထားဝယ်၊ မြိတ်နှင့်ကော့သောင်း စသည့် မြို့ကြီးများရှိ မြို့မစျေးများနှင့် ကုန်စိမ်းဒိုင်များတွင် စျေးကွက်ဝယ်လိုအားခိုင်မာလျက်ရှိကြောင်း သိရသည်။

          တနင်္သာရီတိုင်းအတွင်း ခရမ်းချဉ်သီးစိုက်ပျိုးရေးသည် ဒေသခံများ၏ မိသားစုဝင်ငွေကို တစ်ဖက်တစ်လမ်းမှ များစွာအကျိုးပြုနေသော သီးနှံတစ်ခုဖြစ်ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၏ နှစ်ရှည်သီးနှံဒူးရင်းသီး စျေးကွက်ကောင်းမွန်၊ တောင်သူများဝင်ငွေတိုးရရှိ

        တနင်္သာရီတိုင်းဒေသကြီးသည် ရာသီဥတုနှင့်မြေဆီလွှာအခြေအနေ ကောင်းမွန်မှုကြောင့် ဒူးရင်းသီးအပါအဝင် နှစ်ရှည်သီးနှံများ စိုက်ပျိုးရန်သင့်လျော်သည့် ဒေသတစ်ခုဖြစ်သည်။ ဒူးရင်းသီးသည် ဒေသခံတောင်သူများအတွက် ရေရှည်ဝင်ငွေရရှိစေသည့် အရေးပါသော စီးပွားဖြစ်သီးနှံ တစ်မျိုးအဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။

       ဒူးရင်းသီးစျေးနှုန်းများသည် ရာသီအလိုက်အသီးထွက်နှုန်း၊ ဝယ်လိုအား၊ သယ်ယူပို့ဆောင်ရေး အခြေအနေနှင့် မျိုးအရည်အသွေးတို့အပေါ်မူတည်၍ အပြောင်းအလဲရှိနိုင်သည်။

       ယခုနှစ် ဒူးရင်းသီးရာသီတွင် တနင်္သာရီဒေသထွက် ဒူးရင်းသီးများသည် အရေးအသွေးကောင်းမွန်မှုကြောင့် စျေးကွက်အတွင်းဝယ်လိုအား ကောင်းမွန်လျက်ရှိပြီး အမျိုးအစား၊ အရွယ်အစားနှင့် အ‌ရည်အသွေးအပေါ်မူတည်၍ တစ်လုံးလျှင် ကျပ်(၁၀၀၀၀မှ၅၀၀၀၀)ကျပ် ဝန်းကျင်အထိ ‌ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ရှိ ပဲပြား ဈေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိဈေးများတွင် ပဲပြားများရောင်းချနေကြောင်း သိရသည်။ ထားဝယ်မြို့အတွင်းရှိ ဟင်းသီးဟင်းရွက်ရောင်းချသည့် ဈေးဆိုင်များတွင် ဟင်းသီးဟင်းရွက်အပြင် ပဲပြားသည်လည်း မပါမဖြစ်တွဲ၍ စားသုံးသော အစားအစာတစ်မျိုး ဖြစ်ပါသည်။ ပဲပြားသည် သတ်သတ်လွတ်စားသုံးသူများအတွက် အသားဓါတ်တွေကို ပဲပြားကနေရနိုင်ပြီး ကိုယ်ခန္ဓာအတွက် လိုအပ်သော ဗီတာမင်ချို့တဲ့မသွားစေရန် ပဲပြားကို စားသုံးကြသည်။ ပဲပြားကို ကြော်ပြီးအစာသွပ်စားခြင်းဟာ မြန်မာတို့အတွက် နှစ်ကြိုက်လှတဲ့ သရေစာ တစ်မျိုးဖြစ်ပါသည်။ ပဲပြားကို အစိမ်းချက်စားကြသလို ကြော်၍၊ သုပ်၍လည်း စားသုံးကြသည်။ ထို့အပြင်  ဟင်းချိုတွေနဲ့ တစ်ချို့ဟင်းလျာတွေမှာ တွဲဖက်ပါဝင်ပစ္စည်းအဖြစ် အသုံးပြုကြသည်။

       ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ၊ တတိယပတ်တွင် ရောင်းချလျက်ရှိသော ပဲပြားဈေးနှုန်းများမှာ ပဲပြား(၁)တုံးလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချပြီး (၃)တုံးလျှင် (၂၄၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့တွင် စျေးကောင်းရနေသည့် ကြက်သွန်နီ

          တနင်္သာရီတိုင်းဒေသကြီး မြို့တော်ဖြစ်သည့် ထားဝယ်မြို့သည် ကြက်သွန်နီအကြီးအကျယ် စိုက်ပျိုးထွက်ရှိသည့် ‌ဒေသမဟုတ်ဘဲ အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ အဓိကမှာယူရလေ့ရှိပါသည်။ ထားဝယ်ခရိုင်အတွင်းရှိ ဒေသတွင်းစျေးကွက်များ၌ လက်ရှိကာလတွင် ကြက်သွန်နီဝယ်လိုအား ပုံမှန်ရှိနေသော်လည်း ကုန်ကျစရိတ်များနှင့် သယ်ယူပို့ဆောင်ရေးအခြေအနေများကြောင့် ကြက်သွန်နီစျေးနှုန်းများ ဆက်တိုက်စျေးကောင်းရရှိနေကြောင်း ဒေသခံကုန်သည်များနှင့် စျေးသည်များထံမှ သိရှိရပါသည်။ ထားဝယ်‌ဒေသသို့ဝင်‌ရောက်နေသည့် ကြက်သွန်နီအများစုမှာ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်အပါအဝင် မန္တလေး၊ မြင်းခြံ၊ မုံရွာနှင့် ပခုက္ကူကုန်စည်ဒိုင်များ စသည့် အထက်အညာဒေသများမှ မှာယူတင်သွင်းရခြင်းဖြစ်ပြီး၊ လမ်းခရီး၊ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်တက်လာခြင်းနှင့် ပြည်ပသို့တင်ပို့မှု အားကောင်းနေခြင်းတို့ကြောင့် ထားဝယ်စျေးကွက်အတွင်းသို့ အဝင်နည်းကာ စျေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ပါသည်။ မြန်မာ့ကြက်သွန်နီကို အဓိကအားဖြင့် ဗီယက်နမ်၊ ထိုင်း၊ မလေးရှားနှင့် တရုတ်နိုင်ငံများသို့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများအပြင် ပင်လယ်ရေကြောင်းမှလည်း တင်ပို့လျက်ရှိသည်။ ယခုရက်သတ္တပတ်အတွင်း ထားဝယ်မြို့ စည်ပင်သာယာစျေးကြီးနှင့် ပတ်ဝန်းကျင်မြို့နယ်များရှိ လက်လီ/လက်ကားစျေးကွက်များတွင် ဖြစ်ပေါ်နေသော စျေးနှုန်းများအရ ကြက်သွန်နီတစ်ပိဿာလျှင် (၆၀၀၀)ကျပ်ခန့်ထိရှိနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ မိုးရာသီ မျှစ်ဈေးကွက်

         တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်အတွင်း မိုးရာသီအစပြုလာသည်နှင့်အမျှ သဘာဝဝါးတောများမှ မျှစ်များပေါများစွာထွက်ရှိလာပြီး မျှစ်ဈေးကွက်များပြန်လည်အသက်ဝင်လာကာ ဒေသခံပြည်သူများအတွက်  စားသောက်ကုန်နှင့်ဝင်ငွေရရှိရေးအတွက် အရေးပါသော သဘာဝထွက်ကုန်တစ်ခုဖြစ်လာပြီး ဒေသတွင်းဈေးကွက်များ၌ မျှစ်အရောင်းအဝယ်များ ကောင်းမွန်လျက်ရှိကြောင်း ဒေသခံများနှင့် ဈေးသည်များထံမှ သိရှိရပါသည်။ ကျေးရွာများတွင် မျှစ်များ နေ့စဉ်ထွက်ရှိလာပြီး ဒေသတွင်း ဈေးများသို့ တင်ပို့ရောင်းချနေကြောင်း သိရှိရပါသည်။ ဒေသခံများသည် တောအတွင်းသို့သွားပြီး သွားရောက်ခူးဆွတ်ကာ လတ်လတ်ဆပ်ဆပ်ရောင်းချခြင်း၊ မျှစ်ချဉ်ဖောက်ခြင်းများပြုလုပ်၍ စီးပွားဖြစ်ရောင်းချလျက်ရှိကြပါသည်။ ဒေသခံများအနေဖြင့် မျှစ်များကို မျှစ်ဟင်းချို၊ မျှစ်သုပ်၊ ငပိရည်နှင့် တွဲဖက်စားသုံးခြင်းနှင့် မျှစ်ချဥ်များကိုလည်း အသား၊ ငါးများနှင့်ရောနှောချက်ပြုတ်ကြသည့်အတွက် လူကြိုက်များလျက်ရှိကြောင်း သိရှိရပါသည်။ မျှစ် ရှာဖွေရောင်းချခြင်းသည် မိုးရာသီကာလအတွင်း မြိတ်မြို့နယ်ရှိ ကျေးလက်ဒေသနေ ပြည်သူများအတွက် အပိုဝင်ငွေရရှိစေသော ရာသီတစ်ခုဖြစ်သည့်အတွက် လက်ရှိတွင် မျှစ်(၁၀)ချောင်းပါ တစ်စည်းလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

၂၀၂၆ ခုနှစ် ဇူလိုင်လ စတုတ္ထပတ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ မြေပဲ၊ နှမ်းဖြူ၊ နှမ်းနက်ဈေးနှုန်းစာရင်းနှင့် ပဲပုတ်လက်ကျန်စာရင်း

           ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ ၂၀၂၆ ခုနှစ် ဇူလိုင်လ စတုတ္ထပတ် မြေပဲ၊ နှမ်းဖြူ၊ နှမ်းနက်ဈေးနှုန်းများမှာ မြေပဲတစ်ပိဿာလျှင် မြေပဲလုံးဆံ ၁၂၀၀၀ ကျပ်ခန့်၊ မြေပဲဆီဆံ တစ်ပိဿာလျှင် ၁၁၅၀၀ ကျပ်ခန့်ရှိပါသည်။ လက်ရှိတွင် မြေပဲ ထွက်ချိန်မဟုတ်ပါ အသစ်များမှာ ဩဂုတ်လလယ်နှင့် စက်တင်ဘာလပိုင်းတို့တွင် ထွက်မည်ဖြစ်ပါသည်။ လက်ရှိလှောင်ပဲလက်ကျန်ရှိပါသည်။ နှမ်းဖြူ မန္တလေးဈေးမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၃၅၀၀၀ ကျပ်ခန့်ရှိပါသည်။ နှမ်းဖြူသစ်ပေါ်ချိန်ဖြစ်ပါသည်။ ကျောက်ဆည်၊ ရွှေဘိုနယ်နှင့် ဝက်လက်နယ်တို့တွင် နှမ်းဖြူအသစ်ပေါ်ပြီး တစ်ရက်လျှင် ၂၅ ပိဿာဆန့် (အရိုင်းအိတ်) အိတ် (၁၀၀၀) ဝန်းကျင်ခန့်ဝင်သည်ဟု ခန့်မှန်းပါသည်။ ဇူလိုင်လ လယ်မှာ ကျောက်ဆည်တွင် နှမ်းအထွက် နှုန်းနည်းပါးမည်ဟု ခန့်မှန်းပါသည်။ နှမ်းနက်(ရိုးရိုး) ဈေးနှုန်းမှာ ၄၅ ပိဿာ တစ်အိတ်လျှင် ၅၄၀၀၀၀ ကျပ်ခန့်ရှိပြီး နှမ်းနက်အသစ်ပေါ်ချိန် ဖြစ်ပါသည်။ ကျောက်ဆည်၊ ရွှေဘိုနယ်နှင့် ဝက်လက်နယ်တို့တွင် နှမ်းနက်အသစ်ပေါ်ပြီး တစ်ရက်လျှင် ၂၅ ပိဿာဆန့် (အရိုင်းအိတ်) အိတ် (၁၅၀၀) ဝန်းကျင်ခန့်  ဝင်သည်ဟု ခန့်မှန်းပါသည်။ ရန်ကုန်ဈေးကွက်တွင် မုန့်ညှင်းဈေးကွက်မရှိပါ။ ၂၀၂၆ ခုနှစ် အတွက် ပဲပုတ်လက်ကျန်တန်ချိန် (၁၇၀၀၀) ဝန်းကျင်ရှိကြောင်းနှင့် ဇူလိုင်လ တတိယပတ်တွင် ပဲပုတ် ၂၀၂၆ ခုနှစ် အတွက် လက်ကျန်တန်ချိန် (၁၆၂၀၀) ရှိရာမှ ယခုတစ်ပတ်တွင် လက်ကျန်တန်ချိန် (၁၇၀၀၀) ရှိကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင် ပဲနှမ်းအသင်းမှ သိရှိရပါသည်။

