ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့သစ်သီးဈေးကွက်သို့ ဒေသထွက် စိန်တလုံးသရက်သီးများ စတင်ဝင်ရောက်လာ

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ ဘုရားကြီးဈေးရှိ သစ်သီးဈေးကွက်တွင် လိမ္မော်သီး၊ ပန်းသီး၊ ဖရဲသီး၊ သခွားမွှေးသီးများရောင်းချလျက်ရှိပြီး ဒေသထွက် စိန်တလုံးသရက်သီးများ စတင်ရောင်းချလျက်ရှိကြောင်း သိရသည်။

       ၂၀၂၆ ခုနှစ်၊ ဧပြီလ နောက်ဆုံးပတ်အတွင်း ကန့်ဘလူမြို့၊ ဘုရားကြီးဈေးရှိ သစ်သီးဈေးကွက်တွင် စိန်တလုံးသရက်သီးအိတ်စွတ်(၁)လုံးလျှင် ကျပ် ၇၀၀၊ (၃)လုံးလျှင် ကျပ် ၂၀၀၀နှင့် အိတ်လွတ်(၁)လုံးလျှင် ကျပ် ၅၀၀ ဈေးနှုန်းဖြင့်လည်းကောင်း ရောင်းချလျက်ရှိကြောင်း တွေ့ရသည်။ စိန်တလုံးသရက်သီးသည် အရသာချိုမြိန်၍ စားသုံးသူများအကြား လူကြိုက်များသော သရက်မျိုးဖြစ်ကြောင်း၊ ရာသီပေါ်စဖြစ်သည့်အတွက် စိန်တလုံးသရက်သီးများအား လူကြိုက်များကာ အရောင်းအဝယ်သွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် ဖြစ်ပေါ်နေသော နံနံပင်ဈေးနှုန်း

      နံနံပင်သည်  ဟင်းလျာများတွင် အနံ့၊ အရသာပိုမို ကောင်းမွန်စေရန် မရှိမဖြစ် ထည့်သွင်း ရသော ဟင်းခတ်အမွှေးအကြိုင်တစ်မျိုးဖြစ်ပါသည်။ နံနံပင်ကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့နယ်နှင့် တနင်္သာရီမြို့တို့တွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသလို စီးပွားဖြစ်လည်း စိုက်ပျိုးကြကြောင်း သိရသည်။

          နံနံပင် စိုက်ဧက (၁)ဧကလျှင် နံနံစေ့မျိုးထုတ် (၂၈)ထုပ်ခန့်မှ (၃၀)ခန့် စိုက်ပျိုးမှသာ (၁)ဧကအတွက် အပင်အထွက်နှုန်းနှင့် မျိုးအောင်နှုန်းများမှန်ကန်မည်ဖြစ်ပါသည်။ နံနံပင်များကို ကျင်းများဖြင့်စိုက်ပျိုးရပြီး နံနံစေ့မျိုး(၁)ထုပ်လျှင် ကျပ်(၁၅၀၀)ဖြင့် ဝယ်ယူ၍စတင်စိုက်ပျိုးပြီး စိုက်သည့်ရက်မှ ရက်ပေါင်း(၄၅)ရက်အကြာတွင် ရောင်းချရနိုင်သောအရွယ်သို့ ရောက်ရှိကြသည်။ နံနံပင်အထွက်နှုန်းသည် နွေရာသီနှင့် မိုးရာသီတွင် အထွက်နှုန်းနည်းပါးသော်လည်း ဆောင်းရာသီတွင်မူ အထွက်နှုန်းကောင်းမွန်လျက်ရှိပါသည်။ အရွယ်ရောက်ပြီးသော နံနံပင်များကို စတင်ရိတ် သိမ်း၍ လက်လီ/လက်ကားကုန်သည်များထံသို့ တင်ပို့ကြပြီး ၎င်းလက်လီ/လက်ကားကုန်သည်ကြီး များမှတဆင့် အသုပ်ဆိုင်များ၊ ထမင်းဆိုင်များနှင့် စားသောက်ဆိုင်များသို့ ပြန်လည်တင်ပို့ ရောင်း ချကြသည်။ ယခုဧပြီလသည် နွေနှောင်းကာလဖြစ်သောကြောင့် နံနံပင် အထွက်နှုန်းကျဆင်းသောကြောင့် နံနံပင် အသေး တစ်စည်းလျှင် (၇၀၀)ခန့်ထိရှိကြောင်း လက်လီ/လက်ကား ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(တနင်္သာရီ)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများ(၅-၅-၂၀၂၆)

