ကမ္ဘောဒီးယား၏ ကားတာယာတင်ပို့မှု ၉လအတွင်း တန်ဖိုးဒေါ်လာ ၁.၇၂ ဘီလီယံအထိ ရောက်ရှိ

       ကမ္ဘောဒီးယားနိုင်ငံ၏ ကားတာယာတင်ပို့မှုသည် ၂၀၂၆ ခုနှစ် ပထမ ၉ လတာအတွင်း ယခင်နှစ်ကာလတူထက် ၇၇.၄% မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁.၇၂ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း၊ အဆိုပါအခြေအနေသည် မော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍ၏ အလျင်အမြန် တိုးချဲ့မှု နှင့် နိုင်ငံတကာဝယ်လိုအား ကြီးထွားလာမှုကို ထင်ဟပ်ဖော်ပြနေကြောင်း သိရှိရသည်။ ယနေ့ ထုတ်ပြန်သော ကမ္ဘောဒီးယား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အစီရင်ခံစာတွင် တာယာတင်ပို့မှုသည် ယခင်နှစ်ကာလတူ၌ ဒေါ်လာ ၉၇၁ သန်းရှိခဲ့ရာမှ မြင့်တက်လာခဲ့ကြောင်း ဖော်ပြထားသည်။ အမေရိကန်နိုင်ငံသည် ကမ္ဘောဒီးယား ကားတာယာများအတွက် အကြီးမားဆုံး ဈေးကွက်အဖြစ် ဆက်လက်ရပ်တည်နေပြီး ၎င်းနောက်တွင် ဘရာဇီး၊ ကနေဒါ၊ ပြင်သစ်၊ ဗြိတိန်၊ နယ်သာလန်၊ စပိန်၊ အီတလီ၊ တောင်အာဖရိကနှင့် မက္ကဆီကို နိုင်ငံတို့ရှိကြောင်း သိရှိရသည်။ 

      ကမ္ဘောဒီးယား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အတွင်းဝန်နှင့် ပြောရေးဆိုခွင့်ရှိသူ Penn Sovicheat က ကားတာယာနှင့် ဆန်အပါအဝင် နိုင်ငံ၏တင်ပို့မှု တိုးတက်လာခြင်း သည် နိုင်ငံတကာဈေးကွက်တွင် တည်ရှိမှုကို ထိန်းသိမ်းရန်နှင့် တိုးချဲ့ရန် နိုင်ငံ၏ စွမ်းဆောင်ရည် ကို ဖော်ပြခဲ့ကြောင်း ပြောကြားခဲ့သည်။ ကားတာယာအရောင်းနှင့် တန်ဖိုးသိသိသာသာ မြင့်တက် လာခြင်းသည် ကမ္ဘောဒီးယား ကားတာယာများကို ကမ္ဘာ့ဈေးကွက်က လက်ခံမှုအခြေအနေကို ထင်ဟပ်စေကြောင်း ပြောကြားခဲ့သည်။ 

      ကားတာယာထုတ်လုပ်မှုသည် Svay Rieng၊ Sihanoukville နှင့် Kratie ပြည်နယ်တို့ရှိ စီးပွားရေးဇုန် ၅ ခုတွင် လည်ပတ်နေသော စက်ရုံ ၈ခု အထိ တိုးချဲ့လာခဲ့ပြီး စက်မှုလုပ်ငန်းမျိုးစုံ ဖြစ် ထွန်းလာမှုတွင်တိုးတက်မှုကိုထင်ဟပ်စေသည်။ 

       သီးခြားအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၆ ခုနှစ် ပထမ ၉လအတွင်း ရော်ဘာစေး တင်ပို့မှုမှ ဒေါ်လာ ၄၅၅ သန်း ရရှိခဲ့ပြီး ယခင်နှစ်ကာလတူထက် ၂၅% မြင့်တက်ခဲ့သည်။ ကမ္ဘော ဒီးယားတွင် ရော်ဘာခြံ ဟက်တာ ၄၅၀,၀၀၀ နီးပါး ရှိပြီး တစ်နှစ်လျှင် တန်ချိန် ၄၂၀,၀၀၀ ခန့် ထုတ်လုပ်နေသည်။ ပြည်တွင်းပြုပြင်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် ပြည်တွင်းထုတ် လုပ်သူများသည် သဘာဝရော်ဘာစေးကို ပြည်တွင်း၌ပင် အသုံးပြုနိုင်လာပြီဖြစ်ရာ စိုက်ပျိုးရေး အရင်းအမြစ်များမှ တန်ဖိုးပိုမိုရရှိနိုင်ရန် အထောက်အကူဖြစ်စေပြီး စိုက်ပျိုးရေးနှင့် စက်မှုကဏ္ဍ များအကြား ဆက်စပ်မှုကို ခိုင်မာစေသည်။ 

Source: Khmer Times, 17 October 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)