Main menu

သီရိလင်္ကာမှ လက်ဖက်ခြောက်ထုတ်လုပ်သူများက အလုပ်သမားများအား လစာတိုးမြှင့်ပေးခြင်းသည် စက်မှုလုပ်ငန်းများကို ထိခိုက်စေနိုင်သည်ဟုသတိပေး

Powered by Drupal

        သီရိလင်္ကာကျွန်းနိုင်ငံမှ လက်ဖက်ခြောက်ထုတ်လုပ်သော လုပ်ငန်းရှင်များသည် အလုပ်သမားများအား လုပ်ခလစာ ၇၀ရာခိုင်နှုန်းတိုးမြှင့်ပေးရန် အစိုးရ၏ ထုတ်ပြန်ခဲ့သည့် အမိန့်ကို ၂၀၂၄ခုနှစ်၊ မေလ ၂၇ရက်‌နေ့ (တနင်္လာနေ့)က ရှုတ်ချခဲ့ပြီး ၎င်းတို့၏လက်ဖက်ခြောက်သည် တစ်ကမ္ဘာလုံးတွင် ယှဉ်ပြိုင်နိုင်စွမ်းမရှိသည့်အပြင် နိုင်ငံအတွက် ငွေကြေးအခက်အခဲများပေါ်ပေါက်လာစေရန် ဒေါ်လာငွေများလျော့နည်းသွားစေမည်ဟုပြောဆိုခဲ့သည်။

        သီရိလင်္ကာမှထုတ်လုပ်သော စီလွန်လက်ဖက်ခြောက်သည် နာမည်ကြီးလူကြိုက်များပြီး နှစ်စဉ်နိုင်ငံအတွင်းမှထုတ်လုပ်သော လက်ဖက်ခြောက်ကီလိုသန်း၂၅၀၏ ၉၅ရာခိုင်နှုန်းခန့် အား ပြည်ပသို့တင်ပို့ရောင်းချလျက်ရှိသည်။ နိုင်ငံအတွင်းရှိ လက်ဖက်ခြောက်လုပ်ငန်းများတွင် အလုပ်သမားအင်အား ၆၁၅၀၀၀ခန့်အပ်ထားရှိကာ လုပ်ငန်းများလည်ပတ်လျက်ရှိကြောင်းသိရသည်။

          အစိုးရသည် အလုပ်သမားများ၏ တစ်ရက်တာလုပ်ခများအား ၁၀၀၀ရူပီမှ ၁၇၀၀ရူပီသို့တိုးမြှင့်ပေးရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။ “ဒါဟာ တရားမျှတမှုမရှိပါဘူး။ ဒီဆုံးဖြတ်ချက်ဟာ မည်သည့်တိုင်ပင်ဆွေးနွေးခြင်းမှမရှိဘဲ ချမှတ်ခဲ့တာဖြစ်ပြီး သီရိလင်္ကာရဲ့လက်ဖက်ခြောက်အရည်အသွေးကို ကျဆင်းလာစေနိုင်ပါတယ်” ဟု စီလွန်လက်ဖက်ခြောက်စိုက်ပျိုးရေးတောင်သူများအသင်းမှ ပြောရေးဆိုခွင့်ရှိသူ Roshan Rajaduria က သတင်းထောက်များအား ပြောကြားခဲ့သည်။

         လာမည့်လမှစတင်၍ လစာတိုးပေးရမည်ဟု သီရီလင်္ကာအလုပ်သမားဝန်ကြီးဌာနက ၂၆ရက်နေ့ (တနင်္ဂနွေ)တွင် ပြောကြားခဲ့ပြီး လိုက်နာရန်ငြင်းဆန်သည့် စိုက်ခင်းကုမ္ပဏီများကို အစိုးရက သိမ်းယူနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။ လုပ်ခလစာတိုးမြှင့်မှုကို အကောင်အထည်ဖော်ဆောင်ရွက်ပါက စိုက်ခင်းကုမ္ပဏီများအတွက် ရူပီ၃၅ဘီလီယံ ကုန်ကျမည်ဖြစ်ကြောင်း အဆိုပါအသင်းက ပြောကြားခဲ့သည်။

         သီရိလင်္ကာနိုင်ငံ၏ ဘဏ္ဍာရေးအကြပ်အတည်းများကြောင့် လူဦးရေ၏ ၄ပုံ ၁ပုံခန့်သည် ဆင်းရဲနွမ်းပါးလာခဲ့ပြီး ထိုပြဿနာအားဖြေရှင်းရန်အတွက် စိုက်ခင်းကုမ္ပဏီများနှင့် အလုပ်သမားသမဂ္ဂများသည် အလုပ်သမားများကိုလစာတိုးပေးရန် လအတော်ကြာညှိနှိုင်းမှုများပြုလုပ်ခဲ့ကြကြောင်းသိရှိရပါသည်။

Source: Channelnewsasia.com

DOCA(ရန်ကုန်)