ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

တောင်တွင်းကြီးမြို့နယ်၌ နွေစပါးစိုက်ပျိုးပြီးစီးမှု အခြေအနေ

 

          မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်၌ ဆည်ရေသောက်စနစ်ကို အသုံးပြု ပြီး နွေစပါးလယ် (၁၀၀၂)ဧက စိုက်ပျိုးပြီးစီးနိုင်ခဲ့ကြောင်း စိုက်ပျိုးရေးဌာနမှ သိရှိရပါသည်။

          တောင်တွင်းကြီးမြို့နယ်အတွင်းရှိ ရန်ပယ်ဆည်ရေသောက်၊ ငမင်ဆည်ရေသောက်စနစ်ဖြင့် နွေစပါး ဧက(၉၀၀)ကျော်စိုက်ပျိုးရန် လျာထားသတ်မှတ်ပြီး ယခုအခါတွင် သတ်မှတ်လျာထား ဧက ထက် ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကာ နွေစပါးဧကများ ပန်းတိုင်အထွက်နှုန်းရရှိရေး မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါသည်။  တောင်တွင်းကြီးမြို့နယ်တွင် အောင်နိုင်တိုး နွေစပါးမျိုးကို အဓိကထားစိုက်ပျိုးပြီး စပါးမျိုးစေ့ တစ်တင်းခွဲ (၁)အိတ်လျှင် (၇၅၀၀၀) ကျပ်ဖြင့် ဝယ်ယူရရှိပြီး တစ်ဧကလျှင် တစ်တင်းခွဲအိတ်(၁)အိတ် ကုန်ကျကြောင်း၊ တောင်တွင်းကြီး မြို့နယ်အနေဖြင့် နွေစပါးစိုက်ပျိုးထုတ်လုပ်မှုမှာ ရန်ပယ်ဆည်ရေသောက်စနစ်ဖြင့် (၉၅၂)ဧက၊ ငမင် ဆည်ရေသောက်စနစ်ဖြင့် နွေစပါး (၅၀)ဧက၊ စုစုပေါင်း (၁၀၀၂)ဧက လျာထားဧက ထက်ကျော် လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် ရက်ပေါင်း (၁၂၀)ရှိလျှင် စတင်ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

DOCA(မကွေး)

ကရင်ပြည်နယ်အတွင်းရှိ ရာဘာဈေးနှုန်းဈေးကွက်

          ကရင်ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းများအရ (၂၀၂၆ ခုနှစ်) စိုက်ပျိုးရာသီ အတွက် ရာဘာစိုက်ဧကမှာ (၂၇၁၃၀၆) ဖြစ်ပြီး ရာဘာရိတ်သိမ်းဧကမှာ (၂၆၁၁၅၉)ဖြစ်ကာ ရာဘာ အထွက်နှုန်းမှာတော့ (၅၇၅ ၄၇) ပေါင် တို့ဖြစ်ကြောင်း သိရသည်။

          ရာဘာစိုက်ပျိုးတောင်သူများအနေဖြင့် ရာဘာစေးများကို အောက်တိုဘာလမှစတင်၍ မိုးမကျမီ မေလဆန်းအထိ အစေးခြစ်ကြောင်း၊ ရာဘာအစေးကို ည ၁၁:00 နာရီမှနံနက် ၅း၀၀ နာရီအချိန် အထိ အစေးခြစ်ယူပြီး ရရှိလာသော ရာဘာစေးကို အက်စစ်နှင့်အအေးခံကာ ခွက်နှင့် ပုံသွင်း၍ စက်ဖြင့်ကြိတ်ကာ ၃ ပေါင်ခွဲ ၄ ပေါင်ခန့် ရှိသော ရာဘာများကို ၄/၅ ရက်ခန့် နေလှန်းပြီး ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ၊ ဈေးကွက်တွင် ရာဘာကို Grade 1,2,3,ခွဲကာ ရောင်းချပြီး ကရင်ပြည်နယ်ဒေသအသီးသီးမှထွက်ရှိသော ရာဘာကုန်ကြမ်းများကို ဘားအံမြို့ပေါ် ရှိ အဝယ်ဒိုင်များသို့ ရောင်းချလျက်ရှိပြီး ဘားအံမြို့ရှိအဝယ်ဒိုင်များမှ ရန်ကုန်ရှိ ကုမ္ပဏီများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းနှင့် အစေးစတင်ခြစ်သောအချိန် အောက်တိုဘာလတွင် ရာဘာ တစ်ပေါင်ဈေးနှုန်းမှာ (၂၈၀၀)ကျပ်နှင့်မေလတတိယပတ်တွင် ရာဘာတစ်ပေါင်ဈေးနှုန်းမှာ (၃၂၀၀) ကျပ်အထိ ဈေးပိုရကာ ရာဘာစိုက်တောင်သူများအတွက် အကျိုးအမြတ်ပိုရရှိကြောင်း ရာဘာစိုက် တောင်သူများထံမှ သိရသည်။

