Main menu

နေကြာစိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးနှုန်းဈေးကွက် အခြေအနေအားလေ့လာတင်ပြခြင်း

Powered by Drupal
Fri, 07/21/2023 - 11:12 -- consumer_admin

   မြန်မာနိုင်ငံတွင် နေကြာသီးနှံကို စားသုံးဆီလိုအပ်ချက်ဖြည့်တင်းနိုင်ရန်အတွက် ဧကပြတ် စိုက်ပျိုးကြသလို အခြားသီးနှံများကြားတွင်လည်း သီးညှပ်စိုက်ပျိုးကြပါသည်။ နေကြာသီးနှံ၏ မူရင်းဒေသမှာ မြောက်အမေရိကတောင်ပိုင်းမှ စတင်ဖြစ်ထွန်းလာခဲ့ပြီး ထိုမှတစ်ဆင့် အာရှနိုင်ငံများသို့ မျိုးပွားရောက်ရှိလာကြောင်းသိရပါသည်။ ပြည်ခရိုင်တွင် ယခင်ကဆောင်းနေကြာ တစ်မျိုးသာရှိပြီး နောက်ပိုင်းတွင် စားသုံးဆီဖူလှုံရန်အတွက် မိုးနေကြာကို စမ်းသပ်စိုက်ပျိုးလာကြပါသည်။

နေကြာအမျိုးအစားနှင့်သက်တမ်းကာလ

    နေကြာမျိုးများတွင် အယဉ်မျိုးနှင့် အရိုင်းမျိုးဟူ၍နှစ်မျိုးရှိပြီး အယဉ်မျိုးမှာ တစ်နှစ်ခံပင်ဖြစ်ပြီး အရိုင်းမျိုးမှာနှစ်ရှည်ခံပင်ဖြစ်ပါသည်။ တစ်နှစ်ခံပင်နေကြာကို ဆီစားနေကြာနှင့် အစေ့စားနေကြာဟူ၍ (၂)မျိုးခွဲခြားထားပါသည်။ အစေ့စားနေကြာမှာ သက်လျင်မျိုးနှင့် သက်ကြီးမျိုးဟူ၍ရှိပြီး သက်လျင်မျိုး ၏သက်တမ်းမှာ (၃)လခွဲခန့်ရှိပြီး အစေ့ခွံမှာ အသင့်အတင့်ထူ၍ အဆန်ပြည့်ဝပြီး အရောင်မှာ အညိုကြား အရောင်ရှိပါသည်။ အစေ့စားသက်ကြီးမျိုး၏ အရောင်မှာ အနက်ရောင်နှင့် အညိုရောင်ရှိပြီး အစေ့မှာ အလွန်သေးငယ်၍ အခွံပါးပြီး အဆံပြည်ဝသည်ဟု သိရပါသည်။ နေကြာကို စိုက်ပျိုးမည်ဆိုပါက မျိုးကောင်းမျိုးသန့်များဖြစ်သော ရေဆင်းစပ်မျိုး နေကြာနှင့် ဆင်းရွှေကြာ-၂ တို့ကို ရွေးချယ်၍ စိုက်ပျိုးသင့်ပါသည်။

