မြန်မာ့အလှတရားနှင့် ရွှေဘိုသနပ်ခါးအကြောင်း တစ်စေ့တစ်စောင်း

       ရွှေဘိုသနပ်ခါးသည် အပူပိုင်းဒေသ၏ ရတနာတစ်ပါးဖြစ်သည့် မြန်မာသနပ်ခါးဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှု အစိတ်အပိုင်းတစ်ခုဖြစ်သဖြင့် သနပ်ခါးကို ချစ်ခြင်းသည်လည်း မြန်မာ့ယဉ်ကျေးမှုကို ချစ်ခြင်းဖြစ်ပါသည်။ ရွှေဘိုသနပ်ခါးသည် မြန်မာနိုင်ငံတွင် လူသိများသည့် သနပ်ခါးအမျိုး အစားတစ်ခု ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုဒေသနဲ့ ဆက်စပ်ကာ လူသိများလာကြကြောင်း သိရသည်။
 

ရွှေဘိုသနပ်ခါးစတင်ပေါ်ပေါက်ခဲ့သည့် သမိုင်းဝင်အထောက်အထားများ
 

           မြန်မာသနပ်ခါး၏ သမိုင်းကြောင်းကို လေ့လာကြည့်ပါက မြန်မာ့သမိုင်းတွင် အထွန်းတောက်ဆုံးဖြစ်သည့် ပုဂံခေတ်ကတည်းက သနပ်ခါးကိုတွင်ကျယ်စွာ သုံးစွဲခဲ့ကြကြောင်း ပုဂံဒေသတွင်ရှိသော ရှေးဟောင်းဘုရားပုထိုးများ၏ နံရံဆေးရေးပန်းချီများအရ လေ့လာသိရှိရသည့်အပြင် အင်ဝခေတ်၏ ကျော်ကြားလှသည့် စာဆိုတော်ကြီးရှင်မဟာရဌသာရ၏ ဘူရိဒတ်ဇာတ်ပေါင်းပျို့ကိုရေးဖွဲ့ခဲ့ကြောင်း လေ့လာသိရှိရသဖြင့် အင်းဝခေတ်တွင်လည်း နန်းတွင်းသူ၊ နန်းတွင်းသားများ မြတ်မြတ်နိုးနိုးသုံးစွဲခဲ့ကြသည့် တန်ဘိုးကြီး နန်းသုံးအလှကုန်တစ်ခုဖြစ်ခဲ့ကြောင်း ခိုင်ခိုင်မာမာလေ့လာတွေ့ရှိရပါသည်။ ရွှေဘိုသနပ်ခါးသည်တတိယမြန်မာနိုင်ငံကိုတည်ထောင်ခဲ့သည့်  အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ တည်ထောင်ခဲ့သော ကုန်းဘောင်ခေတ်နန်းတွင်းမှတစ်ဆင့် စတင်မွေးဖွားခဲ့ပြီး နန်းသုံးအလှကုန် အဖြစ်ကနေ ယနေ့တိုင် မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း၊ ဂီတစာဆိုကြီး နန်းတော်ရှေ့ဆရာတင်ရဲ့ကြော်ကြားလှသည့် ရန်ကုန်သူသီးချင်းကြောင့်လည်း ရွှေဘိုသနပ်ခါးကို တစ်နိုင်ငံလုံးကပြည်သူများ သိရှိလာကြပါသည်။
 

သနပ်ခါး၏ ဆေးဖက်ဝင်ဂုဏ်သတ္တိများ

            သနပ်ခါးသည် အသားအရေကိုအေးမြစေပြီး နေရောင်နှင့်အပူဒဏ်ကြောင့် အသားအရေပူလာတဲ့ အခါသက်သာစေရန်အသုံးများကြောင်း၊ လေထုညစ်ညမ်းမှုနှင့် အသားအရေပျက်စီးခြင်းများကို ကာကွယ်ပေးသည့်သဘာဝ Antioxidant အစွမ်းသတ္တိများလည်းပါဝင်ကြောင်း၊ Vitamin E ပါဝင်မှုမြင့်မားသောကြောင့် အသားအရေကို ရေဓါတ်ပြည့်ဝစွာဖြည့်ဆည်းပေးကြောင်း၊ သနပ်ခါးတွင်ပါဝင်သော မာမီစင် သဘာဝဓါတ်သည် နေရောင်ခြည်မှလာသော အန္တရာယ်ရှိ ခရမ်းလွန်ရောင်ခြည် UV-A နှင့် UV-B တွေကို အထူးထိရောက်စွာ ကာကွယ်ပေးကြောင်း လေ့လာသိရှိရပါသည်။ သနပ်ခါးသည် မြန်မာအမျိုးသမီးများ၊ ကလေးများနှင့် အမျိုးသားများပါမကျန် ရာစုနှစ်များစွာ အသုံးပြုလာကြပြီး သနပ်ခါးအမြစ်နှင့် အရွက်များကိုလည်း ဆေးဘက်ဝင်ရန် အသုံးပြုကြကြောင်း သိရပါသည်။

