မအူပင်မြို့နယ်တွင် ငါးရံ့ခြောက်ထုတ်လုပ်ရောင်းချမှုများ အဆင်ပြေလျက်ရှိ

             မအူပင်မြို့နယ်တွင် ၂၀၂၆ခုနှစ် အောက်တိုဘာလဆန်းပိုင်းမှစ၍ အင်းအိုင်များ၌ ငါးမျိုးစုံထွက်ရှိလျက်ရှိရာ ငါးရံ့များလည်း ထွက်ရှိလာသဖြင့် ငါးရံ့ခြောက်ပြုလုပ်ရောင်းချသည့် လုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။ အဆိုပါလုပ်ငန်းကို မလတ်တိုကျေးရွာ၊ အောက်ဟိတ်ကျေးရွာအပါအဝင် အင်းအိုင်လုပ်ငန်းများ လုပ်ကိုင်သည့် ကျေးရွာများတွင် အဓိကလုပ်ကိုင်ကြသည်။ အင်းများမှ ငါးရံ့အစိုများကို တစ်ပိဿာလျှင် ၁၅,၀၀၀ ကျပ်မှ ၁၈,၀၀၀ ကျပ်အထိ ဝယ်ယူကြပြီး ၂၀ ကျပ်သားနှင့်အထက်ရှိသော ငါးရံ့များကို တစ်ပိဿာလျှင် ၂၂,၀၀၀ ကျပ်ဖြင့် ဝယ်ယူကြကြောင်း သိရသည်။ ဝယ်ယူရရှိသော ငါးရံ့များကို ခွဲစိတ်သန့်စင်ကာ နေလှန်း၍ ငါးရံ့ခြောက်အဖြစ် ထုတ်လုပ်ကြပြီး ငါးရံ့အစိုတစ်ပိဿာကို နေလှန်းပါက ငါးရံ့ခြောက် ၄၀ ကျပ်သားခန့် ရရှိကြောင်း သိရသည်။ ထုတ်လုပ်ရာတွင် ဆားအနည်းငယ်သာ အသုံးပြု၍ ငါး၏သဘာဝအချိုဓာတ်ကို ထိန်းသိမ်းထားသည့် “အချိုခြောက် (ဆားပေါ့ခြောက်)” အမျိုးအစားများကို အဓိကထုတ်လုပ်ကြသည်။ လက်ရှိဈေးကွက်အတွင်း ငါးရံ့ခြောက်တစ်ပိဿာလျှင် အမျိုးအစားနှင့် အရည်အသွေးအလိုက် ၅၀,၀၀၀ ကျပ်မှ ၁၅၀,၀၀၀ ကျပ်အထိ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။ မအူပင်မြို့နယ်မှ ထွက်ရှိသည့် ငါးရံ့ခြောက်များကို ရန်ကုန်မြို့ရှိ ဘုရင့်နောင်ဈေးကွက်မှ ငါးခြောက်ပွဲရုံများသို့လည်း တင်ပို့ရောင်းချလျက်ရှိရာ ဒေသခံလုပ်ငန်းရှင်များအတွက် အလုပ်အကိုင်နှင့် ဝင်ငွေရရှိစေသည့် ဒေသထွက်ကုန်လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။ 

DOCA(ဧရာဝတီ)