ဆန်ဈေးနှုန်းများ ၁ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိလာသောကြောင့် အိန္ဒိယ၏ BIRC 2026 ပွဲတော် အား စိတ်ဝင်စားမှုများလာ
ထုတ်လုပ်မှု လျော့နည်းသွားနိုင်ခြင်း၊ ရာသီဥတု ဖောက်ပြန်ခြင်းနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ အခက်အခဲများကြောင့် နိုင်ငံတကာ ဆန်ဈေးနှုန်းများ မြင့်တက်နေသော်လည်း အိန္ဒိယနိုင်ငံသည် ပြိုင်ဘက် ဆန်တင်ပို့သည့် နိုင်ငံများထက် ဈေးနှုန်းသာလွန်မှုကို ဆက်လက် ထိန်းသိမ်းထားသည်။ ကမ္ဘာ့ဆန်ဈေးကွက်တွင် ရောင်းလိုအားနှင့် ဝယ်လိုအား အာမခံချက်မရှိဘဲ မရေရာမှုများနှင့် ရင်ဆိုင်နေရချိန်တွင် ဘာရတ် အပြည်ပြည်ဆိုင်ရာ ဆန်စပါးညီလာခံ (Bharat International Rice Conference - BIRC) 2026 ၌ ၂၀၂၇ ခုနှစ်တွင် ဆန်ဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်သည် သို့မဟုတ် ပြန်လည်ကျဆင်းသွားနိုင်သည်ဆိုသည့်အချက်အား ဆွေးနွေးသုံးသပ်သွားမည်ဖြစ်သည်။
လက်ရှိတွင် အိန္ဒိယ၏ ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သော ဆန်ဖြူဈေးနှုန်းသည် ၁ တန်လျှင် ၃၈၅ ဒေါ်လာမှ ၃၉၀ ဒေါ်လာအထိ ရှိပြီး ဗီယက်နမ်ဆန်မှာ ၄၄၀ ဒေါ်လာမှ ၄၅၀ ဒေါ်လာနှင့် ထိုင်းဆန်မှာ ဒေါ်လာ ၄၈၀ ဝန်းကျင် ရှိသည်။ အိန္ဒိယဆန်ဈေးနှုန်းများသည် ၁ နှစ်ကျော်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့သော်လည်း အခြား အဓိကဆန်တင်ပို့သည့် နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းအရ ယှဉ်ပြိုင်နိုင်စွမ်း ဆက်လက် သာလွန်နေဆဲ ဖြစ်သည်။
အိန္ဒိယ၏ ဆန်ကွဲ ၅ ရာခိုင်နှုန်းပါဝင်သော ပေါင်းဆန်ဈေးနှုန်းမှာလည်း ပြီးခဲ့သည့်အပတ်က ၁ တန်လျှင် ၃၇၈ ဒေါ်လာမှ ၃၈၄ ဒေါ်လာ ရှိခဲ့ရာမှ ယခုအခါ ၃၈၄ ဒေါ်လာမှ ၃၈၉ ဒေါ်လာသို့ မြင့်တက်လာခဲ့သည်။ ပြည်တွင်း စပါးဈေးနှုန်း ခိုင်မာနေခြင်း၊ စပါးအထွက်နှုန်း လျော့နည်းနိုင် သည့် စိုးရိမ်မှုများနှင့် ကမ္ဘာ့ဝယ်လိုအား အပြောင်းအလဲများက ဆန်ဈေးနှုန်း မြင့်တက်လာခြင်းကို အထောက်အကူပြုနေသည်။ ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ ဆန်ဈေးနှုန်းညွှန်း ကိန်း (All Rice Price Index) သည် သြဂုတ်လတွင် ၀.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီးနောက် ၂၀၂၆ ခုနှစ် စက်တင်ဘာလတွင် ၁.၄ ရာခိုင်နှုန်း ထပ်မံမြင့်တက်ခဲ့သဖြင့် နိုင်ငံတကာ ဆန်ဈေးကွက်အခြေအနေ ပိုမိုခိုင်မာလာသည်ကို ပြသနေသည်။