တိုင်းဒေသကြီး/ပြည်နယ် မြို့နယ်များအလိုက် ၅-၅-၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်လျက်ရှိသော ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါးနှင့် ဥ‌ဈေးနှုန်းများကို ပူးတွဲပါ ဖိုင်တွင် ကြည့်ရှုနိုင်ပါသည်-

ဘုရင့်နောင်ပွဲရုံရှိ ကြက်သွန်ဖြူ/နီ၊ အာလူးဈေးနှုန်းနှင့် ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်သည့်အရေအတွက်

          ၂၇.၄.၂၀၂၆ ရက်နေ့ ဘုရင့်နောင်ပွဲရုံတွင် ဖြစ်ပေါ်ခဲ့သော ကြက်သွန်ဖြူ ကြူကုတ် (ရှယ်) တစ်ပိဿာ ဈေးနှုန်းများမှာ ကျပ် ၁၁၅၀၀၊ အောင်ပန်းထူး-၂ ကျပ် ၄၅၀၀၊ အောင်ပန်းထူး-၃ ကျပ် ၅၅၀၀အောင်ပန်းထူး-၄ ကျပ် ၆၅၀၀အောင်ပန်းထူး-၅ ကျပ် ၇၃၀၀၊ ကြက်သွန်နီ တစ်ပိဿာ ဈေးနှုန်းများမှာ ဆိပ်ဖြူ (ရှယ်) ကျပ် ၂၁၀၀၊ ဆိပ်ဖြူ လတ်ကြီး ကျပ် ၂၁၀၀၊ ဆိပ်ဖြူ လတ်သန့် ကျပ် ၂၁၀၀၊ ဆိပ်ဖြူ လတ်ချော ကျပ် ၁၆၀၀၊ မြစ်သား မျိုးမှား(ရှယ်)ကျပ် ၂၂၀၀၊ မြစ်သား မျိုးမှား လတ်ကြီး ကျပ် ၂၃၀၀၊ မြစ်သား မျိုးမှား လတ်သန့် ကျပ် ၂၃၀၀၊ မြစ်သား မျိုးမှား လတ်ချော ကျပ် ၁၈၀၀ ၊ မုံရွာ (ရှယ်) ကျပ် ၂၀၀၀၊ မုံရွာ (လတ်ကြီး) ကျပ် ၂၀၀၀၊ မုံရွာ(လတ်သန့်) ကျပ် ၂၀၀၀၊ မုံရွာ (လတ်ချော) ကျပ် ၁၆၀၀၊ ၊ ရွှေဘို (ရှယ်) ကျပ် ၂၆၀၀၊ ရွှေဘို(လတ်ကြီး) ကျပ် ၂၈၀၀၊ ရွှေဘို(လတ်သန့်) ကျပ် ၂၆၀၀၊ ရွှေဘို (လတ်ချော) ကျပ် ၂၀၀၀၊ အာလူး အောင်ပန်း A1 တစ်ပိဿာလျှင် ကျပ် ၁၃၀၀၊ အောင်ပန်း OK ကျပ် ၁၇၀၀၊ အောင်ပန်း S1 ကျပ် ၁၇၀၀၊ အောင်ပန်း S2 ကျပ် ၁၄၀၀ တို့ဖြစ်ပါကြောင်း၊ ယခုတစ်ပတ်တွင် ကြက်သွန်နီမှာ တစ်ပိဿာလျှင် ကျပ် ၁၀၀ ဈေးနှုန်းကျပါကြောင်း၊ ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် ကျပ် ၅၀၀ ဈေးနှုန်းကျပါကြောင်း၊ အာလူးမှာ တစ်ပိဿာလျှင် ကျပ် ၈၀၀ ဈေးနှုန်းကျပါကြောင်း၊ ယနေ့ ၂၇.၄.၂၀၂၆ ရက်နေ့တွင် ကြက်သွန်နီမှာ ကား (၃၅) စီးနှင့် (၂၁၀၀၀၀) ပိဿာ အရောင်း အဝယ်ဖြစ်ခဲ့ကြောင်း၊ ကြက်သွန်ဖြူမှာ(၁၀၀၀)အိတ်နှင့် (၂၀၀၀၀) ပိဿာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ အာလူးမှာ ကား (၈) စီးနှင့် (၄၈၀၀၀) ပိဿာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ သိရှိရပါသည်။

