ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ပခုက္ကူမြို့မဈေး၌ ဖေဖေါ်ဝါရီ (စတုတ္ထပတ်)တွင် သံပုရာသီး ဈေးတက်၍ အရောင်းအဝယ်ဖြစ်နေ

               ဆေးဖက်ဝင် သံပုရာသီးကို ပခုက္ကူမြို့အနီးတစ်ဝိုက်ရှိ ကျွန်းဦး၊ ကျွန်းညို၊ ကံလှ ကျေးရွာများနှင့် မြစ်ခြေ၊ ကမ္မမြို့ ဥယျာဉ်ခြံမြေများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ သံပုရာပင် သည် နှစ်ရှည်ပင်ဖြစ်သည့်အတွက် တစ်ခါစိုက်ပျိုးပြီးလျှင်ပင် နှစ်ရှည်ထိုင်စား၍ရသော သီးနှံပင် ဖြစ်ပါသည်။ သံပုရာပင်ကို တစ်ချို့မှာ အိမ်ခြံဝန်းထဲတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြသလို စီးပွားဖြစ် လည်း စိုက်ပျိုးကြပါသည်။ သံပုရာပင် တစ်ပင်လျှင်ထွက်ရှိသော ပျမ်းမျှအသီးနှုန်းမှာ (၇၀-၉၀)အထိ ထွက်ရှိကြောင်း သိရပါသည်။ ပခုက္ကူဈေးကွက်သို့ အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ လာရောက်ရောင်း ချကြောင်း သိရပါသည်။ ပခုက္ကူ ဈေးကွက်တွင်ရောင်းချလျက်ရှိသော သံပုရာသီးဈေးနှုန်းများ အနေ ဖြင့် ၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါရီလ (စတုတ္ထပတ်)တွင် ဆယ်လုံးလျှင် ကျပ်(၅၀၀၀ မှ ၈၀၀၀)၊ တစ်လုံးလျှင် ကျပ်(၅၀၀ မှ ၈၀၀)ဈေးဖြင့် ရောင်းချလျက်ရှိပါသည်။ သံပုရာသီးများကို ပခုက္ကူဈေးကွက်မှ တစ်ဆင့်မြို့ပေါ်ရှိ စားသောက်ဆိုင်များနှင့် ကုန်စိမ်းဈေးကွက်များသို့လည်း တင်ပို့ရောင်းချကြောင်း၊ လူတို့အတွက် သံပုရာသီးကို ကျန်းမာရေးအရသော်လည်းကောင်း၊ အသုပ်မျိုးစုံပြုလုပ်ရာတွင်သော်လည်းကောင်း နေ့စဉ်အမျိုးမျိုးပြုလုပ် စားသုံးကြသည့်အပြင် ယခုအချိန်သည် ပူအိုက်ရာသီ နွေရာသီအချိန်ဖြစ်၍ သောက်သုံးမှုများခြင်းကြောင့် ပိုမိုအရောင်းအဝယ်သွက်ကြောင်း ဈေးကွက်မှ သိရပါသည်။

              ထို့ကြောင့် သံပုရာပင်စိုက်ပျိုးသော တောင်သူများအနေဖြင့် စိုက်ပျိုးရာတွင်လွယ်ကူပြီး စိုက်ပျိုးစရိတ်လည်းသက်သာ၍ နှစ်ပတ်လည်ဝင်ငွေများရရှိလာသဖြင့် အပိုဝင်ငွေများလည်း ရရှိလာ ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၆,၄၃၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

    စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ မတ်လ  ၆  ရက်နေ့မှ ၁၂ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာစားအုန်းဆီတစ်ပိဿာလျှင်ငွေကျပ်၆,4၃၀ဖြစ်ကြောင်းစားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာ ထားကြောင်း သိရှိရပါ​သည်။

