ဒေသထွက် တောင်ယာသခွားသီး
ကယားပြည်နယ်အတွင်း တောင်ယာသခွားသီးကို မိသားစုစားသုံးရန်နှင့် အပိုဝင်ငွေ ရရှိရန် ကျေးရွာအများအပြားတွင် သီးညှပ်စိုက်ပျိုးနည်းဖြင့် စိုက်ပျိုးကြသည်။ တောင်ယာ သခွားသီးကို မိုးရာသီဖြစ်သော မေလနှင့် ဇွန်လတို့တွင်စိုက်ပျိုးကြပြီး ဆောင်းရာသီအစ ဖြစ်သော အောက်တိုဘာလတွင် ခူးဆွတ်ကြသည်။ တောင်ယာသခွားသည် အချိန်ကြာမြင့် စွာအထားခံသော အသီးတစ်မျိုးဖြစ်သည်။ သခွားသီးကို ဒေသခံပြည်သူများသည် တောင်ယာပဲကြားနှင့်ဟင်းရည်ချက်သောက်ခြင်း၊ သုပ်စားခြင်းများ ဖြင့်ပြုလုပ်စားသောက် ကြသည်။
တောင်ယာသခွားသီး၏ ဈေးကွက်အခြေအနေမှာ ဒေသတွင်းစားသုံးမှုကို အဓိက ထားရောင်းချကြခြင်းဖြစ်သည်။ တောင်သူများသည် မိမိတို့စိုက်ခင်းမှ ခူးဆွတ်ရရှိသော သခွားသီးများကို လွိုင်ကော်မြို့ရှိ ဈေးများသို့ ကိုယ်တိုင်သယ်သူရောင်းချနိုင်သကဲ့သို့ ကုန်စိမ်းသည်များနှင့် တစ်ဆင့်ပြန်လည်ရောင်းချသူများထံသို့လည်းရောင်းချနိုင်သည်။ ကယားပြည်နယ်ထွက် သခွားသီးများကို အခြားဒေသများသို့ အများအပြားတင်ပို့ရောင်းချ ခြင်းမရှိဘဲ ပြည်နယ်အတွင်း၌သာ အဓိကရောင်းချ ကြသည်။ ထို့ကြောင့်ဒေသတွင်း ဝယ်လိုအား၊ ရာသီအလိုက် ထွက်ရှိမှုပမဏနှင့် စားသုံးသူများ၏ ဝယ်ယူမှုအခြေအနေ တို့သည် တောင်သူများရရှိမည့် ဈေးနှုန်းအပေါ်သက်ရောက်မှုရှိသည်။
လွိုင်ကော်မြို့တွင်းရှိ သီရိမင်္ဂလာဈေးတွင် တောင်ယာသခွားသီးတစ်လုံးကို ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ် ဖြင့်ရောင်းချလျှက်ရှိကြောင်း ဈေးသည်တစ်ဦးထံမှ သိရှိရပါသည်။ ကယားပြည်နယ်တွင် တောင်ယာသခွားသီးအပါအဝင် သခွားသီးစိုက်ပျိုးရေးသည် ဒေသခံ တောင်သူများအတွက် မိသားစုစားဝတ်နေရေးနှင့် အပိုဝင်ငွေရရှိရေးတွင် အထောက်အကူ ပြုနိုင်သော စိုက်ပျိုးရေးလုပ်ငန်းတစ်ခုဖြစ်သည်။ တောင်သူများအနေဖြင့် ရာသီအလိုက် ဈေးကွက်လိုအပ်ချက်ကိုလေ့လာပြီး သခွားသီးများကို အချိန်ကိုက်စိုက်ပျိုး၍ အရည်အသွေး ကောင်းမွန်အောင် ထိန်းသိမ်းခြင်းနှင့် လတ်ဆတ်စွာရောင်းချခြင်းတို့ကိုဆောင်ရွက် နိုင်ပါက ဝင်ငွေပိုမိုရရှိနိုင်မည်ဖြစ်သည်။
DOCA(ကယား)
- Log in to post comments

