DOCA(ရန်ကုန်)

ပေါ်ဦးပေါ်ဖျား လိုင်ချီးသီးကောင်းကျိုးနှင့်ဈေးကွက်

                    လိုင်ချီးသီးလေးများသည် ရာသီစာအသီးဖြစ်သဖြင့် ပေါ်ဦးပေါ်ဖျားအချိန်တွင် ဈေးကောင်း ရလေ့ရှိသည်။ အသီးအလုံးကြီး၍ အစေ့သေးသည့် မျိုးကောင်းများကို လူအများ ကြိုက် နှစ်သက် ကြပါသည်။ လိုင်ချီးသီးများ စားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိပါသည်။ ဗီတာမင် C ကြွယ်ဝစွာပါဝင်သောကြောင့် ခန္ဓာကိုယ်၏ ခုခံအားကို ကောင်းမွန် စေ ခြင်း၊ အမျှင်ဓါတ်(Fiber) ပါဝင်မှုကြောင့် အူလမ်းကြောင်း လှုပ်ရှားမှုကိုကောင်းမွန်စေပြီး ဝမ်းချုပ် ခြင်းကို ကာကွယ်ပေးခြင်း၊ ပိုတက်စီယမ် ပါဝင်သဖြင့် သွေးဖိအားကို ထိန်းညှိပေးပြီး နှလုံးရောဂါ ဖြစ်ပွားမှု အန္တရာယ်ကို လျော့ချပေးနိုင်ခြင်း၊  ကိုယ်အလေးချိန် ကျခြင်း၊ အသားအရေကို စိုပြေ စေနိုင်ခြင်း၊ သွေးလည်ပတ်မှု ကောင်းမွန်စေခြင်းစသော အကျိုးကျေးဇူများစွာ ရရှိကြောင်း လေ့လာသိရှိရပါသည်။ လိုင်ချီးသီးများကို အပူပိုင်းနှင့် သမပိုင်းဒေသများတွင် ပို၍ပေါများစွာ တွေ့ရှိရပါသည်။ လိုင်ချီးသီး၏ အခွံမှာနီ၍ အတွင်းသားများမှာ ဖြူဖြူလေးဖြစ်ပြီး စားလိုက်ရင်လည်း အရည်ရွမ်း၍ ချိုပါသည်။

           လိုင်ချီးသီး ၁ပိဿာခန့် တစ်ထုပ်လျှင် ၁၀၀၀၀ ကျပ် မှ ၁၂၀၀၀ ကျပ်အထိ ရောင်းချ နေကြောင်း အသီးဆိုင်များအား မေးမြန်းခြင်းမှ သိရှိရပါသည်။

DOCA(ပဲခူး)

 

အင်းလေးဒေသထွက် ခရမ်းချဉ်သီးနှင့်ရွာငံဒေသထွက်ခရမ်းချဉ်သီးများဈေးကောင်းရလျက်ရှိ

            မန္တလေးမြို့တွင်းသို့ အင်းလေးဒေသထွက်နှင့် ရွာငံဒေသထွက်ခရမ်းချဉ်သီးအချိုသီးများ ဝင်ရောက်မှုများပြားလာသော်လည်း ခရမ်းချဉ်သီးဈေးတက်လျက်ရှိခဲ့သည် ခရမ်းချဉ်သီးကို ဟင်းလျာ ချက်ပြုတ်ရာတွင်သာမက ခရမ်းချဉ်သီးအစိမ်းကို အသုတ်သုတ်၍ လည်းကောင်း၊ အသုတ်မျိုးစုံ များတွင်လည်းထည့်၍ စားသုံးမှုများပြုကြသည်။ ခရမ်းချဉ်သီးပေါများသည့် အချိန်တွင်    ခရမ်းချဉ်သီးအချိုသီးကို ယိုထိုး၍လည်းကောင်း ခရမ်းချဉ်သီး အနှစ်ပြုလုပ်၍လည်း ရက်ရှည် ထား၍ ရှားပါးသည့်အချိန်တွင်အသုံးပြုရန် ပြုလုပ်ကြသည်။ အင်းသီး ခရမ်းချဉ်သီးမှာ ၁ပိဿာလျှင် ၄၅၀၀ကျပ် နှင့် လက်လီ ၂၅ ကျပ်သားလျှင်  ၁၅၀၀ ကျပ်ရောင်းချကြောင်း သိရှိ ရပါသည်။ ယခု ဧပြီလ အချိန်တွင် အခြားဒေသထွက်ရှိသည့် ခရမ်းချဉ်သီးများ ဝင်ရောက် လျှက်မရှိသောကြောင့် ဈေးတက်လျက်ရှိသည်။