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

မြင်းခြံမြို့၊ ကြံစိုက်ပျိုးထားရှိမှုနှင့်ဈေးကောင်းရရှိနေသော ကြံစိုက်ခင်းများ

                      မြင်းခြံမြို့နယ်သည် နှစ်ရှည်ပင်တစ်မျိုးဖြစ်သော စားကြံသီးနှံပင်ကိုလည်း စိုက်ပျိုးထား ကြောင်း၊ ၂၀၂၅/၂၀၂၆ ခုနှစ်တွင် စားကြံစိုက်ဧက (၇၈)ဧကစိုက်ပျိုးထားကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရသိရှိရသည်။ စားကြံများကို ပတ္တာကျေးရွာ၊ လယ်သစ်ရွာနှင့် သစ်ပင်ရှည်ကျေးရွာတို့တွင် မြေအောက်ရေတင်စနစ်ဖြင့် စိုက်ပျိုးထားကြောင်း၊ ရေကြိုက်သောသီးနှံ ဖြစ်သော်လည်း ရေဝပ်ခြင်းကို မနှစ်သက်ကြောင်း၊ ထယ်ထိုးထွန်မွှေ နှစ်ကြိမ်မှသုံးကြိမ် ပြုလုပ်ပြီး ထယ်ရေးညက်အောင်ပြုလုပ်ပေးရကြောင်း၊ စိုက်ပျိုးရန်အတွက် မြေကိုညှိ၍ စိုက်ပျိုးပေးရကြောင်း၊ ရင့်မာသောကြံဆစ်ပိုင်းများကို ဖြတ်တောက်၍ ကိုင်းဖြတ်မျိုးပွားပြီး ထယ်ကြောင်းပေး၍အနက်(၆-၁၂) လက်မတွင် မြောင်းအတွင်း၌ အလျားလိုက်ချ၍ စိုက်ပျိုးကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့် (၁၅) တန် ခန့်ထွက်ရှိကြောင်း၊  ဒေသထွက်ကြံစျေးနှုန်းများမှာ(၁)ချောင်းလျှင်(၅၅၀၀)ကျပ်၊ (၁၀)ချောင်းပါ တစ်စည်းလျှင်(၅၀၀၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့်  အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သစ်ပင်ရှည် ကျေးရွာမှ ကြံစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။

DOCA(မန္တလေး)

ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ဖြူ/နီ ဈေးနှုန်းနှင့် ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်သည့် အရေအတွက်

          ၃.၃.၂၀၂၆ ရက်နေ့ ဘုရင့်နောင်ပွဲရုံတွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ ကြူကုတ် (ရှယ်) တစ်ပိဿာ ဈေးနှုန်းများမှာ ကျပ် ၁၀၈၀၀၊ အောင်ပန်းထူး-၂ ကျပ် ၅၀၀၀၊ အောင်ပန်းထူး-၃ ကျပ် ၆၀၀၀၊ အောင်ပန်းထူး-၄ ကျပ် ၇၅၀၀၊ အောင်ပန်းထူး-၅ ကျပ် ၇၅၀၀၊ ကြက်သွန်နီ တစ်ပိဿာ ဈေးနှုန်းများမှာ ဆိပ်ဖြူ (ရှယ်) ကျပ် ၁၂၅၀၊ ဆိပ်ဖြူ လတ်ကြီး ကျပ် ၁၂၅၀၊ ဆိပ်ဖြူ လတ်သန့် ကျပ် ၁၂၅၀၊ ဆိပ်ဖြူ လတ်ချော ကျပ် ၉၅၀၊ ဆိပ်ဖြူ ပင်လေး (ရှယ်) ကျပ် ၁၅၀၀၊ ဆိပ်ဖြူ ပင်လေး (လတ်ကြီး) ကျပ် ၁၅၀၀၊ ဆိပ်ဖြူ ပင်လေး (လတ်သန့်) ကျပ် ၁၂၀၀၊ ဆိပ်ဖြူ ပင်လေး (လတ်ချော) ကျပ် ၁၁၀၀၊ မြစ်သား (ရှယ်) ကျပ် ၁၈၀၀၊ မြစ်သား လတ်ကြီး ကျပ် ၂၀၀၀၊ မြစ်သား  လတ်သန့် ကျပ် ၂၀၀၀၊ မြစ်သား လတ်ချော ကျပ် ၁၆၀၀ တို့ရှိကြောင်း၊ မြင်းခြံ(ရှယ်)ကျပ် ၁၂၀၀၊ မြင်းခြံလတ်ကြီး ကျပ် ၁၂၅၀၊ မြင်းခြံ  လတ်သန့် ကျပ် ၁၂၀၀၊ မြင်းခြံ လတ်ချော ကျပ် ၁၀၀၀၊ မြစ်သား မျိုးမှား (ရှယ်) ကျပ် ၁၅၀၀၊ မြစ်သားမျိုးမှား လတ်ကြီး ကျပ် ၁၅၀၀၊ မြစ်သားမျိုးမှာ  လတ်သန့် ကျပ် ၁၅၀၀၊ မြစ်သားမျိုးမှား လတ်ချော ကျပ် ၁၄၀၀ တို့ရှိကြောင်း၊ ယခုတစ်ပါတ်တွင် ကြက်သွန်ဖြူ ကြူကုတ်မှာ  ဈေးနှုန်းကျပါကြောင်းနှင့် ကြက်သွန်နီဈေးနှုန်းများမှာ တစ်ပိဿာ လျှင် ကျပ် ၂၀၀/၄၀၀ ဈေးနှုန်းကျပါကြောင်း၊ ယနေ့ ၃.၃.၂၀၂၆ ရက်နေ့တွင် ကြက်သွန်နီ ကား (၄၀) စီး (၂၄၀၀၀၀) ပိဿာ၊ ကြက်သွန်ဖြူမှာ (၁၄၅၀) အိတ်နှင့် (၂၉၀၀၀) ပိဿာ အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၅-၃-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၅-၃-၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

