အိန္ဒိယ၏ မတ်ပဲနှင့် ပဲတီစိမ်းထွက်ရှိမှု လျော့နည်းမည်ဟု ကုန်သည်များ ခန့်မှန်း

      အိန္ဒိယနိုင်ငံတွင် မိုးသီးနှံဖြစ်သည့် မတ်ပဲနှင့် ပဲတီစိမ်းများ စတင်ရိတ်သိမ်းနေပြီး မကြာသေးမီ နှစ်များအတွင်း မုတ်သုံမိုးရွာသွန်းမှုလျော့နည်းခဲ့သည့် အခြေအနေကြောင့် သီးနှံအထွက်နှုန်း အပေါ် စိုးရိမ်မှုများ ရှိနေသည်။ အစိုးရ၏ ရည်မှန်းချက်များအရ မတ်ပဲအထွက်တိုးလာမည်ဟု မျှော်မှန်းထားသော်လည်း အထွက်နှုန်းမှာ ရည်မှန်းချက်ထက် များစွာလျော့နည်းနိုင်ကြောင်း ကုန်သည်များက ခန့်မှန်းထားသည်။ မြန်မာနိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့မှ ပဲတင်ပို့သူများမှလည်း အိန္ဒိယနိုင်ငံ၏ တင်သွင်းမည့်အခြေအနေကို စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။          ၂၀၂၆-၂၀၂၇ စိုက်ပျိုးရေးနှစ် မိုးသီးနှံမတ်ပဲထွက်ရှိမှုမှာ အစိုးရ၏ရည်မှန်းချက်ဖြစ်သည့် တန်ချိန် ၁.၅ သန်းအောက် လျော့နည်း၍ တန်ချိန် ၁.၀ သန်းမှ ၁.၄ သန်းအထိ ထွက်ရှိနိုင်ကြောင်း၊ ပဲတီစိမ်း ထွက်ရှိမှုမှာ ရည်မှန်းချက်ဖြစ်သည့် တန်ချိန် ၂ သန်းအောက် လျော့နည်း၍ တန်ချိန် ၀.၉၂ သန်းမှ ၁.၈ သန်း ထွက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ 

      မြန်မာနိုင်ငံနှင့် ဘရာဇီးနိုင်ငံတို့သည် အိန္ဒိယနိုင်ငံသို့ မတ်ပဲ အဓိကတင်ပို့သည့်နိုင်ငံများ အဖြစ် ဆက်လက်တည်ရှိနေပြီး အခြားတစ်ဖက်တွင်လည်း ပဲတီစိမ်းတင်ပို့သူများသည် အိန္ဒိယ နိုင်ငံ၏ တင်သွင်းမှုကန့်သတ်ချက်များကြောင့် တရုတ်နိုင်ငံနှင့် အရှေ့‌‌တောင်အာရှ ဈေးကွက် များသို့ အဓိကထား တင်ပို့နိုင်မည့် အခွင့်အလမ်းများကို ရှာဖွေလျက်ရှိသည်။ 

      အစိုးရ၏ နောက်ဆုံးထုတ်ပြန်ထားသော ခန့်မှန်းချက်အရ ၂၀၂၅-၂၀၂၆ စိုက်ပျိုးရေး နှစ်တွင် ပဲတီစိမ်းမှာ စိုက်ပျိုးရာသီ ၃ ခုအတွင်း တန်ချိန် ၄.၄၉ သန်းဖြင့် စံချိန်တင် ထွက်ရှိခဲ့ပြီး ယခင်နှစ် ထွက်ရှိမှုတန်ချိန် ၄.၂၄ သန်းထက် ပိုမိုခဲ့ကြောင်း သိရသည်။ ယင်းပမာဏအနက် မိုးသီးနှံ ပဲတီစိမ်းထွက်ရှိမှုမှာ တန်ချိန် ၁.၉၈ သန်းခန့်ဖြစ်ပြီး ကျန်အများစုမှာ နွေသီးနှံစိုက်ပျိုး ထွက်ရှိမှုများ ဖြစ်သည်။ 

      မတ်ပဲစုစုပေါင်းထုတ်လုပ်မှုသည် တန်ချိန် ၁.၇၁ သန်းခန့်အထိ ကျဆင်းခဲ့ပြီး အိန္ဒိယနိုင်ငံတွင် မတ်ပဲအဓိကထုတ်လုပ်သော မိုးရာသီစိုက်ပျိုးမှုမှ ထွက်ရှိသည့် မတ်ပဲပမာဏမှာ တန်ချိန် ၁.၂၁ သန်း သာ ရှိခဲ့သည်။ အဆိုပါအခြေအနေအရ မိုးသီးနှံ မတ်ပဲအထွက်နှုန်း ၃ နှစ်ဆက်တိုက် ကျဆင်းလာ ခြင်းလည်း ဖြစ်သည်။ 

       ယခုနှစ် မိုးသီးနှံစိုက်ပျိုးကာလသည် ၂၀၀၁ ခုနှစ်နောက်ပိုင်း မုတ်သုံမိုးရွာသွန်းမှု အားအနည်းဆုံး စတုတ္ထမြောက်နှစ်အတွင်း ကျရောက်ခဲ့သည်။ အိန္ဒိယမိုးလေဝသဦးစီးဌာန၏ အဆိုအရ ယခုနှစ် မုတ်သုံမိုးရွာသွန်းမှုပမာဏသည် ရေရှည်ပျမ်းမျှမိုးရွာသွန်းမှုထက် ၁၂.၆ ရာခိုင်နှုန်း လျော့နည်းခဲ့ ကြောင်း သိရသည်။ 

     သို့သော် မတ်ပဲစိုက်ပျိုးဧရိယာမှာ တိုးတက်လာခဲ့သည်။ အိန္ဒိယစိုက်ပျိုးရေးဝန်ကြီးဌာန၏ အချက်အလက်များအရ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့အထိ မတ်ပဲစိုက်ဧရိယာသည် ဟက်တာ ၂.၆၁ သန်း ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလဖြစ်သော ဟက်တာ ၂.၃၂ သန်းထက် ပိုမို လာခဲ့သည်။ သို့သော် ပုံမှန်စိုက်ပျိုးလေ့ရှိသည့် ဧရိယာ ဟက်တာ ၂.၉၆ သန်းထက် နည်းပါးနေဆဲ ဖြစ်သည်။ 

       ပဲတီစိမ်းစိုက်ဧရိယာမှာ ယခင်နှစ်က ဟက်တာ ၃.၄၇ သန်းရှိရာမှ ယခုနှစ်တွင် ဟက်တာ ၃.၃၅ သန်းသို့ လျော့ကျခဲ့သည်။ အိန္ဒိယအစိုးရသည် ယခုနှစ် မိုးသီးနှံမတ်ပဲထွက်ရှိမှုကို တန်ချိန် ၁.၅ သန်း နှင့် မိုးသီးနှံပဲတီစိမ်းထွက်ရှိမှုကို တန်ချိန် ၂ သန်း မျှော်မှန်းထားသည်။ ယခုရာသီအတွက် သီးနှံထုတ်လုပ်မှုဆိုင်ရာ ပထမအကြိမ်ခန့်မှန်းချက်ကို နိုဝင်ဘာလနှောင်းပိုင်းတွင် ထုတ်ပြန်သွားရန် မျှော်မှန်းထားကြောင်း သိရသည်။ Source: Pulsepod, 15 October 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)