DOCA(ကရင်)

“စဉ့်ကိုင်မြို့နယ်တွင်မိုးပြောင်းဖူးများစတင်စိုက်ပျိုးမှုနှင့်ဈေးနှုန်းဈေးကွက်အခြေအနေ”      

               မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်သည် ဆည်ရေသောက်ဒေသ ဖြစ်သောကြောင့် စပါးကိုအဓိကထားစိုက်ပျိုးကြပြီး ကျေးလက်နေတောင်သူများသည် ရာသီအလိုက် သီးနှံမျိုးစုံကိုလည်း စိုက်ပျိုးကြပါသည်။  မိုးသီးနှံတစ်မျိုးဖြစ်သော ပြောင်းဖူးသီးနှံကိုလည်း မိသားစု အပိုဝင်ငွေရရှိရေးအတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြရာမှ ယခုအချိန်တွင် စီးပွားဖြစ်စိုက်ပျိုး လာကြပြီး၊ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်၊  စဉ့်ကိုင်မြို့နယ်တွင် မိုးပြောင်းဖူး စိုက်ဧက ( ၅၂၈  )ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရသည်။ အများဆုံးစိုက်ပျိုးသော မျိုးများမှာ သကြားပြောင်းမျိုးဖြစ်ပြီး (၁)ဧက မျိုးအနေဖြင့် ပြောင်းဖူးစေ့(၈)ပြည် စိုက်ပျိုးရကြောင်း ၊ မျိုးစျေးနှုန်းအနေဖြင့် မျိုးစေ့(၁)ပြည် လျှင်(၈၀၀၀/-)ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးကြကြောင်း ၊ မေလတွင် စတင်စိုက်ပျိုးကြပြီး မိုးပြောင်းဖူးများ သြဂုတ်လမှစတင်၍ ထွက်ရှိမည်ဖြစ်ကြောင်း၊  (၁)ဧက စိုက်ပျိုးမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၆၀၀၀၀၀/-)ကျပ်အထိ ကုန်ကျကြောင်း ၊ (၁)ဧက အထွက်နှုန်းအနေဖြင့် ပြောင်းဖူးစုစုပေါင်း (၄၀၀၀-၄၅၀၀)ဖူးခန့် ထွက်ရှိကြောင်း၊ ထိုင်ဝမ်သကြားပြောင်းဖူးမှာ လူကြိုက်များသောကြောင့် ဈေးကွက်တွင် အရောင်းသွက်ပြီး ဈေးကောင်းရရှိကြောင်း၊  ပြောင်းဖူးစျေးနှုန်းအနေဖြင့် တစ်ဖူးလျှင် လက်ကား(၃၀၀/-)ကျပ်နှင့် လက်လီတစ်ဖူးလျှင်(၄၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း၊ ပြောင်းဖူးပြုတ် တစ်ဖူးလျှင် (၇၀၀-၈၀၀)ကျပ် စျေးများဖြင့်ရောင်းဝယ်လျက်ရှိကြောင်း ၊ ဈေးကွက်အနေဖြင့် မန္တလေးကုန်စိမ်းပွဲရုံများသို့ သွားရောက်ရောင်းချကြပြီး အချို့ပွဲစားများမှလည်း ကျေးရွာစိုက်ခင်းအထိ လာရောက်ဝယ်ယူလျက်ရှိကြောင်း၊ တောင်သူများမှ ရန်ကုန်၊မန္တလေး ကားလမ်းဘေးတွင်လည်း ရောင်းချကြကြောင်း သိရှိရပါသည်။ အကျိုးအမြတ်အနေဖြင့် အထွက် နှုန်းနှင့် ဈေးနှုန်းပေါ်မူတည်ပြီး အကျိုးအမြတ်များရရှိပါသည်။ ဖူးစားပြောင်း စိုက်ပျိုး ခြင်းဖြင့် ကျွဲစာ၊နွားစာများ ဖူလုံသည့်အပြင် ပြောင်းဖူးမျိုးပင်များကိုလည်း ပြန်လည်ရောင်းချ ရသဖြင့် တွက်ချေကိုက်သည့် သီးနှံဖြစ်သောကြောင့် ပြောင်းဖူးသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်ကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)      