သနပ်ခါးစိုက်ပျိုးနိုင်သည့် မြေအမျိုးအစားနှင့် စိုက်ပျိုးမှုအခြေအနေ

      သနပ်ခါးသည် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသ၊ ကျောက်စရစ်ကုန်းမြေညံ့၊ ရေရရှိရန် ခက်ခဲသည့်ဒေသများတွင် သဘာဝအလျောက် အလေ့ကျရှင်သန်နိုင်စွမ်းရှိကြောင်း သိရှိရပါသည်။ ဂဝံကျောက်စရစ်နှင့် သဲကျောက်ဆန်သော မြေဆီလွှာမျိုးတွင် အကောင်းဆုံးဖြစ်ထွန်းပြီး ပူပြင်းခြောက်သွေ့သော ရာသီဥတုကိုအထူးနှစ်သက်ကြောင်း၊ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀မှ ၅၀၀ ဝန်းကျင် ရှိသောဒေသများတွင် စိုက်ပျိုးရန်အသင့်တော်ဆုံးဖြစ်ကြောင်း သိရှိရပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် သနပ်ခါး(၆၃၂၉၄)ဧကစိုက်ပျိုးပြီး မုံရွာခရိုင် အရာတော်မြို့နယ်တွင်(၅၇၃၆၂)ဧက စိုက်ပျိုးသဖြင့် တစ်တိုင်းလုံးစိုက်ဧက၏ ၉၁ ရာခိုင်နှုန်းစိုက်ပျိုးကြောင်း၊ ရွှေဘိုခရိုင်အနေဖြင့် ရွှေဘိုမြို့နယ် ခင်ဦးမြို့နယ်၊ ဝက်လက်မြို့နယ်နှင့်‌ ကျောက်မြောင်းမြို့တို့တွင် စိုက်ပျိုးကြပြီး စုစုပေါင်း(၁၂၈၈)ဧက စိုက်ပျိုးကြောင်း သိရှိရပါသည်။

စိုက်ပျိုးသူများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ဈေးကွက်၊ ဈေးနှုန်းအခြေအနေ        

