ကမ္ဘောဒီးယား၏ ဆန်တင်ပို့မှု စံချိန်တင် မြင့်တက်

     ကမ္ဘောဒီးယားနိုင်ငံသည် လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်က သတ်မှတ်ခဲ့သည့် နှစ်စဉ် ဆန်တင်ပို့မှု တန်ချိန် ၁ သန်း ပြည့်မီရေး ရည်မှန်းချက်သည် နောက်ဆုံးတွင် အောင်မြင်သွားခဲ့ပြီ ဖြစ်သည်။ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၏ အမျိုးသားအပင်ကျန်းမာရေးနှင့် သီးနှံ ကာကွယ်ရေးဆိုင်ရာဒေတာဘေ့စ် (National Phytosanitary Database) အချက်အလက်များ အရ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့အထိ ဆန်တင်ပို့မှုမှာ တန်ချိန် ၁,၀၁၄,၄၄၂ အထိ ရောက်ရှိခဲ့သည်။ 

 ယခင်နှစ်များ၏ စံချိန်ကို ကျော်လွန်ကာ သမိုင်းဝင် ဆန်တင်ပို့မှု စံချိန်သစ်ကို အောင်မြင်စွာ စိုက်ထူနိုင်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံနှင့် စိုက်ပျိုးရေးကဏ္ဍအတွက် ဂုဏ်ယူဖွယ်ရာ မှတ်တိုင်တစ်ခု ဖြစ်ကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Khim Finan က ပြောကြားခဲ့သည်။ 

     အစိုးရအနေဖြင့် အဆိုပါ ရည်မှန်းချက်ကို ၂၀၁၀ ပြည့်နှစ်မှ စတင်ခဲ့ပြီး အစောပိုင်းကာလ ၂၀၁၅ ခုနှစ်၌ အောင်မြင်မှု ရရှိရန် ရည်ရွယ်၍ ချမှတ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ထိုရည်မှန်းချက်မှာ ၂၀၂၅ ခုနှစ် အထိ ပြည့်မီအောင်မြင်ခဲ့ခြင်း မရှိခဲ့ပေ။ 

    မကြာသေးမီက ကမ္ဘောဒီးယား ဆန်စပါးအသင်းချုပ် (Cambodia Rice Federation) ၏ ဥက္ကဋ္ဌ Lay Chhun Huor က The Post သတင်းစာသို့ ပြောကြားရာတွင် အထူးသဖြင့် တင်ပို့မှုမှာ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့သည့် ၂၀၂၅ ခုနှစ်မှစ၍ ဆန်တင်ပို့မှုသည် အကောင်းဘက်သို့ဦးတည်ခဲ့ပြီး တိုးတက်မှုကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။ ထိုကဲ့သို့ တိုးတက်လာရခြင်းမှာ ကမ္ဘောဒီးယားဆန်ကို မြှင့်တင်ရန်၊ ထုတ်လုပ်မှုကို တိုးချဲ့မြှင့်တင်ရန်နှင့် ပြည်ပပို့ကုန် ဈေးကွက်များကို ဖော်ထုတ်ရန်အတွက် အစိုးရခေါင်းဆောင်များနှင့် ပုဂ္ဂလိက ကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းကြောင့် ဖြစ်ကြောင်း ဂုဏ်ပြုပြောကြားခဲ့သည်။ 

     ၂၀၂၆ ခုနှစ် မကုန်မီ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် ၆၀,၀၀၀ တင်ပို့ရန် မျှော်မှန်းထားသည့် Signature Rice ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ Chan Pech က ဈေးကွက်မြှင့်တင်ရေး ကြိုးပမ်း မှုများ၊ အရည်အသွေး၊ အရသာနှင့် တိုးတက်ကောင်းမွန်လာသည့် သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံများသည် ကမ္ဘောဒီးယားဆန်၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးခဲ့ပြီး နိုင်ငံတကာမှ မှာယူမှုများလည်း တိုးတက်လာစေခဲ့ကြောင်း ပြောကြားခဲ့သည်။ 

Source: Borneo Bulletin, Brunei, 21 October 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)