DOCA(ရန်ကုန်)  

မြစ်ကြီးနားမြို့နယ်တွင်ဖြစ်ပေါ်နေသော ဘိလပ်မြေ၊ ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးဈေးနှုန်းအခြေအနေ

    စားသုံးသူရေးရာဦးစီးဌာန၊ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ပြည်သူလူထုများနှင့် ကျေးလက်နေတောင်သူ လယ်သမားများအား ကုန်စည်များကို ဈေးနှုန်းမှန်ကန်စွာ ဝယ်ယူအသုံးပြုနိုင်ရေးနှင့် ကုန်သွယ်မှု ကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ဒေသတွင်း ကုန်စည်ရောင်းချသောဆိုင်များ၊ စတိုးဆိုင် များ၊ ကုန်မာဆိုင်များ၊ စိုက်ပျိုးရေးသုံးပစ္စည်း ရောင်းချသောဆိုင်များ၊ ဆေးဆိုင်၊ ဆန်ဆိုင်များသို့ အပတ်စဉ်ကွင်းဆင်း၍ ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေများကို လေ့လာဆန်းစစ်တင်ပြလျက်ရှိပါသည်။

     ၂၀၂၆ခုနှစ်၊ ဇူလိုင်လ (စတုတ္ထပတ်)တွင် မြစ်ကြီးနားမြို့နယ်အတွင်း၌ အခြေခံဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများဖြစ်သော ဘိလပ်မြေနှင့် စိုက်ပျိုးရေးလုပ်ငန်းခွင်သုံး စိုက်ပျိုးရေး သွင်းအားစု များဖြစ်သော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများမှာ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းအတိုင်း စီးဝင်လျက် ရှိသော်လည်း ယခုအခြေအနေတွင် လမ်းခရီးပိတ်ဆို့မှုများကြောင့် ကုန်စည်အဝင် ကျဆင်းနေပြီး လက်ကျန်လျော့နည်းနေကြောင်းနှင့် ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရပါသည်။