“ကျောက်ဆည်မြို့နယ်တွင်ပဲစဉ်းငုံရိတ်သိမ်းမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေ”

                  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသဖြစ်သောကြောင့် သီးနှံမျိုးစုံစိုက်ပျိုး ဖြစ်ထွန်းလျက်ရှိရာ ၎င်းသီးနှံများအနက် ပဲစဉ်းငုံ(မိုးဦး)ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင် (၉၄၀)ဧက စိုက်ပျိုးထားရှိပြီး (၃၀၀)ဧက ရိတ်သိမ်း ပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည် ။ ပဲစဉ်းငုံကို သီးသန့်စိုက်ပျိုးမှု များရှိသလို သီးထပ်သီးညှပ်အဖြစ်လည်း စိုက်ပျိူးကြကြောင်း ၊ အများဆုံး စိုက်ပျိုးသော မျိုးများမှာ ကြေးနီရောင်တဘက်လှဲမျိုး၊ ရွှေဝါရောင်လုံးသေးဒင်္ဂါးမျိုးများကို အများဆုံး စိုက်ပျိုးကြကြောင်း၊ မေလနှင့်ဇွန်လများတွင်စတင်စိုက်ပျိုးခဲ့ပြီး ယခုအချိန်တွင် ပဲစဉ်ငုံများ ရိတ်သိမ်းနေပြီဖြစ်ကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၃၀၀၀၀၀/-)ကျပ် ဝန်းကျင်ခန့် ကုန်ကျကြောင်း ၊ ယခုနှစ် အထွက်နှုန်းအနေဖြင့် (၁၁-၁၂)တင်းခန့် ထွက်ရှိကြောင်း ၊ စျေးနှုန်းအနေဖြင့် ဇန်နဝါရီလ နောက်ဆုံးပတ်တွင် တစ်တင်းလျှင် (၉၂၀၀၀/-)ကျပ် စျေးနှုန်းရှိခဲ့ပြီး ယခုအချိန်တွင် တစ်တင်းလျှင် (၉၉၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ယခင်လနှင့်နှိုင်းယှဉ်ပါကဈေးနှုန်းများမြင့်တက်လာကြောင်း ၊ အကျိုးအမြတ်အနေဖြင့် (၇၈၀၀၀၀/-) ကျပ်ခန့်မြတ်ခဲ့ကြောင်း၊ယခုအချိန်တွင်ကျောက်ဆည်မြို့နယ်ရှိဖျောက်ဆိပ်ပင်ကျေးရွာ၊ ဘော်တောင် ကျေးရွာ နှင့် ရဲဘော်ကြီးကျေးရွာများတွင် အများဆုံး ရိတ်သိမ်းနေပြီဖြစ်ကြောင်း ၊ ပဲစဉ်းငုံစိုက် တောင်သူများမှ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့‌ရောင်းချလျက်ရှိပြီး ပွဲရုံများမှ တစ်ဆင့် ရန်ကုန် ၊ မန္တလေးမြို့များသို့ တင်ပို့ရောင်းချကြကြောင်း ပွဲရုံများမှသိရှိရပါသည်။   DOCA(မန္တလေး)

 

 

 

“မိုးစပါးများရိတ်သိမ်းပြီးစီးမှုနှင့်စျေးနှုန်းအခြေအနေ”

                                    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်သည် ဆည်ရေသောက်ဒေသတစ်ခု ဖြစ်သော ကြောင့်စပါး၊ပဲ၊ပြောင်း၊နှမ်းသီးနှံမျိုးစုံအောင်မြင်ဖြစ်ထွန်းလျက်ရှိရာ၄င်းသီးနှံများအနက် စပါးသီးနှံကို၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မိုးစပါးစိုက်ပျိုးမှုအနေဖြင့် ကျောက်ဆည်မြို့နယ်တွင်(၅၂၃၃၄)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၂၉၃၆၂)ဧက ၊ မြစ်သားမြို့နယ်တွင် (၅၅၄၈၅)ဧက ၊ စုစုပေါင်း(၁၃၇၁၈၁)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအချိန်တွင် မိုးစပါးများအားလုံးနီးပါး ရိတ်သိမ်းပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန ၏စာရင်းများအရသိရှိရပါသည် ။ ကျောက်ဆည်မြို့နယ်အတွင်း မိုးစပါးကို အရည်အသွေးကောင်း စျေးကောင်းရရှိသော ဧရာပဒေသာစပါး နှင့် မနောသုခစပါး မျိုးများကို အဓိကထား စိုက်ပျိုးကြ ကြောင်း၊ မိုးစပါးစိုက်ပျိုးမှုတွင် ပျိုးထောင်စိုက်ပျိုးမှုနှင့်ပတ်ကြဲစိုက်ပျိုးမှုများကိုစိုက်ပျိုးကြကြောင်း၊ (၁)ဧကကုန်ကျစရိတ်အနေဖြင့်မျိုး၊သွင်းအားစု၊လုပ်သားခအပါအဝင်စုစုပေါင်း(၁၀၅၀၀၀၀)ကျပ်ဝန်းကျင်ခန့်ကုန်ကျကြောင်း ၊ ယခုအချိန်တွင် (မိုးစပါး)များ အားလုံးနီးပါး ရိတ်သိမ်းပြီးဖြစ်ကြောင်း၊ အထွက်နှုန်းအနေဖြင့်(၇၅-၈၀)တင်းခန့်ထွက်ရှိကြောင်း၊(၁)ဧကအကျိုးမြတ်အနေဖြင့်(၁၂၀၀၀၀၀/-) ကျပ်ရရှိကြောင်း၊စပါးစိုက်ပျိုးသောတောင်သူတစ်ဦး၏ပြောကြားချက်အရသိရှိရပါသည်။ယခုလက်ရှိစပါးစျေးနှုန်းအနေဖြင့်မနောသုခစပါး(မိုး)တင်း (၁၀၀)လျှင် (၁၇၀၀၀၀၀-၂၀၀၀၀၀၀) ကျပ် ၊ မနောသုခ ဆန်(သစ်) ၂၄ ပြည် တစ်အိတ်လျှင် (၅၅၀၀၀-၆၀၀၀၀/-)ကျပ် ၊ ဧရာပဒေသာစပါး တင်း(၁၀၀)လျှင် (၃၀၀၀၀၀၀/-)ကျပ် ၊ ဧရာပဒေသာဆန်(သစ်) ၂၄ပြည် တစ်အိတ်လျှင် (၁၀၂၀၀၀-၁၀၅၀၀၀)ကျပ် စျေးနှုန်းများဖြင့် အ‌ရောင်းအဝယ်ဖြစ်နေကြောင်း ပွဲစားများထံမှသိရှိရပါသည်။

DOCA(မန္တလေး)

                            

                                               

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၃-၃-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၃-၃-၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

ပေါ်ဦးပေါ်ဖျားဖြစ်သော်လည်း ဒန့်သလွန်သီးအနည်းငယ်ကျဆင်း

       မြိတ်မြို့နယ်တွင် ဒေသတွင်းစားသုံးရန်အတွက် သီးနှံများ စိုက်ပျိုးကြပြီး အခြားဒေသမှ  ဝင်ရောက်လာသော ခရမ်းချဥ်သီး၊ ခရမ်းသီး၊ ရုံးပတေသီး၊ ရွှေဖရုံသီး၊ ခဝဲသီးအစရှိသည့် သီးနှံများကို တင်သွင်းရောင်းချလျက်ရှိပါသည်။  ဒန့်သလွန်သီးကို မြိတ်မြို့မှာ စီးပွားရေးဖြစ် စိုက်ပျိုးလျက်ရှိပြီး ဇန်နဝါရီလထက် ဖေဖော်ဝါရိလတွင် ဈေးနှုန်းများကျဆင်းသွားကြောင်း သိရှိရပါသည်။ ခရီးလမ်း အခြေအနေ ကြောင့် တင်သွင်းလာသည့်သီးနှံများဈေးတက်နေသည့် အချိန်မှာ ဒန့်သလွန်သီးများမှ ပေါ်ဦးပေါ်ဖျားဖြစ်သည့်အပြင်  ယခုဖေဖော်ဝါရီလတွင် ထွက်များသောကြောင့် ဈေးနှုန်းများ ကျဆင်း သွားကြောင်း သိရှိရပါသည်။ ဈေးကျဆင်းနေသော်လည်း ဒန့်သလွန်သီးမှာ လူကြိုက်များပြီး ရောင်း အားကောင်းကြောင်း သိရှိရပါသည်။ တစ်နှစ်မှ တစ်ရာသီတွင် စားသုံးရသော ဒန့်သလွန်သီးမှာ မြိတ်ခရိုင်၊ မြိတ်မြို့နယ် အတွင်းရှိဈေးများတွင် ရောင်းချလာကြောင်းတွေ့ရပါသည်။     

