ဖမ်းဆီးရမိသည့် ဗီယက်နမ်ဆန်များကို လေလံတင်ရောင်းချမည်မဟုတ်ဟု ဖိလစ်ပိုင်စိုက်ပျိုးရေး အတွင်းဝန်ပြောကြား
ဖိလစ်ပိုင်နိုင်ငံ၌ Davao ဆိပ်ကမ်းသို့ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့တွင် ရောက်ရှိ လာသော MV Tay Son 2 ကုန်သင်္ဘောဖြင့် တင်ဆောင်လာသည့် ဗီယက်နမ်ဆန် တန်ချိန် ၁၂၄၈၀ တန်ကို တရားဝင်ခွင့်ပြုချက်မရရှိပဲ တင်သွင်းလာမှုဖြင့် အကောက်ခွန်အာဏာပိုင်အဖွဲ့က သိမ်း ဆည်းခဲ့ကြောင်း Manila Standard သတင်းဌာနက ဖော်ပြပါသည်။
ဖိလစ်ပိုင်နိုင်ငံရှိ ဆန်တင်သွင်းသည့် ကုမ္ပဏီတစ်ခုဖြစ်သော Planters Product Inc. သည် မူလက ဆန်ကွဲ ၂၅ မှတ်ဆန်များ တင်သွင်းရန် သွင်းကုန်ရှင်းလင်းမှုဆိုင်ရာ တိရစ္ဆာန်နှင့်အပင်များ ရောဂါပိုးမွှားကင်းစင်မှု လက်မှတ် (Sanitary And Phytosanitary Import Clearance - SPIC) ကို လျှောက်ထားခဲ့ရာမှ နောက်ပိုင်းတွင် ၎င်းကုန်သင်္ဘော၌ ဆန်ကွဲ ၅ မှတ်ဆန်များ တင်ဆောင်လာ ကြောင်းကို ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနသို့ သတင်းပို့တင်ပြခဲ့သည်။
ထိုသို့ စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့် အခြေအနေအရ ကုန်သင်္ဘော လမ်းခုလပ်၌ ရှိနေစဉ်တွင်ပင် ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနသည် စိုက်ပျိုးရေးလုပ်ငန်းဗျူရိုထံ SPIC လက်မှတ်ထုတ်ပေးထားမှုကို ပယ်ဖျက်ရန် ညွှန်ကြားခဲ့ကြောင်း၊ အဆိုပါ သင်္ဘော၏ ရေယာဉ်မှူး သည် ကုန်စည်များကို စစ်ဆေးမှုခံယူရေး စိုက်ပျိုးရေးလုပ်ငန်းဗျူရိုသို့ လွှဲပြောင်းပေးရန် ငြင်းဆန် ခဲ့ပြီး ဆိပ်ကမ်းသို့ ဆိုက်ရောက်ပြီး ၃ ရက်အကြာ၌ ပြန်လည်ထွက်ခွာသဖြင့် ဖိလစ်ပိုင်ရေတပ်က ကြားဖြတ်ဟန့်တားခဲ့ပြီး Davao ဆိပ်ကမ်းသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း၊ အဆိုပါသင်္ဘောဖြင့် တင်ဆောင်လာသော ဆန်ကွဲ ၅ မှတ်ပါ DT8 အမျိုးအစားဆန်များသည် ဈေးကွက်၌ အရောင်း တွင်ကျယ်မှုရှိသည့်အပေါ် ကုန်သည်များအနေဖြင့် အမြတ်အစွန်းရရှိအောင် လုပ်ကိုင်နိုင်သဖြင့် သိမ်းဆည်းထားသည့် ဆန်များအား လေလံတင်ရောင်းချခြင်းကို လုပ်ဆောင်မည်မဟုတ်ကြောင်း၊ အစိုးရအနေဖြင့် ၎င်းဆန်များကို ဖျက်စီးခြင်း သို့မဟုတ် ကူညီထောက်ပံ့မှုလုပ်ငန်းများ၌ ဖြန့်ဖြူး ရန် လူမှုဖူလုံရေးဌာနသို့ လွှဲပြောင်းခြင်း လုပ်ဆောင်နိုင်ကြောင်း စိုက်ပျိုးရေးအတွင်းဝန် Francisco Tiu Laurel Jr. က ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထို့အပြင် အဆိုပါ သိမ်းဆည်းဆန်များကို အမျိုးသား စားနပ်ရိက္ခာ အာဏာပိုင်အဖွဲ့၏ လက်ဝယ်၌ ထားရှိရန် အဆိုပြုချက်ကိုလည်း ၎င်းက ပယ်ချခဲ့ပြီး စိုက်ပျိုးရေးဌာန လက်အောက်ရှိ မည်သည့်ဌာနအဖွဲ့အစည်းကမျှ ကိုင်တွယ်ထိန်းသိမ်းမှု မပြုသင့်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ဆန်များအား ဗီယက်နမ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စိုက်ပျိုးရေးလုပ်ငန်းဗျူရိုက အကြုံပြုထားပြီး အကောက်ခွန်အာဏာပိုင်အဖွဲ့ကမူ မည်သည့် ဥပဒေလုပ်ထုံးလုပ်နည်းများဖြင့် စီမံဆောင်ရွက်မည်ဆိုသည်ကို စိစစ်လုပ်ဆောင်ဆဲဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံသို့ တရားဝင်ခွင့်ပြု ချက်မရှိဘဲ တင်သွင်းလာသည့် လယ်ယာထွက်ကုန်ပစ္စည်းများကို သိမ်းဆည်းခြင်း၊ ဖျက်စီးစေခြင်း၊ မူလပင်ရင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်စေခြင်း သို့မဟုတ် တတိယနိုင်ငံတစ်ခုသို့ တင်ပို့စေခြင်းကို လုပ်ဆောင်နိုင်ကြောင်း သိရှိရသည်။
Source: Manila Standard, 16 October 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

