        သနပ်ခါးပင်သည် စိုက်ပျိုသူတောင်သူများမှ နှစ်ရှည်လများ စိတ်ရှည်သည်းခံပြီး ပြုစုပျိုးထောင် ရင်းနှီးမြှုပ်နှံစိုက်ပျိုးရပြီး အပင်သက်တမ်း ၇နှစ်မှ ၁၀နှစ်ကြားရောက်မှသာ ဈေးကွက်တွင် အရည်အသွေး ပြည့်ဝသည့် ရောင်းတန်းဝင်သနပ်ခါးအနှစ်ကိုရရှိကြောင်း၊ သနပ်ခါးများကို စိုက်ခင်းမှတစ်ဆင့် သနပ်ခါး အရောင်းအဝယ်ပြုလုပ်သူများ၊ နိုင်ငံတစ်ဝန်းလုံးရှိသုံးစွဲသူများထံ အဆင့်ဆင့်ဖြန့်ဖြူးရောင်းချကြကြောင်း၊ ရွှေဘိုခရိုင်တွင် ရွှေဘိုမြို့ရှိ သမိုင်းဝင်ရွှေတန်ဆာဘုရား၏ တောင်ဘက်စောင်းတန်းတွင် “မြန်မာသမိုင်းဝင် သနပ်ခါးမြို့တော် မွှေးကြိုင်လန်းဆန်း ရွှေတန်ဆာသနပ်ခါးတန်း” ဟူ၍ဆိုင်းဘုတ်ထောင်ထားပြီး ရွှေဘိုသနပ်ခါးတုံးများကို အမှတ်တံဆိပ်အမျိုးမျိုးရိုက်နှိပ်ကာ တစ်စုတစ်ဝေးတည်းရောင်းချကြပါသည်။ ဈေးကွက်အနေဖြင့် အွန်လိုင်းရောင်းချမှုများ ခေတ်စားလာမှုကြောင့် သနပ်ခါးကုန်ကြမ်းနှင့် ကုန်ချောရောင်းချမှုတွင် အရောင်းအဝယ် ပိုမိုတွင်ကျယ်လာပြီး တစ်နိုင်ငံလုံးသို့ တင်ပို့ရကြောင်း သိရှိရပါသည်။ ရွှေဘိုသနပ်ခါးရောင်းချသူများအနေဖြင့် သနပ်ခါးကို ယခင်ကကုန်ကြမ်းအဖြစ်သာ ရောင်းချခဲ့ကြသော်လည်း ပြောင်းလဲလာသည့်ခေတ်နှင့်အညီ သနပ်ခါးကြိုက်သူများအနေဖြင့် သနပ်ခါးလိမ်းရန် ကျောက်ပျဉ်မလိုဘဲ အလွယ်တကူအသုံးပြုနိုင်ခြင်းနှင့် သယ်ယူနိုင်ခြင်းစသည့် အားသာချက်များကြောင့် သုံးစွဲသူများအကြိုက် စီးပွားရေးလုပ်ငန်းရှင်များမှ အသင့်အသုံးပြုနိုင်သည့် ကုန်ချောအဖြစ် ထုတ်ထုတ် လုပ်ဖြန့်ဖြူးရောင်းချလာကြပါသည်။ သနပ်ခါးအချောင်များကို ရောင်းချရာတွင် သနပ်ခါးအပွေးအပေါ် မူတည်၍ တစ်တုံးလျှင်(၂၀၀ဝိ/-)မှစတင်ပြီး (၅၀၀ဝိ/-)ထိရောင်းချရကြောင်း၊ အပင်ဖြတ်များကို အချောင်းလိုက် ရောင်းချပါက တစ်ချောင်းလျှင် (၂၀၀၀ဝိ/-)မှစတင်ပြီး (၅၀၀၀ဝိ/-)ထိရောင်းချကြကာ တစ်ချောင်းလျှင်(၁၀)ဖြတ်ရရှိကြောင်း သိရှိရသည်။

 

 

ကုန်ကြောအဖြစ်ထုတ်လုပ်ရောင်းချမှုနှင့် ဈေးနှုန်းအခြေအနေ

      သနပ်ခါးကို ကုန်ကြမ်းအနေဖြင့် ရောင်းချသည့်အပြင် ရွှေဘိုသနပ်ခါးအမြစ်ခဲ၊ ထောပတ်စေ့ ဆန်ကော်လဂျင်သနပ်ခါးခဲ၊ သဘာဝခရေသနပ်ခါးခဲ၊ နံ့သာဖြူ သနပ်ခါးခဲ၊ ရွှေဘိုသနပ်ခါး လက်သွေးခဲ၊ ထောပတ်စေ့သနပ်ခါးခဲ၊ ရှင်မတောင်သနပ်ခါးခဲ၊ ကံ့ကော်ဝတ်ဆံ သနပ်ခါးအမြစ်ခဲ၊ တောင်တန်ကြီး သနပ်ခါးခဲ၊ ရွှေဘိုသနပ်ခါးအပွေးခဲ၊  လက်သွေးသနပ်ခါးခဲစသည်ဖြင့် မျက်နှာတွင်အသင့်သွေးပြီး လိမ်းနိုင်သည့် အခဲ(၁၁)မျိုးထုတ်လုပ်ပြီး လက်သွေးအနှစ်၊ စက်ကြိတ်သနပ်ခါးခဲ၊ သနပ်ခါးအမြစ်မှုန့်၊ သနပ်ခါးအပွေးမှုန့်များနှင့် သနပ်ခါးအမွှေးတိုင်များကိုလည်း သုံးစွဲသူအကြိုက် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချလာကြပါသည်။ ကော်လဂျင်ပါသည့်သနပ်ခါးခဲ တစ်ခဲလျှင် (၁၂၀၀ဝိ/-)၊ ကျန်သနပ်ခါးခဲ (၁၀)မျိုးမှာ တစ်ခဲလျှင်(၆၅၀ဝိ/-)နှင့် လက်သွေးအနှစ်တစ်ဗူးလျှင်(၁၀၀၀ဝိ/-)ဖြင့် ရောင်းချကြောင်း၊  စက်ကြိတ်သနပ်ခါးခဲ(၉)မျိုး ထုတ်လုပ်ပြီး အမျိုးအစားအပေါ်မူတည်၍ (၅)ခဲတစ်ထုတ်လျှင်(၂၅၀ဝိ/-)၊ (၄၀၀ဝိ/-)နှင့် (၃)ခဲတစ်ထုတ်လျှင်(၄၀၀ဝိ/-)၊ (၅၀၀ဝိ/-)နှင့် သနပ်ခါးအမွေးတိုင် တစ်ဗူးလျှင်(၁၀၀၀ဝိ/-တို့ဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရှိရပါသည်။