DOCA(မန္တလေး)

 

                                                        

ကြက်သွန်နီဈေးကွက်

             ကြက်သွန်နီကို မန္တလေးတိုင်းအတွင်း၌ ကျောက်ဆည်၊ မြစ်သား၊ စဉ့်ကိုင် ၊ တံတားဦး၊ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ ပျော်ဘွယ်၊ ရမည်းသင်း စသည့် ဒေသများတွင် အများဆုံး စိုက်ပျိုးကြသည်။ ကြက်သွန်နီကို မိုးကြက်သွန်၊ ဆောင်းကြက်သွန်အဖြစ် နှစ်ရာသီစိုက်ပျိုးကြ သည်။ မိုးကြက်သွန်သည် ကြက်သွန်ဥ(ထီး)၊ ကြက်သွန်ဥအသေးများကို ပြန်လည်စိုက်ပျိုးကြခြင်း ဖြစ်၍ ကြာရှည်အထားမခံပဲ အစိုအတိုင်းတူးရောင်းရသည်။ ဆောင်းကြက်သွန်နီသည် ကြက်သွန် မျိုးစေ့ကိုပျိုးထောင်၍ အပင်ကလေးများ တစ်လခွဲသားအရွယ်တွင် ပျိုးပင်ကိုနုတ်၍ နေရာရွေ့ ပြောင်း စိုက်ပျိုးကြရသည်။ ကြက်သွန်နီကို မိုးကုန်ရာသီ တန်ဆောင်မုန်းလနှင့် နတ်တော်လတွင် စိုက်ပျိုးခဲ့ကြပြီး တပို့တွဲ၊ တပေါင်းလများတွင် ဖြိုင်ဖြိုင်ထွက်ပေါ်ပါသည်။ ကြက်သွန်မြိတ်ခြောက်မှသာ တူဖော်ရောင်းချကြသောကြောင့် ကြာရှည်စွာ တစ်နှစ်ပတ်လုံးအထားခံပါသည်။ ထို့ကြောင့် ဆောင်းကြက်သွန်နီကို ပိုမိုစိုက်ပျိုးကြကြောင်း သိရှိရသည်။ ကြက်သွန်နီမျိုးမှာ မြင်းခြံမျိုး(ဥရှည်) မျိုးနှင့် မြစ်သားမျိုး(ရွှေဖလားမျိုး)ဟူ၍ ရှိကြသည်။ မြင်းခြံဥမျိုးသည် ဥရှည်ပြီး အခွံထူကာ အသား ကြမ်းသည်။ ကျောက်ဆည်၊ မြစ်သားမျိုး(ရွှေဖလား)ကြက်သွန်ဥသည် ဥဝိုင်းမျိုးဖြစ်ပြီး အခွံပါး၍ အသားနုသည်။ ကြက်သွန်နီကို ပါးပါးလှီးကာ ကြက်သွန်ခြောက်ပြုလုပ်၍လည်း ဈေးကွက်အတွင်း ၌ ကြက်သွန်ခြောက်ကြော်အဖြစ် ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။ ယခုအခါ ဈေးကွက် အတွင်း၌ ဆောင်းကြက်သွန်နီများ ဝင်ရောက်လာပြီဖြစ်၍ မြစ်သားကြက်သွန်နီ(ရွှေဖလား)မျိုး တစ်ပိဿာလျှင် ၃၀၀/၃၅၀၀ ကျပ်၊ မြင်းခြံဥ တစ်ပိဿာလျှင် ၂၀၀/၂၅၀၀ ကျပ် စသည်ဖြင့် ရောင်းချလျှက်ရှိသည်။ ၂၀၂ ဧပြီလအတွင်း၌ ကြက်သွန်နီတစ်ပိဿာလျှင် ဥအလုံးအကြီး အသေးပေါ်မူတည်၍ ၀၀၀/၀၀၀ ကျပ် ဈေးနှုန်းများဖြင့် ရောင်းချခဲ့ခြင်းကြောင့် ယခုအချိန်တွင် ကြက်သွန်နီအသစ်များ လှိုင်လှိုင်ဝင်ရောင်လာခြင်းကြောင့် ကြက်သွန်နီဈေးနှုန်းကျဆင်းသွားကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