    ဒေသတွင်း ဘိလပ်မြေဈေးကွက်အခြေအနေမှာ မိုးရာသီကာလဖြစ်သောကြောင့် ဒေသတွင်း အကြီးစား ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အဆောက်ဦးပြင်ဆင်မှုလုပ်ငန်းများ နည်းပါးသွားခြင်း ကြောင့် ဘိလပ်မြေဝယ်လိုအားမှာ ယခင်လများထက် အနည်းငယ် လျော့နည်းသွားသော်လည်း ဈေးကွက်အတွင်း ကုန်စည်ပြတ်လပ်မှုမရှိဘဲ ပုံမှန်အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။ ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်နေသော ဘိလပ်မြေဈေးနှုန်းမှာ  Crown-525 တစ်အိတ်လျှင် ကျပ် ၅၆၀၀၀၊ Crown-425 တစ်အိတ်လျှင်ကျပ် ၅၅၅၀၀၊ Alpha တစ်အိတ်လျှင်ကျပ် ၅၅၀၀၀၊ Apache တစ်အိတ်လျှင်ကျပ် ၅၅၀၀၀ တို့ဖြင့် ဈေးကွက်အတွင်း အသီးသီးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

    စိုက်ပျိုးရေးသွင်းအားစု (ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေး) ဈေးကွက်အခြေအနေမှာ မိုးရာသီ စိုက်ပျိုးချိန်ကာလဖြစ်သောကြောင့် တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးရေးသွင်းအားစုများ ဖြစ်သော ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ အဝယ်လိုက်လျက်ရှိပါသည်။ ယခုအချိန်တွင် ကားလမ်း များ ပိတ်ဆို့ထားမှုရှိသော်လည်း သွင်းအားစုများကို ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးကို သက်ဆိုင်ရာဌာနများမှ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။ ဈေးကွက်အတွင်း ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးဈေးနှုန်းများ တည်ငြိမ်လျက်ရှိပြီး  ၂၀၂၆ခုနှစ်၊ ဇူလိုင်လ(စတုတ္ထပတ်)တွင် ဖြစ်ပေါ်နေ သော ဓာတ်မြေဩဇာဈေးနှုန်းများမှာ ပုလဲ(ရွှေတောင်) (50KG) တစ်အိတ်လျှင်ကျပ် ၂၄၀၀၀၀၊ ကွန်ပေါင်း(အာမို)(၁၀:၁၀:၅)(50KG)တစ်အိတ်လျှင်ကျပ်၂၃၀၀၀၀၊ ကွန်ပေါင်း (၁၅:၁၅:၁၅) (50KG) တစ်အိတ်လျှင်ကျပ် ၂၆၀၀၀၀ ဖြင့်ရောင်းချလျက်ရှိပြီး ပိုးသတ်ဆေးဈေးနှုန်းများအနေဖြင့်  Rocket (ဝိစာရ)10cc တစ်ထုပ်လျှင်ကျပ် ၃၀၀၀ ၊ Rocket (ဝိစာရ)100cc တစ်ထုပ်လျှင်ကျပ် ၁၂၀၀၀ ၊ အီဘာလန်ဒါ (ဝိစာရ) 100g တစ်ထုပ်လျှင်ကျပ် ၂၀၀၀၀ ၊ အလန်း(ဩဘာ)100g တစ်ထုပ်လျှင်ကျပ် ၂၃၀၀၀၊ ဘတ်တား(ဩဘာ)10g တစ်ထုပ်လျှင်ကျပ် ၃၅၀၀ တို့ဖြင့်ရောင်းချလျက်ရှိကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ကန့်ဘလူမြို့နယ်၏ ဆီထွက်သီးနှံဈေးနှုန်း/ဈေးကွက် အခြေအနေ

    စစ်ကိုင်းတိုင်းဒေသကြီး၊ကန့်ဘလူခရိုင်ကန့်ဘလူမြို့နယ်သည်လယ်ယာစိုက်ပျိုးရေးလုပ်ငန်း များကို အဓိကလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ပြီး သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံများ ဖြစ်သည့် နှမ်း၊ နေကြာ၊ မြေပဲဆန်နှင့် ကြက်ဆူ စသည်သီးနှံများ၏ ဇူလိုင်လ စတုတ္ထပတ် ဈေးနှုန်းများကို စုစည်းဖော်ပြလိုက်ပါသည်။

