ကမ္ဘာ့ပန်းသီးတင်ပို့မှုပမာဏ ၂၁ ရာခိုင်နှုန်းခန့် ကျဆင်းလာသော်လည်း နိုင်ငံတချို့ ဈေးကွက်ဝေစု ရရှိ

      လွန်ခဲ့သော ၉ နှစ်ကျော်ကာလအတွင်း လတ်ဆတ်သောပန်းသီးများအား ကုန်သွယ်ရာတွင် ပို့ကုန်အခွန်ရငွေ တိုးမြှင့်လာသော်လည်း ကမ္ဘာ့ကုန်သွယ်မှုပမာဏမှာ သိသိသာသာကျဆင်းခဲ့ ကြောင်း၊ EastFruit ၏ ဖော်ပြချက်အရ ကမ္ဘာ့ပန်းသီးတင်ပို့မှုပမာဏမှာ ၂၀၁၆ ခုနှစ်တွင် တန်ချိန် ၉ သန်းခန့်မှ ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၇.၁ သန်းခန့်ထိ ကျဆင်းခဲ့၍ ၂၁ ရာခိုင်နှုန်းခန့် ကျဆင်း လာပါကြောင်း၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၇.၁၉ ဘီလီယံမှ ဒေါ်လာ ၇.၈၉ ဘီလီယံထိ ရှိခဲ့၍ ၉.၇ ရာခိုင်နှုန်း တိုးလာခဲ့ပါကြောင်း၊ သို့သော်လည်း ငွေကြေးဖောင်းပွမှုကို ထည့်သွင်းချိန်ညှိပြီးနောက် ကမ္ဘာ့ပို့ကုန်၏ တန်ဖိုးမှန်မှာ ၂၀၁၆ ခုနှစ်တွင် ၁၈.၂ ရာခိုင်နှုန်း၊ ငွေကြေးအားဖြင့် ဒေါ်လာ ၅.၈၈ ဘီလီယံထိ ကျဆင်းခဲ့ကြောင်း၊ ထို့ကြောင့် အမည်ခံမျှ ပို့ကုန်အခွန် တိုးလာခြင်းသည် အပြည်ပြည် ဆိုင်ရာ ပန်းသီးကုန်သွယ်မှု ကျဉ်းမြောင်းလာမှုကို ထောက်ပြဖော်ပြနိုင်ခြင်းမရှိကြောင်း သိရှိရသည်။ 

 ဆက်လက်၍ ကမ္ဘာ့ပို့ကုန်ကျဆင်းရခြင်း၏ ဖြစ်နိုင်ခြေရှိသော အကြောင်းရင်းတစ်ခုမှာ ယခင်သွင်းကုန်အပေါ် လုံးလုံးလျားလျား မှီခိုရသောနိုင်ငံများတွင် ပန်သီးထုတ်လုပ်မှု တိုးချဲ့ များပြားလာခြင်းကြောင့်ဖြစ်ကြောင်း၊ ခေတ်မီစိုက်ပျိုးရေး နည်းပညာများ ကျယ်ပြန့်စွာ သုံးစွဲလာကြ ခြင်းကြောင့် အဆိုပါနိုင်ငံများအနေဖြင့် ပြည်တွင်းထောက်ပံ့ပေးနိုင်မှု တိုးမြှင့်လာစေပြီး ပြည်ပမှ ဝယ်ယူသည့် လိုအပ်ချက်ကို လျော့ချနိုင်ခဲ့ပါကြောင်း၊ အခြားအကြောင်းရင်းတစ်ချက်မှာ ဘလူး ဘယ်ရီသီးများ၊ အခြားသီးနှံများနှင့် ဘယ်ရီသီးများအစရှိသည့် သီးနှံများအပေါ် စားသုံးသူအကြိုက် ပြောင်းလဲသွားခြင်းကြောင့် ဖြစ်နိုင်ပါကြောင်း၊ ပန်းသီးများ၏ ပျှမ်းမျှပို့ကုန်ဈေးနှုန်းသည် ၁ တန်လျှင် ဒေါ်လာ ၇၉၆ မှ ဒေါ်လာ ၁,၁၁၀ ထိ လက်ရှိကာလပေါက်ဈေး မြှင့်တက်ခဲ့သော်လည်း ငွေကြေး ဖောင်းပွမှုကို ထည့်သွင်း ချိန်ညှိပြီးနောက်တွင်မူ ယခင် ၉ နှစ်ကျော် ကာလ ထက် ၃.၉ ရာခိုင်နှုန်းသာ တိုးမြှင့်ကြောင်း သိရှိရပါသည်။ 