“ဈေးနှုန်းတည်ငြိမ်လျက်ရှိသောကီလိုမာလကာသီး”

                    ကျောက်ဆည်မြို့နယ်ရှိ တောင်သူအများစုမှာ စပါးစိုက်ပျိုးမှုအပြင် ဟင်းသီးဟင်းရွက် သစ်သီးဝလံများအား စီးပွားဖြစ်စိုက်ပျိုးလျက်ရှိရာ တောင်နောက်ကျေးရွာ၊ သံရွာကျေးရွာနှင့်  အရှေ့ သပြေကုန်းကျေးရွာများတွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး  မိသားစုအပိုဝင် ငွေရရှိသည့် ရာသီမရွေး စိုက်ပျိုးနိုင်ပြီး ရာသီမရွေးစားသုံးနိုင်သည့် ဈေးကွက်ဝယ်လိုအားရှိသည့် ကီလိုမာလကာပင်များကို လည်း စိုက်ပျိုးလာကြပါသည်။ ၎င်းသီးနှံကို  ယာမြေများတွင် ဩဂုတ်၊ စက်တင်ဘာလ များတွင် အများဆုံး စိုက်ပျိုးကြပါသည်။ မိုးဦးကျကာလများတွင် စိုက်ပျိုးပါက အပင်များပိုမိုရှင်သန်နိုင်ပြီး  အစေ့မျိုးပင်(သို့မဟုတ်) မြေထုပ် စည်းမျိုးပင်ကို (၁)နှစ် သားအရွယ်ရောက်လျှင် မြေချစိုက်ပျိုးနိုင် ပါသည်။ စိုက်ပျိုးရာတွင် (၁)ပင် နှင့်(၁)ပင် (၁၅-၁၆)ပေ ခြား၍ စိုက်ပျိုးရပါသည်။ မာလကာပင်ကို အစေ့မှ စိုက်ပျိုးလျှင် (၄-၅) နှစ်ထိ ကြာနိုင်ကြောင်း၊ ကိုင်းဆက်မြေထုပ်ပျိုးပင်ကို (၁)နှစ်ခွဲ (၂)နှစ် အတွင်းမှာ အသီးသီးပါကြောင်း၊ စီးပွားဖြစ်စိုက်ပျိုးသော တောင်သူဦးကြီးများက ကိုင်းဆက် မြေထုပ်စည်းအပင်ကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း၊ ပျိုးပင်တစ်ပင်လျှင် အပင်အရွယ်အစား ပေါ်မူတည်၍ (၁၅၀၀-၂၅၀၀-၃၅၀၀-၄၀၀၀)ကျပ်အထိ ဈေးနှုန်းရှိကြောင်း ၊ (၁)ဧကလျှင် ကီလိုမာလကာပင် (၃၅၀)ပင် စိုက်ပျိုးကြပြီး (၁)နှစ်ခွဲသားတွင် ရောင်းတန်းဝင်အသီးများ စတင် ခူးဆွတ်ရကြောင်း၊ စတင်ခူးဆွတ်ချိန်တွင် မာလကာသီးအလုံး (၁၀၀၀-၁၂၀၀)ခန့် ခူးဆွတ်ရကြောင်း၊ ယခုမိုးဦးကျနှင့် မိုးရာသီတွင် အသီးများဖြိုင်ဖြိုင်ထွက်ရှိသော်လည်း ဆောင်းနှင့်နွေတွင် အသီး အထွက်နှုန်း လျော့နည်းကြောင်း ၊ အသီးများ ဖြိုင်ဖြိုင်ထွက်သော ရာသီဖြစ်သောကြောင့် ဈေးနှုန်း အနည်းငယ်ကျဆင်းသော်လည်း အကျိုးအမြတ်လျော့နည်းခြင်းမရှိကြောင်း၊ယခင်လ ကီလိုမာလကာသီး တစ်လုံးလျှင်လက်လီဈေး (၄၀၀-၅၀၀)ကျပ် အထိ ရောင်းချရကြောင်း၊ လက်ကားဈေးအနေဖြင့် အလုံးအကြီး၊ အသေးပေါ်မူတည်၍ (၃၀၀-၄၀၀)ကျပ် ဈေးများဖြင့် ရောင်းချပေးကြောင်း၊ ယခုလ ကီလိုမာလကာသီး တစ်လုံးလျှင် လက်လီဈေး (၈၀၀-၁၀၀၀)ကျပ်အထိ ရောင်းချရကြောင်း ၊ လက်ကားဈေးအနေဖြင့် အလုံးအကြီး၊ အသေးပေါ်မူတည်၍ (၅၀၀-၆၀၀)ကျပ် ဈေးများဖြင့် ရောင်းချ ပေးကြောင်း၊ ယခုအချိန်တွင် မာလကာသီးအထွက်နှုန်းပုံမှန်ထွက်ရှိကြောင်း၊ အလုံးအရေအတွက် လိုသလောက်ရရှိသောကြောင့် ဈေးနှုန်းများတည်ငြိမ်လျက်ရှိကြောင်း ၊ ကျောင်းဖွင့်ရာသီချိန် မဟုတ် သဖြင့် ကျောင်းဖွင့်ရာသီချိန်လောက် အရောင်းမသွက်ကြောင်း၊ မာလကာသီးကို ဒေသတွင်းမြို့နယ် များရှိ ဈေးများနှင့် ရွှေသိမ်တော် ဘုရားသို့ လာရောက်ဘုရားဖူးကြသူများမှာလည်း အိမ်ပြန် လက်ဆောင်အနေဖြင့် အများဆုံးဝယ်ယူ ကြကြောင်း၊ မာလကာသီး စားသုံးခြင်းဖြင့် ဗီတာမင်စီ များစွာရရှိသဖြင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး စီးပွားလည်းဖြစ် ဝင်ငွေလည်းတိုးသော ကီလို မာလကာပင်များကို မိသားစုအပိုဝင်ငွေရရှိအောင် တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း မာလကာသီး အများဆုံးစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြား ချက်အရ သိရှိရသည်။