လုပ်ငန်းရှင်များရင်ဆိုင်နေရသည့် အခက်အခဲနှင့်စိန်ခေါ်မှုများ

             သနပ်ခါးကုန်ချောထုတ်လုပ်သည့် လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်းများ အလုံအလောက်ရှိမှသာ ကုန်ချောကို မပြတ်ထုတ်လုပ်နိုင်မည်ဖြစ်သဖြင့် လိုအပ်သောကုန်ကြမ်းများကို  အဆက်မပြတ်ဝယ်ယူ သိုလှောင်ရသဖြင့် ငွေကြေးအရင်းအနှီးလိုအပ်ခြင်း၊ ကုန်ကြမ်းရှိမှသာ ကုန်ချောထုတ်လုပ်နိုင်မည် ဖြစ်သဖြင့် ကုန်ချောထုတ်လုပ်သည့်လုပ်ငန်းရေရှည်တည်တံ့နိုင်ရန် အဓိကကုန်ကြမ်းထုတ်လုပ်သူများကို တွက်ချေကိုက်နိုင်မည့် ဈေးပေးဝယ်ရခြင်း၊  တိုးတက်လာသည့်ခေတ်နှင့်အညီ သနပ်ခါးကုန်ချော ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များပြားလာသဖြင့် အရည်အသွေးနှင့် ဈေးကွက်ထိန်းသိမ်း ရခြင်း၊ ပြည်တွင်း၊ ပြည်ပထုတ် Skin Care အမျိုးမျိုးခေတ်စားလာသည်နှင့်အညီ သနပ်ခါးဈေးကွက် ပျောက်ကွယ်နိုင်သဖြင့် မြန်မာလူမျိုးများ သနပ်ခါးကို နှစ်သက်စွာအသုံးပြုကြမှသာ ဈေးကွက်ခိုင်မာနိုင်ကြောင်း သိရှိရပါသည်။

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအကာအကွယ်ရေး လုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ရာရွှေဘိုသနပ်ခါးထုတ်လုပ်ဖြန့်ဖြူးရောင်းချသူများအသင်းကို ဖွဲ့စည်းပေးထားပြီး (၁၉.၂.၂၀၁၉)ရက်နေ့ ၁၃၈၀ခု၊ တပို့လပြည့်နေ့တွင် မြန်မာသနပ်ခါးနေ့ပွဲတော်ကို သက်ဆိုင်ရာဒေသ အာဏာပိုင်အဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဌာနမှဦးဆောင်၍ ရွှေဘိုသနပ်ခါးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် မြို့မိ၊ မြို့ဖများဖြင့်ညှိနှိုင်းကာ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါသည်။ အဆိုပါသနပ်ခါးပွဲတော်နေ့တွင် သမိုင်းဝင်ရွှေတန်ဆာဘုရားအား သနပ်ခါးမီးပူဇော်ခြင်းနှင့် သနပ်ခါးယဉ်ကျေးမှု အသိပညာပေး စာပေဟောပြောပွဲကိုလည်း ကျင်းပခဲ့ကြကြောင်း သိရှိရရှိပါသည်။

     သနပ်ခါးကုန်ကြမ်းနှင့် ကုန်ချောထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအနေဖြင့် ပိုမို အရည်အသွေးရှိသည့် သနပ်ခါးများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်ရန်  စနစ်တကျဆောင်ရွက်လျက်ရှိသောကြောင့် သနပ်ခါးဈေးကွက်ရေရှည်တည်တံ့ကာ သနပ်ခါးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေး၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် အစိုးရနှင့် ပုဂ္ဂလိက ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားမည်ဆိုပါက ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)