     ဒန့်သလွန်သီးကို ခရမ်းချဉ်သီး၊ ဘူးသီးတို့နှင့် တွဲဖက်၍ ချဉ်ဟင်းချက်စားခြင်း၊ ငါးခြောက်၊ ငါးခြောက်ရိုးများနှင့် ချက်စားခြင်း၊ဟင်းခါးရည်ချက်၍ စားသုံးခြင်းဖြင့် ထမင်းမြိန်စေသောဟင်း တစ်ခွက်ရရှိစေနိုင်ပါသည်။ ထို့ကြောင့် ရာသီပေါ်ဒန့်သလွန်သီးကို ကျန်းမာရေးအတွက် လည်း ကောင်း၊ ထမင်းမြိန်စေသော ဟင်းတစ်ခွက်အဖြစ်လည်းကောင်း စားသုံးနိုင်သော အစားအစာတစ်ခု ဖြစ်ကြောင်းသိရှိရပါသည်။

    ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလတွင် မြိတ်မြို့နယ်တွင်  ဒန့်သလွန်သီး ဆယ်လုံးပါတစ်စည်းလျှင် (၅၀၀၀)ကျပ်ဖြစ် ရှိပြီး ဖေဖော်ဝါရီလနောက်ဆုံးပတ်တွင် ဒန့်သလွန် ဆယ်လုံးပါတစ်စည်းလျှင် (၃၅၀၀)ကျပ်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

 

မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ဆူးပုတ်ရွက်

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ဆူးပုတ်ရွက်များကို  မိသားစုစားဝတ်နေရေး အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေသည့် ဆူးပုတ်ပင်များကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလာကြသည်ကိုသိရှိရပါသည်။ ဆူးပုတ်ပင်ကိုအပင်(၃၀၀)ခန့်စိုက်ပျိုးထားရှိရာ စိုက်ပျိုးပြီး (၆) လအကြာတွင်ခူးဆွတ်ရောင်းချကြောင်း ဆူးပုတ်ရွက်ကို(၂)ရက်တစ်ကြိမ် ခူးဆွတ်ရပြီး အစည်း ရေ(၂၀၀)ကျော် ခန့်ထွက်ရှိကြောင်း၊ ရာသီဥတုပေါ်မူတည်ပြီး ရေသွင်းခြင်းနှင့် ဆေးဖျန်းပေး ရကြောင်းသိရှိရပါသည်။ ဆူးပုတ်ရွက်များကို ဖောက်သည်သွင်းရောင်းချသလို ကိုယ်တိုင်လည်း ရောင်းချကြကြောင်း၊ ဆူးပုတ်ရွက်ကို အကုန်မညှပ်ဘဲ ဈေးကောင်းသည့်အချိန်မှဖမ်းညှပ်သလို ပုံမှန် ဝင်ငွေရသော်လည်း ထိန်းညှပ်ရတာလည်းရှိကြောင်းနှင့် အချို့ကျေးရွာများတွင်လည်း ကျယ်ကျယ် ပြန့်ပြန့်စိုက်ပျိုးလာကြောင်း ဆူးပုတ်ရွက်စိုက်ပျိုးသူတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။ သားငါးများထက် ရာသီမရွေးပေါ်ထွက်နေသောသီးနှံများ ရာသီအလိုက်ထွက်ပေါ်နေသောသီးနှံများ ယခုဈေးကွက်များအတွင်းသို့ ဆူးပုတ်ရွက်သည်လည်း ဝင်ရောက်လာသဖြင့် စိုက်ပျိုးသူများ အရောင်းအဝယ်သွက်နေကြောင်းလည်း သိရှိရပါသည်။ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလနောက်ဆုံးပတ် တွင် မြိတ်မြို့ပေါ်တွင် ရောင်းချနေသော ဆူးပုတ်ရွက်ဈေးနှုန်းမှာ တစ်စည်းငယ်တစ်စည်းလျှင် (၆၀၀)ကျပ်ခန့်ရှိကြောင်း သိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း