နေကြာစိုက်ပျိုးချိန်

   နေကြာသီးနှံကို မိုးရာသီနှင့်ဆောင်းရာသီတွင်စိုက်ပျိုးကြပြီး မိုးစပါးအပြီးတွင် နေကြာကို စိုက်ပျိုးကြသလို ပဲမျိုးစုံစိုက်ပျိုးသည့်ကြားထဲတွင်လည်း သီးညှပ်အဖြစ် စိုက်ပျိုးကြပါသည်။ နေကြာ သီးနှံသည် ရေဝပ်ခြင်းကိုလုံးဝမကြိုက်ဘဲ မြေဆီလွှာကောင်းမွန်မှုရှိသော နုန်းမြေ၊ သဲနုန်းမြေနှင့် နုန်းမြေစေးတို့တွင် ကောင်းမွန်ဖြစ်ထွန်းပါသည်။ သဲမြေဆန်သည့် ရွံ့စေးမြေနှင့် မြေနီကျောက်စရစ် မြေမျိုးတွင် နေကြာပင်ကို မစိုက်ပျိုးသင့်ပါ။ နေကြာကို စက်တက်ဘာလနှင့် အောက်တိုဘာလ တို့တွင် စိုက်ပျိုးကြသလို မြေအစိုဓါတ်ရရှိသော နိုဝင်ဘာလနှင့် ဒီဇင်ဘာလ တို့တွင်လည်း စိုက်ပျိုးကြပါသည်။ ပြည်ခရိုင်အနေဖြင့် ယခုအချိန်သည် မိုးနေကြာများ စိုက်ပျိုး ချိန်ဖြစ်ပြီး စီမံကိန်းစိုက်ဧကမှာ (၂၈၂) ဧကရှိကြောင်းသိရပါသည်။

စိုက်ပျိုးမြေပြင်ဆင်ခြင်း

  နေကြာစိုက်ပျိုးမည့်မြေကို ထယ်ဖြင့်နက်နက်ထိုးပေးပြီးနောက် ထွန်ဖြင့်နှံနှံစပ်စပ် မွှေပေးရ ပါသည်။ မျိုးစေ့ချရာတွင် အခြောက်ချခြင်းနှင့် အညှောက်ဖောက်ချခြင်းတို့ကို စိုက်မြောင်း၏ အစိုဓါတ် အခြေအနေကိုချင့်ချိန်၍ လုပ်ကိုင်ရပါသည်။ နေကြာမျိုးစေ့ကို စိုက်ပျိုးသည့် မြောင်းအတွင်း မျိုးစေ့ချ ရာတွင် မတိမ်လွန်း၊ မနက်လွန်းတွင်ချပြီး မြေပြန်ဖုံးရာတွင် မထူးလွန်း၊ မပါးလွန်းအောင် သတိထား၍ စိုက်ပျိုးရပါသည်။ နေကြာစိုက်ပျိုးရန် အကောင်းဆုံးမြေအနက်မှာ (၂)လက်မထက်မပိုစေရပါ။ နေကြာပင်များစိုက်ပျိုးပြီး (၁၀/၁၅)ရက်အကြာတွင် အပင်ခွဲရ၍ အပင်ခွဲရာတွင် အသန်ဆုံး အပင်များကိုချန်၍ အမြစ်မနာစေရန် ဂရုစိုက်ရပါသည်။ အပင်အကွာအဝေးမှာ တစ်တန်းနှင့်တစ်တန်း (၂)ပေခွာပြီး တစ်ပင်နှင့်တစ်ပင် (၆)လက်မခွာ၍ စိုက်ပျိုးရပါသည်။ အပင်သားခွဲချိန်တွင် ပေါင်းသတ်ပြီး ရေသွင်းရန်လိုအပ်ပါက ရေသွင်းမြောင်းလေးများ ပါဖော်ထားပေးရပါမည်။ မြေမထွန်ယက်မီ တစ်ဧက လျှင် နွားချေးလှည်း(၅)စီးတိုက်ခန့် ချထားပေးရပါသည်။ နေကြာပင်များပေါက်ပြီး ရက်(၄၀)ခန့် အကြာတွင် သွင်းအားစုများ ထည့်သွင်းပေးရပါမည်။ နေကြာပင်(၂)လသားတွင် ပန်းများပွင့်ပြီး ရက်(၉၀/၁၀၀)အကြာတွင် အစေ့များရင့်မှည့်လာပါသည်။