     တောင်အာဖရိကနိုင်ငံအနေဖြင့် အဓိကတင်ပို့သူနိုင်ငံများတွင် အကောင်းဆုံးရလဒ်အချို့ကို ရရှိခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါနိုင်ငံ၏ ပျှမ်းမျှနှစ်စဉ်ပန်းသီးတင်ပို့မှုမှာ ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ် အတွင်း တန်ချိန် ၅၀၄၀၀၀ မှ ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တန်ချိန် ၆၅၃၀၀၀ ထိ မြှင့်တက်ခဲ့ ပြီး မြှင့်တက်မှုနှုန်းမှာ ၃၀ ရာခိုင်နှုန်းခန့် ဖြစ်ပါကြောင်း၊ ကမ္ဘာ့ကုန်သွယ်မှုတွင် နိုင်ငံ၏ ဝေစုရရှိမှု မှာ ၅.၇ ရာခိုင်နှုန်းမှ ၈.၈ ရာခိုင်နှုန်းထိ တိုးမြှင့်ခဲ့ပါကြောင်း၊ အဆိုပါတိုးတက်မှုကို နိုင်ငံ၏ ကောင်းမွန် သော ပထဝီဝင်အနေအထားနှင့် ပို့ကုန်ဈေးကွက် ချဲ့ထွင်ခြင်းတို့က အထောက်အပံ့ပေးထားပါ ကြောင်း၊ သီးခြားအနေဖြင့် တောင်အာဖရိကနိုင်ငံ ပို့ကုန်လုပ်ငန်းရှင်များသည် အာရှ၊ အာဖရိက နှင့် အရှေ့အလယ်ပိုင်းဒေသများသို့ အထူးသဖြင့် အိန္ဒိယနိုင်ငံသို့ ကုန်စည်တင်ပို့မှုများ တိုးချဲ့ခဲ့ ကြကြောင်းသိရှိရပါသည်။

     အီတလီနိုင်ငံနှင့် တူရကီနိုင်ငံတို့အနေဖြင့် မတူကွဲပြားသော မဟာဗျုဟာများရှိကြသော်လည်း ကမ္ဘာ့ဈေးကွက်တွင် ၎င်းတို့၏ ရပ်တည်မှုမှာ ခိုင်မာမှုရှိပါကြောင်း၊ အဆိုပါနိုင်ငံများ၏ ကမ္ဘာ့ကုန်သွယ် မှု ဝေစုမှာ ၁၀.၄ ရာခိုင်နှုန်းမှ ၁၂.၉ ရာခိုင်နှုန်းထိ တိုးမြှင့်လာခဲ့သော်လည်း အီတလီနိုင်ငံ၏ ပျှမ်းမျှ နှစ်စဉ် ပို့ကုန်မှာ ၃.၆ ရာခိုင်နှုန်းခန့် ၊ တန်ချိန် ၉၂၃,၀၀၀ မှ ၉၅၆,၀၀၀ ထိသာ တိုးမြှင့်ခဲ့ကြောင်း၊ အီတလီနိုင်ငံ ကုန်စည်ထုတ်လုပ်သူများအနေဖြင့် အရည်အသွေးမြင့်သီးနှံမျိုးကွဲများ၊ ကုန်စည် အရည်အသွေး၊ ခေတ်မီသိုလှောင်ရုံများနှင့် ထိရောက်သောရောင်းဝယ်ရေးအဖွဲ့အစည်း စသည်တို့ အပေါ် အဓိကအလေးထားဆောင်ရွက်ပါကြောင်း၊ တူရကီနိုင်ငံအနေဖြင့် ၎င်း၏ ပျှမ်းမျှနှစ်စဉ် ပို့ကုန်မှာ ၄၀.၄ ရာခိုင်နှုန်း၊ တန်ချိန် ၁၉၃၀၀၀ မှ ၂၇၁၀၀၀ ထိ တိုးမြှင့်ခဲ့ပြီး ၎င်း၏ဈေးကွက်ဝေစု ကို ၂.၂ ရာခိုင်နှုန်းမှ ၃.၆ ရာခိုင်နှုန်းထိ တိုးချဲ့နိုင်ခဲ့ကြောင်း၊ ဤကဲ့သို့ တိုးတက်လာခြင်းမှာ ယှဉ်ပြိုင် နိုင်စွမ်းရှိသော ဈေးနှုန်းများ၊ အအေးခန်း သိုလှောင်ရုံ ပမာဏ တိုးချဲ့နိုင်မှုနှင့် အဓိကတင်သွင်းသည့် ဈေးကွက်များသို့ ပို့ကုန်များ ပိုမို တင်ပို့နိုင်ခဲ့မှုတို့ကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။ 