DOCA(မန္တလေး)

 

မြိတ်မြို့ရှိ ရာသီပေါ်သီးနှံဖြစ်သော ဒူးရင်းသီး စျေးနှုန်း/စျေးကွက် အခြေအနေ

          တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နှင့် အနီးဝန်းကျင်ဒေသများတွင် ဒေသထွက်ရာသီပေါ်သီးနှံ တစ်မျိုးဖြစ်သော ဒူးရင်းသီးများသည်  ဧပြီလဆန်းမှ စတင်ထွက်ရှိပြီး ယခုမေလ တတိယအပတ် အတွင်း မိုးရွာသွန်းမှုအခြေအနေများကြောင့် ဒူးရင်းပင်များမှ ဒူးရင်းသီးများသည် လှိုင်လှိုင်ရင့်မှည့် ထွက်ရှိလာသောကြောင့်ဒူးရင်းဈေးကွက်အနည်းငယ်ကျဆင်းလာသဖြင့် အရောင်းအဝယ်သွက်လျက် ရှိပြီး စားသုံးသူဝယ်လိုအားလည်း မြင့်တက်လျက်ရှိကြောင်း ဒေသခံသစ်သီးရောင်းဝယ်သူများထံမှ သိရသည်။

          မြိတ်ဒေသအတွင်း ရောင်းချနေသည့် ဒူးရင်းသီးများမှာ မြိတ်မြို့နယ်အတွင်း ကျေးရွာများရှိ တောတောင်ဥယျာဥ်များမှ ထွက်ရှိလာသော ဒူးရင်းသီးများအပြင် ပုလော၊ တနင်္သာရီ၊ ဘုတ်ပြင်း၊ ကျွန်းစုများမှတစ်ဆင့် လာရောက်ရောင်းချလျက်ရှိပြီး ဒေသထွက်ဒူးရင်းများအပြင် ထိုင်းမျိုးဒူးရင်း များကိုလည်း ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ မြိတ်ဈေးကွက်အတွင်း ဒူးရင်းသီးဈေးနှုန်း များမှာဒေသထွက် ရိုးရိုးဒူးရင်း တစ်လုံးလျှင် အလုံးအရွယ်အစားပေါ်မူတည်၍ ၁၅၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်အထိ စျေးနှုန်းအသီးသီးဖြင့် ကန်ဖျားကုန်စိမ်းစျေး၊ သစ်သီးဆိုင်များနှင့် လမ်းဘေးယာယီ သစ်သီးဆိုင်များတွင် ‌ရောင်းချလျက်ရှိပြီး ညနေပိုင်းနှင့် ညပိုင်းအချိန်များတွင် ဝယ်ယူသူများပြား လေ့ရှိပြီး ဒူးရင်းသီးများကို ဒေသတွင်းစားသုံးမှုသာမက ရန်ကုန်နှင့် အခြားမြို့များသို့ တင်ပို့ ရောင်းချ မှုများလည်း ရှိနေကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထောပတ်ပဲ(ဆောင်း)စိုက်ပျိုးထားရှိမှု၊ တစ်ဧကကုန်ကျစရိတ်နှင့် အကျိုးအမြတ်ရရှိမှုအခြေအနေ