နှမ်း

     ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ စတုတ္ထပတ်အတွင်း ကန့်ဘလူမြို့နယ်၌ နှမ်းနက်(စမုန်)တစ်တင်း လျှင် ကျပ် ၁၈၀၀၀၀၊ နှမ်းဖြူ(ဂျပန်)တစ်တင်းလျှင် ကျပ် ၁၂၃၀၀၀ ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိရာ ယခင်အပတ်၏ ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက မန္တလေးဈေးကွက်တွင် နှမ်း အရောင်း အဝယ်လိုက်၍ နှမ်းနက်တစ်တင်းလျှင် ကျပ် ၅၀၀၀ နှမ်းဖြူတစ်တင်းလျှင် ကျပ် ၇၀၀၀ ဒေသတွင်း ဈေးကွက်၌ ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။

ဆီနေကြာ

     ဇူလိုင်လ စတုတ္ထပတ်အတွင်း ဆီနေကြာတစ်တင်းလျှင် ကျပ် ၅၁၀၀၀၊ နေကြာညံ့လျှင် ကျပ် ၅၀၅၀၀နှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်အတွင်း ဒေသတွင်းဈေးကွက်၌ အရောင်းအဝယ်အေး၍ ဆီနေကြာဈေးနှုန်းများ တည်ငြိမ် လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။

ကြက်ဆူ

     ဒေသတွင်းဈေးကွက်၌ ကြက်ဆူတစ်တင်းလျှင် ကျပ် ၄၈၀၀၀၊ ကြက်ဆူညံ့လျှင်ကျပ် ၄၇၅၀၀ နှုန်းပေါက်ဈေးရှိသော်လည်း သီးနှံအဝင်မရှိသောကြောင့် အရောင်းအဝယ်ဖြစ်မှုနည်းကာ ယခင် အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ယခုပတ်စတုတ္ထပတ်အတွင်း ကြက်ဆူတစ်တင်းလျှင် ကျပ် ၂၀၀၀ ဈေးနှုန်းကျဆင်းသွားကြောင်း သိရသည်။

မြေပဲဆံ

          ကန့်ဘလူမြို့နယ်တွင် ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း အရောင်းအဝယ်ဖြစ်နေသည့် မြေပဲ လုံးဆံများကို ဒေသတွင်းရှိ စိုက်ပျိုးသူများထံမှလည်းကောင်း၊ မန္တလေးမြို့နှင့် ရွှေဘိုမြို့တို့မှ လည်းကောင်း ဝင်ရောက်လျက်ရှိရာ ဇူလိုင်လ စတုတ္ထပတ်အတွင်း မြေပဲလုံးဆန်တစ်ပိဿာလျှင် ကျပ် ၈၆၂၀ နှင့် ၂၅ ပိဿာတစ်အိတ်လျှင် ကျပ် ၂၁၅၅၀၀ ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိ ရာ ယခင်အပတ် ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ယခုစတုတ္ထပတ်အတွင်း အရောင်းအဝယ်အေး၍ မြေပဲဆံဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း ဒေသတွင်း သီးနှံပွဲရုံများထံမှ သိရသည်။

DOCA(စစ်ကိုင်း)

နေကြာပင်ပေါက်(Sunflower Microgreens) စိုက်ပျိုးပုံနှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

ကျန်းမာရေးကိုအလေးထားလာသည့်စားသုံးသူများ ပိုမိုများပြားလာခြင်းနှင့်အတူအာဟာရ ကြွယ်ဝ သည့် နေကြာပင်ပေါက်စိုက်ပျိုးမှုနှင့် စားသုံးမှုသည် လတ်တလောတွင် လူထုများအကြား စိတ်ဝင်စားမှု တဖြည်းဖြည်း မြင့်တက်လာကြောင်းသိရသည်။

