ကရင်ပြည်နယ်ဒေသထွက် ကွမ်းသီးဈေးကွက်

        ကရင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ကွမ်းသီးစိုက်ပျိုးရေးနှင့် စီးပွားဖြစ်ထွက်ကုန်ထုတ်လုပ်မှု အဓိကလုပ်ကိုင်ရာ ဒေသများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည်။ ဒေသတွင်းရာသီဥတုနှင့် မြေဆီလွှာ ကိုက်ညီမှုရှိခြင်းကြောင့် ကွမ်းသီးပင်များကို နှစ်ရှည်သီးနှံအဖြစ် ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးလျက်ရှိ ပြီး ဒေသခံတောင်သူများ၏ အဓိကဝင်ငွေရလမ်း တစ်ခုလည်းဖြစ်လာသည်။ ကရင်ပြည်နယ် ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်များတွင် ကွမ်းသီးပင်များကို တစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်ခြံဧကများသည့်အထိ စိုက်ပျိုးလာကြသည်။ မြို့နယ်အသီးသီးများ၌ နှစ်စဉ်ကွမ်းသီး စိုက် ဧက (၂၅၀၀၆) ဧက၊ ရိတ်သိမ်း ဧက (၂၄၁၄၆)ဧက၊ အထွက်နှုန်းအားဖြင့် တစ်ဧက (၆၇၀.၉၄)ခန့် ရှိကာ စုစုပေါင်း အထွက်နှုန်းဧက (၁၆၂၀၀၅၂၆)ခန့်အထိ ရှိပါသည်။ ကွမ်းသီးတစ်ပင်လျှင် သက်တမ်းနှင့်ပြုစုပျိုးထောင်မှုအပေါ်မူတည်၍ အသီးအပွင့်နှင့်အထွက် နှုန်း ကွာခြားမှုရှိသည်။ ဒေသထွက်ကွမ်းသီးခြောက်နှင့် ကွမ်းသီးစိုတစ်ဧကလျှင် ထွက်ရှိသည့် ပမာဏ မှာ နှစ်စဉ်ရာသီဥတု အခြေအနေနှင့်သွင်းအားစု သုံးစွဲနိုင်မှုအပေါ်မူတည်ကာ ဒေသအလိုက် အတက် အကျရှိသည်။ မြို့တွင်းကွမ်းသီးဈေးနှုန်းများအနေဖြင့် ကွမ်းသီးခြောက် အစိမ်း/အပါချပ် တစ်ပိဿာ လျှင် (၁၃၀၀၀/၁၇၀၀၀) ကျပ်ခန့်၊ ကွမ်းသီးအစိမ်း/အစို (အလုံး) (၁) လုံးလျှင် (၈၀/၁၀၀) ကျပ်ခန့်၊ ကွမ်းသီးအမှည့်ခြောက်လုံး တစ်ပိဿာလျှင် (၆၅၀၀/၈၅၀၀)ကျပ် ဝန်းကျင်ခန့်တို့ဖြစ် ရောင်းချနေ ကြပြီး ဒေသထွက်ကွမ်းသီးများကို ရန်ကုန်၊ မန္တလေးစသည့်မြို့ကြီးများရှိ ကုန်စည်ဒိုင် များနှင့်ပွဲရုံများ သို့ တင်ပို့ရောင်းချကြသည်။ ကရင်ပြည်နယ်သည် နယ်စပ်ဒေသဖြစ်သည်နှင့် အညီ မြဝတီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများသို့ ကွမ်းသီးစိုနှင့်ကွမ်းသီး ခြောက်များကို တင်ပို့ရောင်းချခြင်းက ဒေသအတွင်းကုန်သွယ်မှုကို ပိုမိုတွန်းအားပေးလျက်ရှိသည်။ ကွမ်းသီးဈေး ကွက်သည် အရည်အသွေး၊ အစိုဓာတ်နှင့်နိုင်ငံတကာ ပြည်တွင်းဝယ်လိုအား အပေါ်မူ တည်၍ အပြောင်းအလဲရှိသည်။ အရည်အသွေးပိုင်းဈေးကောင်းရရှိရန်အတွက် ကွမ်းသီးများကို မနုလွန်း၊ မရင့်လွန်းဘဲဝါရွှေ ရောင် (သို့မဟုတ်)လိမ္မော်ရောင်သို့ ပြောင်းလဲသည့်အချိန်တွင် ဆွတ်ခူးရပါသည်။ သတိပြုရမည့် အချက်မှာ အပင်ပေါ်မှကြွေကျသောအသီးပုပ်များ၊ ပိုးစားထားသော အသီးများကို ပုံမှန်အသီးများနှင့် ရောနှောခြင်းမပြုရပါ။ ဆွတ်ခူးပြီးသော ကွမ်းသီးများကို အသီးကြီး၊ အသီးလတ်၊ အသီးသေးနှင့် ရောဂါပါသောအသီးများဟူ၍ သီးခြားခွဲခြားထားရမည်။ မလိုလားအပ်သော သစ်ရွက်များ၊ သဲ၊ ခဲစ များနှင့် အမှိုက်များကိုဖယ်ရှားရပါသည်။ ကွမ်းသီးကို အသီးအတိုင်းအခွံနွှာ၍ လှောင်ခြင်း၊ ထက်ဝက် ခြမ်း၍ အခွံနွှာခြင်း၊ စက် (သို့မဟုတ်)ဓားဖြင့် အဝိုင်း/အချမ်းပုံ ပါးပါးလှီးခြင်း တို့ပြုလုပ်ရတလို အခွံနွှာပြီးသော ကွမ်းသီးများကို ရေနွေးဆူဆူတွင် မိနစ်၂၀ မှ ၃၀ ခန့် ပြုတ်ပေးရသည်။ ထိုသို့ ပြုခြင်းဖြင့် ကွမ်းသီးတွင်ပါဝင်သော အဖန်ဓာတ်ကိုမျှတစေပြီး နီညိုရောင်သို့ပြောင်းသွား စေပါသည်။ အရေးကြီးဆုံးအဆင့်ဖြင့်သည့်နေလှန်းခြင်းမှာ အခွံနွှာပြီးတာကွမ်းသီးများကို စင်ပေါ်တွင် (သို့မဟုတ်) ဖျာများပေါ်တွင် နေ့စဉ်သေချာစွာ (၇)ရက်မှ(၁၀)ရက်ခန့် စနစ်တကျ လှန်းပေး/ လှည့် ပေးပြီး နေလှန်းရပါသည်။ မိုးရာသီနေရောင်မရပါက အပူပေးစက် (သို့မဟုတ်) အခြောက်ခံစင်များ အသုံးပြု၍ ဖြည်းဖြည်းချင်း အခြောက်ခံရပါသည်။ ကွမ်းသီးခြောက်၏ စိုထိုင်းဆသည် ၁၀%မှ၁၂% အောက်ရှိရပါမည်။ စိုထိုင်းဆများနေပါက မှိုတက်လွယ်ပါသည်။ ပိုးပေါက်မရှိခြင်း ၊ မှိုမပါခြင်း၊ စိုထိုင်း ဆနည်းခြင်း၊ အရောင်ညီညာပြီး အစိမ်းကျန်မနေခြင်း၊ အကွက်လိုက် အပြစ်အနာအဆာနည်းပါး ခြင်းနှင့် အရွယ်အစားသေးငယ်ခြင်းတို့ကိုဂရုစိုက်ရွေးချယ်ပြီး လေဝင်လေထွက်ကောင်းမွန်သော ဂုံနီအိပ်များ (သို့မဟုတ်)သန့်ရှင်းသော ပလတ်စတစ်အိတ်များတွင် စနစ်တကျထုပ်ပိုးပြီး အေးမြ၍ ခြောက်သွေ့ကာ လေဝင်လေထွက်ကောင်းသော ဂိုဒေါင်(သို့မဟုတ်)သိုလှောင်ရုံများတွင် ထားရှိရပါ သည်။ တောင်သူများရေရှည်ရပ်တည်နိုင်ရန်အတွက် ခေတ်မီစိုက်ပျိုးနည်းစနစ်များ၊ အရည်အသွေးမီ ထုတ်လုပ်မှုနည်းပညာများနှင့် တည်ငြိမ်သောဈေးကွက်ချိတ်ဆက်မှုများကို သက်ဆိုင်ရာ ဌာနဆိုင်ရာ များမှ ကူညီဆောင်ရွက်ပေးကြောင်းနှင့် နှစ်အလိုက် ကွမ်းသီးပေါ်ချိန်နှင့်လက်ကျန်ကာလများ အပေါ်မူတည်၍ ဈေးနှုန်းအတတ်အကျရှိတတ်သောကြောင့် တောင်သူများအနေဖြင့် ဈေးကွက် အခြေအနေကို စောင့်ကြည့်ကာရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ 

DOCA(ကရင်)