    နွားထိုးကြီးမြို့နယ်သည် ဆည်ရေသောက် အသင့်အတင့်ရှိ၍ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်းနှင့် ကြက်သွန်နီ များစိုက်ပျိုးလျက်ရှိရာ ‌ထောပတ်ပဲ(ဆောင်း) သီးနှံကိုလည်း စိုက်ပျိုးလျက်ရှိကြောင်း၊ ထောပတ်ပဲ(ဆောင်း)ကို အောက်တိုဘာလနှင့် နိုဝင်ဘာလ တို့တွင်  စတင်စိုက်ပျိုးပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင်  ရိတ်သိမ်းထွက်ပေါ်ကြောင်း သိရှိရသည်။ ၂၀၂၆-၂၀၂၇ခုနှစ်၌ နွားထိုးကြီးမြို့နယ်၌ ထောပတ်ပဲ(ဆောင်း)သီးနှံ စိုက်ဧက (၁၇၉၂)တွင် ဧကအားလုံးစိုက်ပျိုးရိတ်သိမ်း နိုင်ခဲ့ပြီး တစ်ဧကအထွက်နှုန်းအနေဖြင့်   (၁၀) တင်း ခန့် ထွက်ရှိကြောင်း မြို့နယ်ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ အများဆုံး စိုက်ပျိုးသောကျေးရွာများမှာ မင်းရွာ၊ ပဲချက်ရွာ၊ ကျွန်းဒေါင့်ရွာ၊ မကျီးကန်ရွာ၊ ကဒေါင်ရွာနှင့် လက်ပံရွာတို့တွင် စိုက်ပျိုးထားကြောင်း၊  စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ  (၄)လခန့်ကြာ မြင့်ကြောင်း၊ ထောပတ်ပဲသီးနှံကို ထယ်ထိုးပြီးမျိုးစေ့ပတ်၊ ထယ်ဖုံးစနစ်ဖြင့် စိုက်ပျိုးကြပါသည်။ အများဆုံးစိုက်ပျိုးသော မျိုးများမှာ ပင်ထောင်မျိုးနှင့်ပင်ပြန့်မျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ ထောပတ်ပဲ စိုက်ပျိုးရာတွင် မျိုးအနေဖြင့် (၅)ပြီခန့် ကုန်ကျကြောင်း၊ တစ်ဧကကုန်ကျစရိတ် အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၄၀၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ထောပတ်ပဲသီးနှံကို ထယ်ထိုးပြီး မျိုးစေ့ပတ်၊ ထယ်ဖုံးစနစ်ဖြင့် စိုက်ပျိုးကြပါသည်။ ၂၀၂၆ခုနှစ်၊ မေလဒုတိယပတ်၌ ထောပတ်ပဲတစ်တင်းလျှင်(၈၀၀၀၀)ကျပ် ပေါက်ဈေးဖြင့် ရောင်းဝယ်လျက် ရှိ‌ကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၄၀၀၀၀၀) ကျပ်ခန့်ရရှိကြောင်း၊ ထောပတ်ပဲ သီးနှံပေါ်ချိန်တွင် တောင်သူများမှ မြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချကြကြောင်း၊ ထိုပွဲရုံများမှတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့ များသို့တင်ပို့ရောင်းချလျက် ရှိကြောင်း ပဲချက်ကျေးရွာမှ ထောပတ်ပဲ(ဆောင်း)စိုက်တောင်သူထံမှသိရှိရသည်။