          နေကြာပင်ပေါက်(Sunflower Microgreens)သည် နေကြာစေ့များကို မြေဩဇာ သို့မဟုတ် အမှုန့် ကြိတ်ထားသောအုန်းခွံ နှင့် ရောနှောထားသည့်မြေကြီးအပေါ်တွင် စီစီရီရီဖြန့်ကျဲစိုက်ကာ ရေဖြန်းပေးပြီး ၇ ရက်မှ ၁၂ ရက်ခန့်အတွင်း ရိတ်သိမ်းနိုင်သည့် အပင်ပေါက်အမျိုးအစားဖြစ်သည်။ အချိန်တိုတောင်းပြီး နေရာကျဉ်းများတွင်လည်း အလွယ်တကူ စိုက်ပျိုးနိုင်သောကြောင့် အိမ်တွင်းစိုက်ပျိုးမှုအဖြစ်လည်း လူကြိုက်များလာသည်။

          စိုက်ပျိုးရာတွင် အရည်အသွေးကောင်းမွန်သည့် နေကြာစေ့များကို ရွေးချယ်စိုက်ပျိုးရန် လိုအပ်ပြီး မျိုးစေ့များကို ၈ နာရီမှ ၁၂ နာရီခန့် ရေစိမ်ထားပြီးနောက် စိုက်ပျိုးရသည်။ စိုက်ပြီး ပထမ ၂ ရက်မှ ၃ ရက် အတွင်း အလင်းရောင်တိုက်ရိုက်မရရှိစေဘဲ အပူချိန်နှင့်စိုထိုင်းဆကို ထိန်းသိမ်းပေးရသည်။ အပင်ပေါက် လာပြီး နောက် နေရောင်ခြည်အလင်းရောင် သို့မဟုတ် LED Grow Light အောက်တွင်ထားရှိကာ နေ့စဉ်ရေ ဖြန်းပေးပါက အရည်အသွေးကောင်းမွန်သည့် အရွက်အစိမ်းရောင် နေကြာပင်ပေါက်လေးများကို ရရှိနိုင် ပါသည်။

          Sunflower Microgreens သည် ရင်းနှီးမြှပ်နှံမှုနည်းပါးပြီး ရိတ်သိမ်းချိန်တိုသောကြောင့် ဝင်ငွေ အမြန်ပြန်လည်ရရှိနိုင်သည့် သီးနှံတစ်မျိုးဖြစ်ကာ ဈေးကွက်လိုအပ်ချက်လည်း တဖြည်းဖြည်းတိုးလာ နေကြောင်း သိရသည်။

Sunflower Microgreens များကို ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ကော်ဖီဆိုင်များနှင့် ကျန်းမာရေး အစားအစာရောင်းချသည့်ဆိုင်များက အဓိကဝယ်ယူအသုံးပြုလျက်ရှိပြီး အသုပ်၊ Sandwish ၊ Burger ၊ Smoothie နှင့် အခြားအစားအစာများတွင် အလှဆင်စားသုံးရန် အသုံးများလာသည်။

လတ်ဆတ်သော စိမ်းစိမ်းစိုစိုနေကြာပင်ပေါက်များကို ၁၅၀ ဂရမ်လျှင် ကျပ် ၄၀၀၀ မှ ၅၀၀၀အထိ ရောင်းချ‌နေကြပြီး အရည်အသွေး၊ ထုပ်ပိုးပုံနှင့် ရောင်းချသည့်ဒေသပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှု ရှိနိုင်ပါသည်။ ထို့အပြင် Facebook Page များ၊ Online Marketplace များနှင့် စိုက်ပျိုးသူမှစားသုံးသူသို့ တိုက်ရိုက်ရောင်းချသည့် စနစ်များကို အသုံးပြု၍ ဈေးကွက်ချဲ့ထွင်လာကြသဖြင့် Sunflower Microgreens စိုက်ပျိုးသူများအတွက် အရောင်းအဝယ်အခွင့်အလမ်းများ ပိုမိုများပြားလာနေကြောင်းလေ့လာ သိရှိရ ပါသည်။

DOCA(ရှမ်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း