၂၀၂၆ သီးနှံရာသီတွင် အိန္ဒိယ၏ ပဲပိစပ်အထွက်နှုန်း ၂.၁ %၊ တန်ချိန် ၁၀၇.၉၃ သိန်းအထိ ကျဆင်း မည်ဟု ခန့်မှန်းထား

    အိန္ဒိယ၏ ပြည်နယ်အများစုတွင် မိုးခေါင်ရေရှားမှုကဲ့သို့သောအခြေအနေများ ဖြစ်ပေါ်လျက် ရှိရာ သီးနှံတစ်ရာသီလုံးစာအတွက် ပဲပိစပ်အထွက်နှုန်း ၂.၁၁ ရာခိုင်နှုန်း၊ တန်ချိန် ၁၀၇.၉၃ သိန်း အထိ အနည်းငယ်ကျဆင်းလာနိုင်ကြောင်း အိန္ဒိယပဲပိစပ်စိုက်ပျိုးထုတ်လုပ်သူများအသင်း (Soybean Processors Association of India - SOPA) အသင်းကပြောကြားထားပါသည်။

    Madhya Pradesh ပြည်နယ်နှင့် Rajasthan ပြည်နယ်များတွင် အထွက်နှုန်းများပြားခြင်း ကြောင့် Maharashtra ပြည်နယ်၏ အထွက်နှုန်းကျဆင်းမှုကို များစွာဖြည့်ဆည်းပေးနိုင်မည်ဖြစ် ကြောင်း SOPA ၏ သီးနှံအထွက်နှုန်းခန့်မှန်းချက် အစီရင်ခံစာတွင် ဖော်ပြထားပါသည်။ စနေနေ့ တွင် ပြုလုပ်ခဲ့သည့် SOPA ၏ အပြည်ပြည်ဆိုင်ရာ ပဲပိစပ်ညီလာခံ အခမ်းအနားပြီးဆုံးချိန်တွင် အဆိုပါအချက်အား ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။

     အဓိကဆီထွက်သီးနှံဖြစ်သော ပဲပိစပ်သည် ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို ဖြည့်တင်း ပေးရုံသာမက မွေးမြူရေးကဏ္ဍအတွက် အသားဓာတ်အခြေခံတစ်ခုလည်း ဖြစ်ကြောင်းသိရသည်။ ပဲပိစပ်အထွက်နှုန်း စုစုပေါင်းအနေဖြင့် ယခင်ရာသီနှင့်နှိုင်းယှဉ်လျှင် ၂.၁၁  ရာခိုင်နှုန်း ကျဆင်းမည် ဟု ခန့်မှန်းထားကြောင်း SOPA က ပြောကြားထားသည်။ သီးနှံကြီးထွားရမည့် အဓိကအချိန်တွင် အစိုဓာတ် မလုံလောက်မှုနှင့် မိုးရေပြတ်လပ်မှုကြာရှည်စွာဖြစ်ပေါ်ခဲ့သည့် Maharashtra ပြည်နယ်၊ Karnataka ပြည်နယ်နှင့် Telangana ပြည်နယ်တို့တွင် ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်နယ် သုံးခုလုံးတွင် စိုက်ပျိုးထားသည့် ပဲပိစပ်စိုက်ဧက စုစုပေါင်း ၇.၀၂ သိန်း လုံးဝပျက်စီးသွား ခြင်းဖြစ်ပြီး ရိတ်သိမ်းနိုင်ခြင်း မရှိကြောင်းသိရသည်။

    ယခုအချိန်တွင် Madhya Pradesh ပြည်နယ်နှင့် Rajasthan ပြည်နယ်များရှိ ပဲပိစပ်စိုက်ခင်း များကောင်းမွန်လျက်ရှိကြောင်း SOPA ၏ အမှုဆောင်ညွှန်ကြားမှူးချုပ်ဖြစ်သူ D N Pathak က ပြောကြားထားသည်။

    အဆိုပါပြည်နယ်များတွင် အထွက်နှုန်းများပြားခြင်းကြောင့် Maharashtra ပြည်နယ်၏ အထွက်နှုန်းကျဆင်းမှု အားလုံးနီးပါးကို ဖြည့်ဆည်းပေးနိုင်ကြောင်း၊ ထို့အပြင် ယခင်သီးနှံရာသီနှင့် နှိုင်းယှဉ်လျှင် တစ်နိုင်ငံလုံးပဲပိစပ်စိုက်ဧက ၅ သိန်းနီးပါး တိုးတက်လျက်ရှိကြောင်း ပြောကြားထား သည်။