နေကြာပင်ရိတ်သိမ်းခြင်းနှင့် သိုလှောင်ထိန်းသိမ်းခြင်း

     နေကြာပင်၏သက်တမ်းမှာစိုက်ပျိုးပြီး ရက်(၉၀)မှ ရက်(၁၀၀) အထိရှိပြီး ပန်းပွင့်ပုံ အညိုရောင် ပြောင်းသွားသည့်အခါ အစေ့အောင်မြင်လာပြီဖြစ်သဖြင့် ပန်းပွင့်အုံအောက် (၄)လက်မ ခွာ၍ ရိတ်သိမ်း ရပါသည်။ ရိတ်သိမ်းပြီးသောနေကြာပွင့်များကို တလင်းထဲတွင် တစ်ပွင့်ချင်း ဖြန့်ခင်း၍ နေလှန်း ရပါသည်။ (၅)ရက်ခန့်နေလှန်းပြီး ခြောက်သွေ့လာသောနေကြာပွင့်ကို အစေ့ချွေရာတွင် ပန်းပွင့်(၂) ပွင့်ကို မျက်နှာခြင်းဆိုင် ပွတ်တိုက်ပေးခြင်းဖြင့် အစေ့များကို ရယူရပါသည်။ ထိုမှတစ်ဆင့်ရရှိလာသော နေကြာစေ့များကို (၂)ရက် မှ(၄)ရက်အထိနေလှန်းပြီး အစိုဓါတ်(၁၂%)သာရရှိရမည်ဖြစ်ပါသည်။ နေကြာတစ်ဧကလျှင် အထွက်နှုန်းမှာ (၁၁)တင်းကျော် ထွက်ရှိကြောင်း သိရပါသည်။ ထွက်ရှိလာသော နေကြာစေ့များကို မရောင်းချမီ နေလှန်းအအေးခံ၍ နေကြာ(၃)တင်းလျှင် တစ်အိတ်ဖြင့် လေလုံအောင် ထည့်သို၍ သိုလှောင်ရပါသည်။

နေကြာစားသုံးခြင်းနှင့်အသုံးပြုပုံ

    နေကြာကိုဆီကြိတ်၍ စားသုံးကြသလို အစေ့ကိုလှော်၍စားသုံးကြပါသည်။ နေကြာစေ့ကို နေကြာဆီအဖြစ် ဆီကြိတ်ရာတွင် အခွံကိုမချွတ်ဘဲ ရောနှော၍ဆီကြိတ်ကြပါသည်။ နေကြာစေ့ (၁၀) ပိဿာကို ဆီကြိတ်လျှင် နေကြဆီ (၅/၆)ပိဿာအထိ ထွက်ရှိကြောင်းသိရပါသည်။ ထို့အပြင် ဘေးထွက် ပစ္စည်းဖြစ်သော နေကြာကြိတ်ဖတ် (၅)ပိဿာခန့်ထွက်ရှိပါသည်။ ထိုနေကြာ ကြိတ်ဖတ်ကို တိရိစ္ဆာန် အစားအစာအဖြစ်လည်းကောင်း၊ ငါးစာအဖြစ်လည်းကောင်း အသုံးပြုကြပါသည်။ နေကြာကြိတ်ဖတ် (၁)ပိဿာလျှင်(၁၅၀၀)ကျပ်ဈေးအထိရှိပြီး နေကြာဆီ စစ်စစ်တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်ထိ ဈေးနှုန်းရှိကြောင်းသိရပါသည်။ နေကြာဆီကို သွေးတိုး၊ ဆီးချိုသမားများနှင့် အချို့သောကျန်းမာရေး လိုက်စားသူများက ဝယ်ယူစားသုံးကြပါသည်။ နေကြာဆီများကို ပြည်ခရိုင်တွင် အနည်းငယ်သာ ကြိတ်ခွဲပြီး အခြားတိုင်းဒေသကြီးဖြစ်သော မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့ဘက်မှာ မှာယူတင်သွင်း ရောင်းချကြောင်းသိရပါသည်။