DOCA(မန္တလေး)

သမုန်းကိုင်းကျေးရွာ၌ကန်စွန်းရွက်စိုက်ပျိုးထားရှိမှုနှင့်ဈေးနှုန်းဈေးကွက်

             မြင်းခြံမြို့နယ်သည် ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်း၌တည်ရှိပြီး စိုက်ပျိုးမွေးမြူရေးနှင့် ဥယျာဥ်ခြံမြေများ စိုက်ပျိုးလျှက်ရှိရာ ဟင်းသီးဟင်းရွက်သီးနှံဖြစ်သော ကန်စွန်းရွက်များကိုလည်း မိသားစုစားဝတ်နေရေးအတွက် စိုက်ပျိုးကြကြောင်း၊ ကန်းစွန်းရွက် စိုက်ပျိုးရာတွင် ရေသိုလှောင် ထိန်းနိုင်သောမြေတွင် စိုက်ပျိုးပါက အပင်များဖြစ်ထွန်းအောင်မြင်ကြောင်း၊ မြေကိုထွန်ယက်ပြီး ဘောင်ပေါ်တွင် အစေ့များကို ပင်ကြား၊ တန်းကြား (၄×၆) လက်မထား၍ တစ်ကျင်းလျှင် မျိုးစေ့ (၂-၃)စေ့ခန့်ကို လက်မဝက်အနက်မြှပ်၍ တိုက်ရိုက်အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ (၂-၃) ရက်အတွင်း အပင်များပေါက်လာပြီး (၂၈) ရက်သားတွင် အပင်ရင်းမှဖြတ်၍ ဈေးကွက် သို့ရောင်း ချကြောင်း၊ ရေကြိုက်သောအပင်ဖြစ်သောကြောင့် ရေမပြတ်ရန်အလွန်အရေးကြီးကြောင်း၊ ကန်စွန်း စိုက်ပျိုးရန် တစ်ဧကမျိုးစေ့ (၉-၁၀) ထုပ်စိုက်ပျိုးရပြီး မျိုးစေ့တစ်ထုပ်လျှင်(၂၈၀၀၀) ကျပ်ခန့် ပေးဝယ်ရကြောင်း၊ ကန်စွန်းတစ်ဧကကုန်ကျစရိတ်အနေဖြင့် (၅၀၀၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း သိရှိရပါသည်။ ကန်စွန်းရွက် တစ်ဧကလျှင် အစည်းပေါင်း (၂၅၀၀၀) ခန့်အထိ ထွက်ရှိကြောင်း၊ ကန်စွန်းရွက် ဖောက်သည်ဈေး (၁)စည်းလျှင် (၇၀) ကျပ်၊ လက်လီ(၁)စည်းလျှင် (၁၀၀)ကျပ်ဖြင့် ပြန်လည်ရောင်းချကြောင်း၊ ကန်စွန်းရွက်တစ်ဧက အကျိုးအမြတ်အနေဖြင့် ကုန်ကျစရိတ် နှုတ်ပြီး ပါက (၆၅၀၀၀၀) ကျပ်ခန့်ရရှိကြောင်း၊ ကုန်းစိမ်းပွဲစားများက စိုက်ခင်းအထိ လာရောက်ဝယ်ယူကြကြောင်း၊ ဒေသတွင်းရှိဈေးများသို့ ပြန်လည်ရောင်းချကြောင်း၊ တောင်သာမြို့နှင့် ညောင်ဦးမြို့သို့ လည်းတင်ပို့ရောင်းချကြောင်း သိရှိရပါသည်။ ကန်စွန်းရွက်သီးနှံ သည် လူတိုင်းကြိုက်နှစ်သက်သော သီးနှံဖြစ်သောကြောင့် ဈေးကွက်သို့ရောင်းအားကောင်းကြောင်း၊ စိုက်ပျိုးခြင်းဖြင့် စီးပွားလည်းဖြစ် ဝင်ငွေလည်းတိုးကြောင်း ကန်စွန်းပင်စိုက်ပျိုးသော သမုန်းကိုင်းကျေးရွာရှိ တောင်သူထံမှ သိရှိရ ပါသည်။

