ပခုက္ကူခရိုင်အတွင်း မိုးမြေပဲ စိုက်ပျိုးထွက်ရှိမှုနှင့် တောင်သူအကျိုးအမြတ်

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်း ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ပေါက်၊ ဆိပ်ဖြူ မြို့နယ် များရှိကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကအားထားပြီး ရာသီအလိုက် သီးနှံ မျိုးစုံစိုက်ပျိုးလျက်ရှိပါသည်။ ပခုက္ကူခရိုင်အတွင်းရှိ မြို့နယ်များတွင် မြေပဲသီးနှံများကို နှစ်စဉ် မိုးဦး ကာလဖြစ်သည့် မေလ၊ ဇွန်လများတွင် မိုးမြေပဲများဖြစ်သည့် ပင်ထောင်မြေပဲနှင့် ပင်ပြန့်မြေပဲများကို အများအပြား စိုက်ပျိုးကြပါသည်။ ပခုက္ကူခရိုင်အတွင်း မိုးမြေပဲ စိုက်ပျိုးမှုအနေဖြင့် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ် ပခုက္ကူမြို့နယ်တွင် (၂၃၄၈၅)ဧက၊ ရေစကြိုမြို့နယ်တွင် (၅၄၆၆)ဧက၊ မြိုင်မြို့နယ်တွင် (၅၃၆၆၀) ဧက၊ ပေါက်မြို့နယ်တွင် (၃၄၆၅၇) ဧကနှင့် ဆိပ်ဖြူမြို့နယ်တွင် (၅၅၇၄) ဧက၊ စုစုပေါင်း (၁၂၂၈၄၂) ဧက စိုက်ပျိုးထားရှိကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ 

          မြေပဲ စိုက်ပျိုးရာတွင် ဘောင်ကြောင်းပေးစနစ်ဖြင့် အတန်းလိုက် အစေ့ချစနစ်ဖြင့် စိုက်ပျိုး ကြကြောင်း၊ စိုက်ပျိုးသည့် မျိုးအနေဖြင့် ပင်ထောင်မြေပဲနှင့် ပင်ပြန့်မြေပဲ (ဒေသအခေါ် ပဲလေးဆန် နှင့် ပဲကြီးဆန်) နှစ်မျိုး စိုက်ပျိုးကြပါသည်။ (၁)ဧက စိုက်ပျိုးကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ ထွန်ယက်ခ၊ ရိတ်သိမ်းချွေလှေ့ခ စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ် (၁၀) သိန်းခန့် ကုန်ကျကြောင်း ပဲစိုက်တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။            ယခုအချိန်တွင် ပင်ထောင်မြေပဲများ ရိတ်သိမ်းပြီး ဈေးကွက်အတွင်းသို့ နေ့စဉ်ဝင်ရောက် လျက်ရှိပါသည်။ တောင်သူအကျိုးအမြတ်အနေဖြင့် မိုးမြေပဲ (၁)ဧကလျှင် (၄၀ မှ ၅၀)တင်းခန့် ထွက်ရှိကြောင်း၊ မြေပဲဈေးနှုန်းအနေဖြင့် အတောင့်ခြောက် တစ်ပိဿာလျှင် မြေပဲအရည်အသွေးပေါ်မှု တည်၍ ကျပ်(၆၀၀၀/ ၆၅၀၀/ ၇၀၀၀)ခန့် ရောင်းချခဲ့ရသည့်အတွက် တောင်သူအကျိုးအမြတ်အနေ ဖြင့် ကျပ်(၈)သိန်းခန့် ရရှိခဲ့ကြောင်း၊ ပခုက္ကူမြို့ပေါ်ရှိ ပွဲရုံများသို့ လာရောက်ရောင်းချသည့် တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရှိခဲ့ရပြီး မြေပဲတောင့်များကို ပခုက္ကူမြို့ပေါ်ရှိ မြေပဲခွဲစက်များမှ ဝယ်ယူကြောင်း၊ ထွက်ရှိလာသည့် မြေပဲဆံများကို ဆုံ/ဆီစက်များနှင့် မြေပဲဆားလှော်/ ပဲကြော် လုပ်ငန်းရှင်များမှ ဝယ်ယူကြကြောင်း၊ မန္တလေးမြို့နှင့် ရန်ကုန်မြို့များသို့ အနည်းငယ်တင်ပို့လျက်ရှိ ကြောင်းကို ပွဲစားတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။ DOCA(မကွေး)