အမေရိကန် စိုက်ပျိုးရေးဌာန(USDA) ၏ နောက်ဆုံး ခန့်မှန်းချက်အရ ကမ္ဘာ့ဆန် ထုတ်လုပ်မှုသည် ၂၀၂၅-၂၀၂၆ တွင် တန်ချိန် ၅၄၅.၇ သန်းခန့် ရှိခဲ့ရာမှ ၂၀၂၆-၂၀၂၇ တွင် တန်ချိန် ၅၃၃.၁ သန်းခန့်သို့ ရောက်ရှိပြီး တန်ချိန် ၁၂.၆ သန်းခန့် လျော့ကျသွားမည်ဟု မျှော်လင့်ရသည်။ ဆန်ထုတ် လုပ်မှု လျော့ကျမည်ဟု ခန့်မှန်းထားသော်လည်း ၂၀၂၇ ခုနှစ်တွင် ကမ္ဘာ့ဆန်ကုန်သွယ်မှုသည် တန်ချိန် ၆၁.၄ သန်းခန့်အထိ ရောက်ရှိမည်ဟု မျှော်မှန်းထားသည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ဆန် တင်ပို့သည့်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေမည်ဟု မျှော်လင့်ရသည်။ အိန္ဒိယ၏ ဆန်ထုတ် လုပ်မှုကို ယခင်က တန်ချိန် ၁၅၄ သန်းခန့် ခန့်မှန်းခဲ့သော်လည်း ယခုအခါ တန်ချိန် ၁၄၇ သန်းခန့် သာ ရှိမည်ဟု USDA က ခန့်မှန်းထားသည်။ သို့သော်လည်း အိန္ဒိယ ဆန်တင်ပို့သူများအသင်းချုပ် (IREF) က အစိုးရ လက်ဝယ်တွင်ရှိနေသည့် မြောက်မြားစွာသော ဆန်လက်ကျန်များသည် ယာယီ ရောင်းလိုအား ပြတ်လပ်မှုများကို အကာအကွယ်ပေးနိုင်မည်ဖြစ်ပြီး တင်ပို့မှု ကတိကဝတ်များကို ထိန်းသိမ်းနိုင်ကာ ပြည်တွင်းစားနပ်ရိက္ခာလုံခြုံရေးကိုပါ ကာကွယ်ပေးနိုင်မည်ဟု ယုံကြည်ထားသည်။
လာမည့်နှစ်အတွင်း ဆန်ဈေးနှုန်း အလားအလာကို ဆုံးဖြတ်ရာတွင် ထုတ်လုပ်မှု၊ ဆန်လက်ကျန်၊ တင်ပို့နိုင်သည့် ပမာဏနှင့် နိုင်ငံတကာ ဝယ်လိုအားတို့အကြား ဟန်ချက်ညီမှုသည် အဓိက ကျသောအချက် ဖြစ်လာမည်ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲတွင် ဈေးကွက်ခန့်မှန်းချက်တစ်ခုတည်းကို တင်ပြခြင်းမဟုတ်ဘဲ ဖြစ်နိုင်ခြေရှိသော လမ်းကြောင်း ၃ ခုကို လေ့လာဆန်းစစ်မည် ဖြစ်သည်။ ၎င်းတို့မှာ ဈေးနှုန်းများ မြင့်တက်လာမည့် အခြေအနေ၊ ဈေးကွက် ပုံမှန်တည်ငြိမ်နေမည့် အခြေ အနေနှင့် ဈေးနှုန်းများ ကျဆင်းသွားမည့် အခြေအနေတို့ ဖြစ်ကြသည်။
BIRC 2026 တွင် ၂၀၂၇ ခုနှစ်အတွက် စောင့်ကြည့်ရမည့် အဓိက ဆန်ဈေးကွက် ၁၀ ခုကို ဖော်ထုတ်မည့် ဆွေးနွေးပွဲအပြင် သင်္ဘောတင်ခများ၊ ပို့ကုန်ငွေပေးချေမှုများ၊ ကုန်သွယ်ရေးမူဝါဒ၊ အရည်အသွေးလိုက်နာဆောင်ရွက်မှု၊ ဆန်စက်လုပ်ငန်း၏အမြတ်အစွန်းနှင့် တန်ဖိုးမြှင့်ထုတ်ကုန် များအကြောင်းကိုလည်း ဆွေးနွေးသွားမည်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာဆန်ကုန်သွယ်မှုကဏ္ဍ အသီးသီးမှ တက်ရောက်သူများကို စုစည်းပေးခြင်းဖြင့် အဆိုပါညီလာခံသည် ဈေးကွက်ခန့်မှန်းချက် များနှင့် ဈေးနှုန်းသတ်မှတ်ခြင်း၊ ဝယ်ယူခြင်း၊ ဈေးကွက်သစ် ရှာဖွေခြင်းနှင့် ပို့ကုန်ယှဉ်ပြိုင်နိုင် စွမ်းဆိုင်ရာ စီးပွားရေးဆုံးဖြတ်ချက်များကို ချိတ်ဆက်ပေးရန် ရည်ရွယ်ထားသည်။
Source: Agro Spectrum, 19 October 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

