DOCA(မန္တလေး)

                                                                                       

“ကျောက်ဆည်ခရိုင်အတွင်း(မိုးကြို)ချည်မျှင်ရှည်ဝါများစတင်စိုက်ပျိုး”

   မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်အတွင်း ကျောက်ဆည်၊မြစ်သားမြို့နယ်များတွင် ၂၀၂၆-၂၀၂၇ ခုနှစ်၊မိုးချဉ်မျှင်ရှည်ဝါများ ပန်းတိုင်အထွက်နှုန်းရရှိရေး ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိရာ ကျောက်ဆည်မြို့နယ်တွင်(၁၀၅)ဧက၊စဉ့်ကိုင်မြို့နယ်တွင်(၄)ဧက၊မြစ်သားမြို့နယ်တွင် (၂၁၇၅)ဧက အစောစိုက်ပျိုးထားရှိမှုစုစုပေါင်း စိုက်ပျိုးဧက(၂၂၈၄)ဧက စိုက်ပျိုးထားကြောင်း သက်ဆိုင်ရာဌာန၏စာရင်းများအရသိရှိရပါသည်။ဧပြီလနှင့်မေလများတွင် စတင်စိုက်ပျိုးကြပြီး ဇူလိုင်လနှင့်သြဂုတ်လများတွင် စတင်ထွက်ရှိမှာဖြစ်ကြောင်း ၊ကျောက်ဆည်မြို့နယ်အနေဖြင့် မိုးကြို ချည်မျှင်ရှည်ဝါသီးနှံများကို ကျောက်ဆည်မြို့အရှေ့ဘက် ဖျောက်ဆိပ်ပင်ကျေးရွာ အပါအဝင် ရဲဘော်ကြီး၊မှိုင်းပန်၊ကလေး၊ရှမ်းတောင်ဦး၊ရဲယမန်းရွာ၊တောင်တော်၊ ပေါင်လောင်၊ ကင်းကျေးရွာများ နှင့်မြစ်သားမြို့နယ်တွင် ဒိုင်း၊မြနဒီကျေးရွာများတွင်လည်းအများဆုံးစိုက်ပျိုးကြကြောင်း ၊ ဝါစိုက်ပျိုး ရာတွင် ဘောင်ကြောင်းပေးစနစ်ဖြင့် အတန်းလိုက် စိုက်ပျိုးကျကြောင်း ၊ ဝါစိုက်ပျိုးမှုတွင် မျိုးအနေဖြင့် ငွေချည်-၆ ၊ ရွှေတောင် - ၈ မျိုးများကို အများဆုံး စိုက်ပျိုးကြပြီး (၁)ဧကလျှင် မျိုးထုပ်(၂-၃)ထုပ် အထိ ကုန်ကျကြောင်း ၊ မျိုး(၁)ထုပ် စျေးနှုန်း အနေဖြင့် (၆၄၀၀၀-၆၉၀၀၀)ကျပ် စျေးဖြင့် ဝယ်ယူစိုက်ပျိုးရကြောင်း ၊ စိုက်ပျိုးစရိတ်အနေဖြင့် မျိုး ၊ သွင်းအားစု ၊ လုပ်သားခအပါအဝင် စုစုပေါင်း (၆၀၀၀၀၀/-)ကျပ်ခန့် ကုန်ကျပြီး (၁)ဧက အထွက်နှုန်း အနေဖြင့် ပိဿာ(၄၀၀-၅၀၀) ပိဿာခန့် ထွက်ရှိကြောင်း ၊ ယခင် ဝါစျေးနှုန်းအနေဖြင့် ဝါ(၁)ပိဿာလျှင် (၃၈၀၀-၄၀၀၀)ကျပ် ၊ ဂွမ်း(၁)ပိဿာလျှင်(၉၅၀၀-၉၈၀၀)ကျပ် ၊ အရည်အသွေးကောင်းမွန်သော ဝါအသန့်(၁)ပိဿာလျှင် (၄၂၀၀)ကျပ်၊ ဂွမ်းအကောင်း(၁)ပိဿာလျှင် (၁၀၀၀၀)ကျပ် စျေးများဖြင့်အရောင်းအဝယ်ဖြစ်ခဲ့ပြီး  စိုက်ပျိုးစရိတ်နှုတ်ပြီး(၁၀၀၀၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း၊ ယခုလက်ရှိပေါက်စျေးအနေဖြင့်ဝါ (၁) ပိဿာလျှင်(၄၈၀၀-၅၀၀၀)ကျပ်၊ ဂွမ်း(၁)ပိဿာလျှင်(၉၈၀၀-၉၉၀၀)ကျပ်၊ အရည်အသွေးကောင်းမွန် သောဝါအသန့်(၁)ပိဿာလျှင်(၅၁၀၀)ကျပ် ၊ ဂွမ်းအကောင်း(၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်စျေးနှုန်း များဖြင့်ရောင်းဝယ်လျှက်ရှိပါသည်။ဝါထွက်ပေါ်ချိန်တွင် တောင်သူများမှ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချကြပြီး ပွဲရုံများမှတဆင့် မန္တလေးစက်မှုဇုံ၊ ယက်ကန်းစက်ရုံ၊ ချည်မျှင်စက်ရုံများသို့တင်ပို့ ရောင်းချလျှက်ရှိကြောင်း ဝါထွက်ပေါ်ချိန်တွင်လည်း စျေးနှုန်းများကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ်ပိုမိုဖြစ်ထွန်း နိုင်မည်ဖြစ်ပါသည်။

