ပြည်ခရိုင်အတွင်း အုန်းသီးခြံကောက်ဈေးကျဆင်းပြီး လက်လီဈေးကွက် မြင့်တက်
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ မြို့နယ်များတွင် စိုက်ပျိုးသော သီးနှံများထဲတွင် အုန်းပင်လည်း အပါအဝင် ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းရှင်များသည် ယခုအခါ ရေရှည်၊ ရေတို စီမံကိန်းများချမှတ်၍ စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထားလုပ်ဆောင်လာကြတာတွေ့ရပြီး နှစ်ရှည်သီးနှံပင်များဖြစ်သော အုန်းသီးပင်များကိုလည်း အလေးထားစိုက်ပျိုးလာကြတာဖြစ်ပါသည်။ အုန်းသီးများကို အညှာတံပါသည့် အုန်းသီး (ခ)အုန်းစို၊ အုန်းစိမ်းနှင့် အခွံများ ခွာထားသည့် အုန်းဟူ၍ (၂)မျိုးရှိကြောင်း သိရပါသည်။ ပြည်ခရိုင်အတွင်းရှိ လက်လီဈေးကွက်တွင် အုန်းသီးတစ်လုံးလျှင် (၂၀၀၀)ကျပ်မှ (၇၀၀၀) ကျပ် အထိ ဝယ်ယူနေရသော်လည်း ခြံကောက်ဈေးမှာ တစ်လုံးလျှင် (၁၀၀၀)ကျပ်သာရှိသဖြင့် ခြံကောက်ဈေးကျပြီး လက်လီဈေးများမှာ မြင့်တက်လျက်ရှိကြောင်းသိရပါသည်။ ပြည်ခရိုင် အတွင်းရှိ ကျေးရွာများတွင် အုန်းသီးတစ်လုံး ခြံကောက်ဈေးမှာ ခူး၊နွှာ၊ ဒိုင်အရောက်ပို့ အပြီးအစီး တစ်လုံးလျှင် (၁၅၀၀)ကျပ်ဝန်းကျင်ရရှိခဲ့သော်လည်း တစ်ဖြည်းဖြည်းဈေးကျသွားခဲ့ပြီး လက်ရှိတွင် (၁၀၀၀)ကျပ်ခန့်သာရရှိသည်ဟု အုန်းသီးပင် စိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှသိရပါသည်။အုန်းသီးများ ခြံကောက်ဈေးတစ်လုံးလျှင် (၁၀၀၀)ကျပ်ဖြစ်သော်လည်း ဒိုင်လက်ကား ပြန်ရောင်းဈေးမှာ (၂၀၀၀)ကျပ်မှ (၇၀၀၀)ကျပ်အထက်ရှိနေပြီး ထိုသို့ခြံကောက်ဈေးနှင့် မြို့ကြီးများမှ လက်လီဈေးနှုန်းကွာခြားချက်ကြီးမားနေခြင်းမှာ သယ်ယူစရိတ်၊ ဆိုင်နေရာငှားရမ်းခ၊ လုပ်သားစရိတ်ကြီးမြင့်မှုများကြောင့် အုန်းခြံပိုင်ရှင်များနှင့် အုန်းသီးရောင်းဝယ်ရေးလုပ်ကိုင်သူများ ထံမှ သိရပါသည်။ ပြည်မြို့တွင် ရောင်းချနေသော အုန်းသီးဈေးကွက်တွင် ကြွက်မြီးအုန်း၊ အရည်သောက်၊ အသီးခြောက်စတဲ့ အမျိုးအစားနှင့် နေရာဒေသပေါ်မူတည်ပြီး အုန်းသီးတစ်လုံးလျှင် (၂၀၀၀)ကျပ်မှ (၇၀၀၀)ကျပ်ဝန်းကျင်အထိ အလုံးအသေးအကြီးအချောပေါ်မူတည်ပြီး ဈေးနှုန်းကွာခြားမှုများ ရှိနေ ပါသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်နှစ်လျှင် အုန်းသီးအလုံးရေ (၄၀၀)ကျော်ထွက်ရှိပြီး အုန်းသီးထွက်ရှိမှုပေါ်မူတည်၍ (၈၀)ရာခိုင်နှုန်းခန့်ကို ပြည်တွင်းစားသုံးပြီး ကျန်ရှိသည့် (၂၀) ရာခိုင်နှုန်းခန့်ကို ပြည်ပတင်ပို့ရောင်းချကြောင်း အုန်းသီးရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။
DOCA(ပဲခူး)

