    ဆီထွက်သီးနှံအများဆုံးစိုက်ပျိုးသည့် Madhya Pradesh ပြည်နယ်၏ ပဲပိစပ်အထွက်နှုန်း သည် ယခုအချိန်တွင် တန်ချိန် ၅၇.၁၆ သိန်းသို့ ရောက်ရှိမည်ဟု ခန့်မှန်းထားရာ ပြီးခဲ့သည့်နှစ်က ထွက်ရှိခဲ့သည့်တန်ချိန် ၄၃.၂၄ သိန်းထက် ၃၂.၂ % မြင့်တက်လျက်ရှိကြောင်းသိရသည်။ ပြည်နယ် အတွင်း ပဲပိစပ်စိုက်ဧကသည် ယခင်နှစ်က ဧက ၄၈.၆၄ သိန်းရှိခဲ့ရာမှ ယခုအခါ ဧက ၅၂.၀၉ သိန်း အထိ များပြားလာကြောင်း၊ တစ်ဧကပျမ်းမျှအထွက်နှုန်းသည် ၈၈၉ ကီလို မှ ၁,၁၀၈ ကီလို အထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားကြောင်း အသင်းကပြောကြားထားပါသည်။

    Maharashtra ပြည်နယ်တွင် ပဲပိစပ်အထွက်နှုန်း ၃၃.၂ ရာခိုင်နှုန်း၊ တန်ချိန် ၃၄.၈၈ သိန်း ကျဆင်းမည်ဟု ခန့်မှန်းထားသော်လည်း Rajasthan ပြည်နယ်တွင် အထွက်နှုန်း ၄၈.၂ ရာခိုင်နှုန်း၊ တန်ချိန် ၉.၄၇ သိန်း တိုးမြှင့်ထွက်ရှိမည်ဟု ခန့်မှန်းထားကြောင်းသိရသည်။

    ယခုနှစ်သီးနှံရာသီတွင် နိုင်ငံတစ်ဝန်းတွင် ပဲပိစပ်စိုက်ဧက ၁၁၇.၇၃ သိန်း စိုက်ပျိုးထားရာ ၂၀၂၅ ခုနှစ်က စံချိန်တင်စိုက်ပျိုးခဲ့သည့် စိုက်ဧက ၁၁၂.၁၄ သိန်းထက် ၅ ရာခိုင်နှုန်း တိုးချဲ့ စိုက်ပျိုးထားခြင်းဖြစ်သည်။ သို့သော်လည်း မြေသားအစိုဓာတ် လုံလောက်စွာ မရရှိမှုနှင့် မိုးခေါင် ရေရှားမှု အခြေအနေများကြောင့် စိုက်ဧက ၇.၇၆ သိန်းတွင် စိုက်ပျိုးထားသည့် သီးနှံများအပေါ် သက်ရောက်မှု ရှိလာနိုင်ပြီး အမှန်စိုက်ပျိုးထားသည့် စိုက်ဧကသည် ဧက ၁၀၉.၉၈သိန်း အထိ ကျဆင်း လာနိုင်ကြောင်း SOPA ကပြောကြားထားသည်။

    တစ်ဧကအထွက်နှုန်း ၉၈၁ ကီလိုဖြင့် ခန့်မှန်းတွက်ချက်ပါက ပဲပိစပ်တန်ချိန် စုစုပေါင်း ၁၀၇.၉၃ သိန်းထွက်ရှိမည်ဟု ခန့်မှန်းထားပြီး ယခင်နှစ် သီးနှံရာသီတွင်ထွက်ရှိခဲ့သည့် အထွက် တန်ချိန် ၁၁၀.၂၆ သိန်းနှင့် နှိုင်းယှဉ်ပါက တစ်ဧကပျမ်းမျှအထွက်နှုန်း ၉၈၃ ကီလို ထွက်ရှိမည်ဖြစ် ကြောင်း သိရသည်။

Source: The Economic Times News, 18 October 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)