DOCA(မန္တလေး)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇,၄၉၉ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

          စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ မေလ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေးအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင်  ငွေကျပ် 7,၄၉၉ ဖြစ်ကြောင်း စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ကြေညာထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

 

ပြည်ဈေးကွက်တွင် သရက်သီးမှည့်များ ဈေးအနည်းငယ်ကျ

               ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ရှိ ဈေးများတွင် သရက်သီးမှည့်များ ရောင်းချနေ ကြောင်းသိရသည်။ ပြည်တွင်း၌ အဓိကစားသုံးသည့် သရက်သီးများမှာ စိန်တလုံး၊ မြကျောက်၊ ရင်ကွဲနှင့် သုံးလုံးတစ်တောင်သရက်သီးအမျိုးအစားများဖြစ်ကြောင်းသိရသည်။ လတ်တလောတွင် စိန်တလုံးနှင့် မြကျောက်သရက်သီးအမှည့်များ ဈေးကွက်ထဲသို့ အများအပြားဝင်ရောက်နေပြီဖြစ် သော်လည်း ရင်ကွဲသရက်မျိုးမှာ အမှည့်ရရှိမှု အလွန်နည်းနေသေးကြောင်း တွေ့ရှိရသည်။ စိန်တလုံး သရက်သီးမျိုးများမှာ မှည့်လျှင် မွှေးလာသောကြောင့် ဟိုတယ်များ၊ စားသောက်ဆိုင်များတွင် အဓိက ဝယ်ယူသုံးစွဲကြောင်းသိရပါသည်။ ပြည်တွင်းသာမက ပြည်ပကပါ ဝယ်ယူမှုများကြောင်း သိရသည်။

          မြန်မာပြည်တွင်း၌  မြကျောက်သရက်မျိုးသာ ပိုကြိုက်ကြကြောင်းသိရသည်။ ဈေးကွက် အတွင်းတွင်လည်း မြကျောက်သရက်မျိုးမှာ အရောင်းသွက်ကြောင်းသိရသည်။ရင်ကွဲသရက်မျိုးများမှာ ကျေးလက်ဒေသများတွင်သာပေါများပြီးအရောင်းအဝယ်ဖြစ်ကာဈေးလည်း အနည်းဆုံးရကြောင်းသိရသည်။