    အမေရိကန်ပြည်ထောင်စုတွင် ပျမ်းမျှ နှစ်စဉ် ပန်းသီးတင်ပို့မှု ပမာဏမှာ ၅ ရာခိုင်နှုန်း၊ တန်ချိန် ၈၇၂,၀၀၀ မှ ၈၂၈,၀၀၀ ထိလျှော့ကျသွားခဲ့သော်လည်း ကမ္ဘာ့ကုန်သွယ်မှုတွင် ပါဝင်မှု ဝေစုမှာ ၉.၈ ရာခိုင်နှုန်းမှ ၁၁.၂ ရာခိုင်နှုန်းသို့ မြင့်တက်လာခဲ့ပါကြောင်း၊ တင်ပို့သည့် ကုန်စည်ပမာဏ လျှော့ကျ သွားသည့်တိုင်အောင် တင်ပို့ရောင်းချသူအချို့သည် ဈေးကွက်ကျဉ်းမြောင်းသည့် အခြေအနေများ ကြားတွင်ပင် ၎င်းတို့၏ စျေးကွက်နေရာကို ပိုမိုခိုင်မာအောင် တည်ဆောက်နိုင်ကြောင်း သက်သေပြနေပါကြောင်း၊ ကျွမ်းကျင်ပညာရှင်များ၏ ပြောကြားချက်အရ အနာဂတ်ယှဉ်ပြိုင်နိုင်စွမ်းသည် ထုတ်လုပ်မှုတန်ဖိုး၊ ပန်သီးအရည်အသွေး၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးထိရောက်မှု၊ အလားအလာရှိသော ပို့ကုန်ဈေးကွက်ဝင်ရောက်မှုတို့အပေါ် မူတည်ပါကြောင်း၊ အနာဂတ် အလားအလာရှိသော ပို့ကုန်ဈေးကွက်များသို့ ထိုးဖောက်ဝင်ရောက်နိုင်မှုတို့အပေါ် ပိုမိုမူတည်လာ မည် ဖြစ်ကြောင်း၊ နိုင်ငံတကာ ကုန်သွယ်မှု ကျဉ်းမြောင်းလာသည်နှင့်အမျှ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကုန်ပစ္စည်းများကို ရောင်းချပေးနိုင်ပြီး ကမ္ဘာ့ဝယ်လိုအား အပြောင်းအလဲများကို လျှင်မြန်စွာ လိုက်လျော ညီထွေ ပြောင်းလဲနိုင်သည့်နိုင်ငံများသည် အသာစီးရရှိလာမည်ဖြစ်ကြောင်း သိရှိရပါသည်။ 

Source:UkrAgroComsult, 19 October 2026 (လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)