နေကြာဆီ ဝယ်ယူတင်သွင်းမှု အိန္ဒိယ လျှော့ချ
Oil World မှ ကျွမ်းကျင်သူများ၏ ခန့်မှန်းချက်အရ ယခုကာလအတွင်း နေကြာဆီတင်ပို့မှု သည် တန်ချိန် ၀.၅ သန်းမှ ၀.၆ သန်းသာရှိမည်ဖြစ်ပြီး ယခင်နှစ် အလားတူကာလထက် တန်ချိန် ၀.၂၅ သန်း လျော့နည်းမည်ဖြစ်ကြောင်း APK-Inform သတင်းဌာနမှ ဖော်ပြထားသည်။
နေကြာဆီတင်ပို့မှုလျော့နည်းရခြင်း၏ အဓိကအကြောင်းရင်းမှာ မကြာသေးမီက ရုရှားနိုင်ငံ ၏ ကုန်တင်သင်္ဘောများ တိုက်ခိုက်ခံရခြင်းနှင့် ပင်လယ်နက်ဒေသအတွင်းရှိ ဆိပ်ကမ်းအဆောက် အအုံများ ပျက်စီးခြင်းတို့ကြောင့် ဖြစ်ကြောင်း သိရှိရသည်။ ၎င်းအပြင် ယူကရိန်းမှ အိန္ဒိယနိုင်ငံသို့ နေကြာဆီတင်ပို့မှုသည် ဇွန်လမှ စက်တင်ဘာလအတွင်း ရပ်တန့်လုနီးပါး ဖြစ်ခဲ့ပြီး အဆိုပါအခြေ အနေကြောင့် အိန္ဒိယနိုင်ငံရှိ တင်သွင်းသူများသည် လိုအပ်နေသော နေကြာဆီပမာဏကို ပဲပုပ်ဆီဖြင့် အစားထိုးတင်သွင်းခဲ့ရကြောင်း ဖော်ပြထားသည်။
၂၀၂၆ ခုနှစ်၊ စက်တင်ဘာလမှ အောက်တိုဘာလအတွင်း အိန္ဒိယနိုင်ငံ၏ နေကြာဆီ တင်သွင်း မှုသည် တန်ချိန် ၂၀၀,၀၀၀ မှ ၃၀၀၀,၀၀၀ အထိသာ ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ အထူးသဖြင့် ပြီးခဲ့သည့်လအတွင်း အာဂျင်တီးနားမှ နေကြာဆီတင်ပို့မှုပမာဏသည် တန်ချိန် ၇၀၀,၀၀၀ မှ ၈၀၀,၀၀၀ အထိသာ ရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် လာမည့်လများတွင် ဘူဂေးရီးယား နိုင်ငံမှ နေကြာဆီတင်ပို့မှုပမာဏသည် သိသိသာသာမြင့်တက်လာမည်ဟု မျှော်မှန်းထားပြီး ၂၀၂၆ ခုနှစ်၊ သြဂုတ်လမှ နိုဝင်ဘာလအတွင်း တန်ချိန် ၁,၄၀၀,၀၀၀ မှ ၁၇၀၀,၀၀၀ အထိ တင်ပို့နိုင်မည် ဟု ခန့်မှန်းထားသည်။
၎င်းအပြင် အိန္ဒိယနိုင်ငံ၏ ယခုသုံးလပတ်အတွင်း စားအုန်းဆီတင်သွင်းမှုပမာဏသည် တန်ချိန် ၂.၄ သန်းအထိ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားပီး ထိုပမာဏသည် လွန်ခဲ့သည့် ၄ နှစ် အတွင်း အောက်တိုဘာလမှ ဒီဇင်ဘာလအထိ အမြင့်ဆုံးဖြစ်လာနိုင်ပြီး ယခင်နှစ်ကာလတူ တင်သွင်းခဲ့သည့် ပမာဏထက် တန်ချိန် ၀.၆ သန်းခန့် မြင့်တက်လာမည်ဖြစ်သည်။ စက်တင်ဘာ ၂၄ ရက်နေ့တွင် သွင်းကုန်အခွန်နှုန်းထားလျှော့ချခဲ့ပြီးနောက် စားအုန်းဆီဝယ်ယူ တင်သွင်းမှုသည် မြင့်တက်လာခဲ့သည်။ မလေးရှားနိုင်ငံတွင် စားအုန်းဆီလက်ကျန်ပမာဏ များပြားနေခြင်းနှင့် စားအုန်းဆီစျေးနှုန်းများသည် ပဲပုပ်ဆီနှင့် နေကြာဆီတို့ထက် စျေးနှုန်းစျေးကွက်ပိုမိုယှဥ်ပြိုင်နိုင် စွမ်းရှိလာခြင်းတို့ကြောင့် စားအုန်းဆီဝယ်လိုအား ပိုမိုမြင့်တက်လာခြင်း ဖြစ်သည်။
အိန္ဒိယနိုင်ငံ၏ ပဲပုပ်ဆီတင်သွင်းမှုပမာဏသည် အောက်တိုဘာလမှ ဒီဇင်ဘာအတွင်း တန်ချိန် ၁.၅၃ သန်း ခန့်ရှိလာနိုင်ပြီး ယခင်နှစ် အလားတူကာလထက် ပိုမိုများပြားနိုင်သည်ဟု ခန့်မှန်းထားသည်။ သို့သော် တောင်အမေရိကတွင် ရာသီအလိုက် ပဲပုပ်ဆီထုတ်လုပ်မှု ကျဆင်း လာခြင်းကြောင့် ပဲပုပ်ဆီတင်သွင်းမှု တိုးမြင့်လာနိုင်သည့် အလားအလာမှာလည်း အကန့်အသတ် ရှိနိုင်ကြောင်း သိရှိရသည်။
Source: Agro Portal, 18 October 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

