နေကြာဈေးနှုန်းနှင့်ကုန်စည်စီးဆင်းမှု

     ပြည်ခရိုင်အတွင်းရှိ မြို့နယ်များမှထွက်ရှိသော နေကြစေ့များကို ပြည်မြို့ရှိ ပွဲရုံများသို့ လည်းကောင်း နီးစပ်ရာဆီစက်များသို့လည်းကောင်း ရောင်းချပြီး နေကြာတစ်တင်းလျှင် ယခင်က (၂၅၀၀၀)ကျပ်ဈေးဖြစ်ခဲ့ပြီး ယခုနှစ်တွင် နေကြာတစ်တင်းလျှင် (၂၇၀၀၀)ကျပ်ဖြင့် တစ်တင်းလျှင် (၂၀၀၀)ကျပ်ခန့် ဈေးနှုန်းများမြင့်တက်လာကြောင်း သိရပါသည်။ ပြည်ခရိုင်မှထွက်ရှိသော နေကြာစေ့များကို အခြားတိုင်းနှင့် ပြည်နယ်များသို့တင်ပို့ရောင်းချနိုင်ခြင်း မရှိသေးဘဲ မိမိခရိုင်အတွင်းသာ စားသုံးသူများဆီဖူလှုံမှုရရှိစေရေးအတွက်သာ ဆီကြိတ်ခွဲ၍ရောင်းချကြောင်း သိရပါသည်။ သရေစာအဖြစ် စားသုံးသောနေကြာစေ့လှော်ကို ရှမ်းပြည်နယ်ဘက်မှ မှာယူတင်သွင်းပြီး (၁၀)ကျပ်သား တစ်ထုပ်လျှင် (၁၅၀၀)ကျပ်ဖြင့် ဈေးများတွင်ရောင်းချကြောင်းသိရပါသည်။

 နေကြာထုတ်လုပ်ရောင်းချသူများအနေဖြင့် ရာသီဥတု ရေ/မြေ သဘာဝနှင့် အထူးသင့်လျော်ပြီး စိုက်ပျိုးထုတ်လုပ်ကုန်ကျစရိတ်နည်းပါး၍ အထွက်နှုန်းကောင်းမွန်ခြင်းတို့အပြင် ဆီထွက်နှုန်းလည်း ကောင်းမွန်ခြင်းတို့ကြောင့် ပြည်တွင်းစားသုံးဆီဖူလှုံခြင်းအတွက် အထောက်အကူပြုသော ဆီထွက်သီးနှံ တစ်မျိုးဖြစ်ပါသည်။ ယခင်ကစားသုံးသူများအနေဖြင့် ပြည်ပမှတင်သွင်းလာသော စားအုန်းဆီကို ဈေးသက်သာစွာဖြင့် ဝယ်ယူစားသုံးကြ၍ နေကြာစိုက်ပျိုး ထုတ်လုပ်ရောင်းချသူများ နည်းသွားခဲ့ပါသည်။ နောက်ပိုင်းတွင် စားအုန်းဆီဈေးများ ပြန်လည်မြင့်တက်လာသဖြင့် နေကြာဆီများကြိတ်ခွဲ ထုတ်လုပ်ရောင်းချလာကြပါသည်။ ယခုအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ဆီကုန်သည်ကြီးများ ပူးပေါင်း၍ စားအုန်းဆီကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိပါသည်။ နေကြာဆီသည် ကျန်းမာရေးအတွက် အကောင်းဆုံး ဆီဖြစ်၍ ငွေကြေးတတ်နိုင်သူအချို့မှာ နေကြာဆီကို ဝယ်ယူ စားသုံးကြပါသည်။ ဒေသတွင်းတွင် ဆီလုံလောက်မှုမရှိပါက အခြားတိုင်းများမှ မှာယူတင်သွင်း ရောင်းချကြပါသည်။ စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့်လည်း ထွက်ရှိလာသောနေကြာသီးနှံများကို အစုအဖွဲများဖွဲ့၍ ဆီစက်လုပ်ငန်းရှင်များနှင့် ကုန်သည်များထံသို့ပေါက်ဈေးဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရပါသည်။

DOCA(ပဲခူး)