DOCA(မန္တလေး)

         

ဆောင်းနေကြာစိုက်ပျိုးထားရှိမှု၊ တစ်ဧကကုန်ကျစရိတ်နှင့် ဈေးနှုန်းဈေးကွက်

                              မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံစေရေးနှင့် ပိုလျှံရေးအတွက် အရေးကြီးသီးနှံတစ်မျိုးဖြစ်သည့် နေကြာ(ဆောင်း) များစိုက်ပျိုးထားကြောင်း၊ နေကြာဆောင်းများ အောင်မြင်ဖြစ်ထွန်းရိတ်သိမ်းပြီး ဖြစ်ကြောင်းသိရှိရသည်။ အကောင်းဆုံးစိုက်ပျိုးချိန်မှာ စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလ၊ ဖေဖော်ဝါရီလနှင့် မတ်လတို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၄)လခန့်ကြာ မြင့်ကြောင်း သိရှိရသည်။ စိုက်ပျိုးရာတွင် တန်းကြား(၂)ပေ၊ ပင်ကြား(၉)လက်မ ခွာ၍စိုက်ပျိုးကြောင်း၊ မျိုးအနေဖြင့် ဆင်းရွှေကြာ-၂ ၊ ရေဆင်းစပ်မျိုး-၁ နေကြာမျိုးကို အဓိကစိုက်ပျိုးကြကြောင်း၊  ၂၀၂၅-၂၀၂၆ခုနှစ်၊ နေကြာဆောင်းကို တစ်မြို့နယ်လုံးအနေဖြင့် စီမံကိန်းသီးနှံ (၃၁၀၅) ဧကလျာထား ချက်၌ ရာနှုန်းပြည့်စိုက်ပျိုးခဲ့ကြောင်း၊ မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် (၇၅၀,၀၀၀) ကျပ်ခန့်ကုန်ကျကြောင်း၊ တစ်ဧကအထွက်နှုန်းအနေဖြင့်(၂၄-၂၅)တင်းခန့် ထွက်ရှိခဲ့ ကြောင်း၊ ယခု ထွက်ပေါ်ချိန်တွင် ဆီနေကြာတစ်ပိဿာလျှင် (၇၈၀၀)ကျပ်ခန့် ပေါက်ဈေးများ ရှိခဲ့ကြောင်း၊ တစ်ဧကအကျိုးအမြတ်အနေဖြင့် (၁၀)သိန်းကျပ်ခန့်ရရှိကြောင်း၊  စိုက်ပျိုးထားရှိသော ကျေးရွာများမှာ ထန်းပင်ကန်ရွာ၊ နန်းတည်ရွာ၊ ဆည်ကုန်းရွာ၊ မင်းစုရွာ၊ ရုံးတောရွာနှင့် ဝဲလောင် ကျေးရွာများတွင် စိုက်ပျိုးထားကြောင်း၊  ၎င်း‌ကျေးရွာများမှထွက်ရှိသော နေကြာများကို မြင်းခြံမြို့ ရှိပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း၊ တောင်သူများအနေဖြင့် အကျိုးအမြတ်များလည်းရရှိကြောင်း နေကြာစိုက်တောင်သူတစ်ဦး၏ ပြောပြချက် အရသိရှိရသည်။ ထိုပွဲရုံများမှတဆင့် မန္တလေးမြို့နှင့် ရန်ကုန်မြို့ရှိဘုရင့်နောင်ပွဲရုံသို့တင်ပို့ ရောင်းချကြောင်း ပွဲရုံများမှသိရှိရသည်။

DOCA(မန္တလေး)

 

သာယာကြီးကျေးရွာ၌နွေနှမ်းများစိုက်ပျိုးထားရှိမှု၊တစ်ဧကစိုက်ပျိုးစရိတ်နှင့် ဈေးနှုန်းဈေးကွက်အခြေအနေ

