
နွားထိုးကြီးမြို့နယ်သည် မိုးကောင်းသောက်ယာမြေများတွင်၊ ပဲမျိုးစုံ၊ ဆီထွက်သီးနှံနှင့် ကြက်သွန်နီသီးနှံများကိုစိုက်ပျိုးခြင်းနှင့် ထန်းလုပ်ငန်းများကို လည်းလုပ်ကိုင် လျက်ရှိရာ မိုးဦးကာလ တွင် ပဲစဉ်းငုံကိုလည်း စိုက်ပျိုးလျက် ရှိကြောင်း သိရှိရသည်။ မိုးဦးပဲစဉ်းငုံကို (မေလ-ဇွန်လ-ဇူလိုင်လ) များတွင် စတင်စိုက်ပျိုးပြီး ရိတ်သိမ်းထွက် ပေါ်ချိန်မှာ (ဇန်နဝါရီလ-ဖေဖော်ဝါရီလ-မတ်လ)တို့တွင် ရိတ်သိမ်းထွက်ပေါ်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၇)လခန့် ကြာမြင့် ကြောင်း သိရှိရသည်။
၂၀၂၅-၂၀၂၆ ခုနှစ်၊ ဇူလိုင်ပထမပတ်တွင် နွားထိုးကြီးမြို့နယ်၌ ပဲစဉ်းငုံ စိုက်ပျိုးဧက (၇၉၀၃၂) ဧကစိုက်ပျိုးထားရှိကြောင်း မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရှိရသည်။ ယခင်နှစ်ထက် ဧက(၉၀၀) ခန့်ပိုမိုစိုက်ပျိုးထားကြောင်း၊ စိုက်ပျိုးမှုအနေဖြင့် သက်ကြီးမျိုးရွှေဒင်္ဂါးကို တန်းကြား ၄ပေခွဲထား၍ စိုက်ကြောင်း များစွဲပြီး အစေ့ချစနစ်ဖြင့် စိုက်ပျိုးကြောင်း၊ စိုက်ပျိုးရာ၌ တန်းကြားတွင် မြေပဲ၊ နှမ်း၊ ပဲတို့နှင့် သီးညှပ်စိုက်ပျိုးထားကြောင်း သိရသည်။ ယခင်နှစ် ပဲစဉ်းငုံတစ်ဧက အထွက်နှုန်းမှာ (၁၁) တင်း ခန့်ထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ် ပဲစဉ်းငုံနီတစ်တင်းလျှင် (၉၃၀၀၀)ကျပ်၊ ပဲစဉ်ငုံအဖြူတစ်တင်းလျှင် (၈၁၀၀၀) ကျပ်ခန့် ပေါက်ဈေးရှိခဲ့ကြောင်း၊ ယခုနှစ်စိုက်ပျိုးထားသော ပဲစဉ်းငုံများသည် မိုးကောင်းရေ သောက်သုံးရသဖြင့် အပင်များဖြစ်ထွန်းသောကြောင့်၊ ရာသီဥတု ကောင်းပါက ယခင်နှစ်ထက်အထွက်နှုန်းများပိုမို ထွက်ရှိနိုင်မည်ဟုခန့်မှန်းရကြောင်း၊ ပဲစဉ်းငုံသီးနှံသည် အကျိုးအမြတ်များစွာရရှိပြီး သီးထပ်သီးညှပ်အနေဖြင့်လည်း စိုက်ပျိုး၍ဝင်ငွေတိုးသောသီးနှံ ဖြစ်ကြောင်း ပဲစဉ်းငုံစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ နွားထိုးကြီးမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ တတိယပတ်တွင် ပဲစဉ်းငုံနီ တစ်တင်းလျှင် (၉၅၀၀၀) ကျပ်၊ ပဲစဉ်ငုံဖြူတစ်တင်းလျှင် (၈၃၀၀၀)ကျပ်ခန့် ပေါက်ဈေးများဖြင့် ဒေသတွင်း ပွဲရုံများ၌ ပဲစဉ်ငုံအဟောင်း လှောင်လက်ပဲများကိုသာ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ထွက်ပေါ်ချိန်တွင် ဒေသတွင်းပွဲရုံများမှတဆင့် မြင်းခြံမြို၊ မန္တလေးမြို့နှင့် ရန်ကုန်ဘုရင့် နောင်ပွဲရုံများသို့ တင်ပို့ရောင်းချကြောင်း နွားထိုးကြီးမြို့ရှိ ပွဲရုံလုပ်ငန်း လုပ်ကိုင်သူ တစ်ဦးထံမှ သိရှိရသည်။
DOCA(မန္တလေး)