          သရက်ပင်သည် နှစ်ရှည်သီးနှံပင်ဖြစ်သည့်အတွက် ခြံပိုင်ရှင်များအနေဖြင့် နှစ်စဉ် သရက်သီး ရာသီချိန်ရောက်တိုင်း အတိုင်းအတာတစ်ခုအထိ ဝင်ငွေရရှိနေကြောင်း သရက်ခြံပိုင်ရှင်တစ်ဦးထံမှ သိရှိရသည်။လက်ရှိတွင် ပြည်ဈေးကွက်အတွင်း သရက်သီးအမျိုးအစားအလိုက် ၅၀၀ ကျပ်၊ ၇၀၀ ကျပ်၊ ၈၀၀ ကျပ်မှစ၍ ၁၅၀၀ ကျပ်ဝန်းကျင်အထိသာ ဈေးရှိနေပြီး အဝယ်နည်းနေသေးကြောင်း သိရသည်။ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းနည်းနေသေးကြောင်း သိရသည်။ ဝယ်လိုအားနှင့် ရောင်းလိုအားမှာ ဝယ်လိုအားနည်းပြီး ရောင်းလိုအားများနေကြောင်းသိရသည်။

          သရက်သီးမှည့်ဈေးကွက်ကျဆင်းနေသော်လည်း သရက်ပြင်ဈေးမှာ ယခင်နှစ်ကထက် ပိုမို မြင့်တက်လာနေပြီး တစ်ပိဿာလျှင် ကျပ် (၃၀၀၀၀)ခန့်အထိ ဈေးပေါက်နေကြောင်းသိရသည်။

DOCA(ပဲခူး)

ဇီးကုန်းမြို့နယ်၏ ရာသီပေါ်သရက်သီးမှည့်ဈေးနှုန်းဈေးကွက်

         ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့မဈေးတွင် ဧပြီလကုန် မေလဆန်းတွင် သရက်သီးမှည့်များပေါ်ထွက်နေပြီ ဖြစ်သောကြောင့် ဈေးကွက်၌ ရောင်းချနေသော  သရက်သီးအမျိုးအစားနှင့် သရက်သီးဈေးနှုန်းများကို သွားရောက်မေးမြန်းရာမှာ ယခုနှစ် ၂၀၂၆ခု မေလ ပထမပတ်တွင် စိန်တစ်လုံး သရက်သီးမှည့် တစ်လုံးလျှင် အရွယ်အစားကိုလိုက်၍ (၇၀၀မှ၈၀၀)ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်းသိရသည်။ ယခင်နှစ်က သရက်သီးမှည့် စတင်ပေါ်ထွက်ချိန်တွင် ဈေးကွက်၌ စိန်တစ်လုံးသရက်သီး တစ်လုံးလျှင် (၁၀၀၀မှ၁၂၀၀)ကျပ်ထိ ရောင်းချနိုင်ခဲ့ကြောင်း ယခုနှစ်ဈေးကွက်တွင် သရက်သီးအမှည့်များ စတင်ပေါ်ထွက်နေသော်လည်း အခြေအနေမှာ ယခင်နှစ်များက သရက်သီးမှည့် စတင်ပေါ်ထွက်ချိန်ဈေးကွက်၌ စိန်တစ်လုံး သရက်သီး တစ်လုံးလျှင် (၁၀၀၀မှ၁၂၀၀)ကျပ်နှုန်း ရရှိခဲ့ခြင်းကြောင့်  ယခင်နှစ် ကထက်စာရင် ယခုနှစ်တွင် ဈေးကျဆင်းနေကြောင်း သိရှိရပါသည်။ စိန်တစ်လုံး သရက်သီးမှည့်ဈေးနှုန်း ကျသော်လည်း ရင်ကွဲသရက်သီးများမှာ ဧပြီလ စတုတ္ထပတ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ကြွေကျသွားပါ၍ ရင်ကွဲသရက်သီးမှည့်ချိန်တွင် အမှည့်ရရှိမှု နည်းပါးနိုင်ကြောင်း သရက်သီးမှည့် ရောင်းချသူများထံမှသိရပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း