                 မန္တလေးတိုင်းအတွင်းရှိ တောင်သာမြို့နယ်သည်  ဆည်ရေသောက်ရှိသဖြင့် ပဲမျိုးစုံ၊ ကြက်သွန်နီနှင့် ပြောင်းများစိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံဖြစ်သော နွေနှမ်းများကို စိုက်ပျိုးရန်အတွက် ဆည်မြောင်း ဝန်ကြီးဌာနမှ ရေပေးဝေသောကြောင့် စိုက်ပျိုးလျက်ရှိကြောင်း၊ နွေနှမ်းများကို အညာဒေသတွင် ဖေဖော်ဝါရီလနှင့် မတ်လတွင်စတင်စိုက်ပျိုးပြီး၊ ဇွန်လ၊ ဇူလိုင်လနှင့် ဩဂုတ်လဆန်းပိုင်း၌ ရိတ်သိမ်း မည်ဖြစ်ကြောင်း၊ ၂၀၂၆ခုနှစ်တွင် တောင်သာမြို့နယ်တွင် နွေနှမ်း လျာထား (၆၉၈) ဧကတွင်စိုက် ပျိုးပြီးဧက ရာနှုန်းပြည့် စိုက်ပျိုးထားကြောင်း၊ နှမ်းစိုက်ပျိုးရာတွင် ဘောင်ကြောင်းပေးစနစ်ဖြင့် စိုက်ပျိုး ကြပြီး အများဆုံး စိုက်ပျိုးသော မျိုးများမှာနှမ်းဖြူနှင့် နှမ်းညို မျိုးများကိုစိုက်ပျိုးကြောင်း၊ စိုက်ပျိုးမှု အနေဖြင့် နှမ်းမျိုးစေ့ တစ်ပြည်လျှင် (၈၅၀၀) ကျပ်ခန့် ပေးရကြောင်း၊ စိုက်ပျိုးရာတွင် မြေကိုမှုန့် ညက်အောင် ထွန်ယက်၍ ကြဲပက်စနစ်ဖြင့် စိုက်ပျိုးကြောင်း၊ တစ်ဧက ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါ အဝင်  စုစုပေါင်း (၄၇၀၀၀၀) ကျပ်ခန့် ကုန်ကျကြောင်း၊ တစ်ဧကမျိုး (၃) ပြည်ခန့် စိုက်ပျိုးရကြောင်း၊ ယခင်နှစ် အထွက်နှုန်းအနေဖြင့် နှမ်းတစ်ဧကလျှင် (၉-၁၀) တင်းခန့် ထွက်ရှိကြောင်း၊ မိုးကိုမျှော်၍ စိုက်ပျိုးရသောသီးနှံဖြစ်သောကြောင့် အပင်ပြုစုမှု၊ သွင်းအားစုနှင့် ရေရရှိမှု မှန်ကန်ပါက အထွက်နှုန်းကောင်းမည်ဖြစ်ကြောင်း သာယာကြီးကျေးရွာမှ နွေနှမ်းစိုက် တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ တောင်သာဈေးကွက်၌ ၂၀၂၆ခုနှစ်၊ ဧပြီလဒုတိယပတ်၌ နှမ်းဖြူတစ်တင်းလျှင် (၁၃၉၀၀၀) ကျပ်ခန့်၊ နှမ်းညိုတစ်တင်းလျှင်(၁၄၆၀၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း၊   နှမ်းဆီတစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်ခန့် ပေါက်ဈေးများရှိကြောင်း၊ နှမ်ဆီစားသုံးမှု နည်း သောကြောင့် ဒေသတွင်းစားသုံးရန်သာ နှမ်းဆီကြိတ်ခွဲလျက်ရှိကြောင်း၊  နှမ်းထွက်ပေါ်ချိန်တွင် တောင်သူ များကိုယ်တိုင် မြို့ပေါ်ရှိပွဲရုံများသို့လာရောက်ရောင်းချကြောင်း၊ ထိုပွဲရုံများမှတဆင့် မန္တ‌လေးမြို့၊ မကွေးမြို့နှင့် ရန်ကုန်မြို့၊ ရွှေပြည်သာမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ နှမ်းပေါ်ချိန်တွင် စျေးနှုန်း များကောင်းမွန်ပါက တောင်သူများအနေဖြင့် အကျိုးအမြတ် ပိုမိုဖြစ်ထွန်းနိုင်ကြောင်း၊ နှမ်းစိုက်တောင်သူများအနေဖြင့်  မိသားစုစားသုံးဆီဖူလုံရုံမျှမက ဝင်ငွေရရှိပြီး အကျိုးအမြတ်ရရှိသော နွေနှမ်းသီးနှံကိုလည်း နှစ်စဉ်စိုက်ပျိုးလျက်ရှိသည်။

DOCA(မန္တလေး)

         

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း