ပခုက္ကူမြို့၌အရောင်းအဝယ်ဖြစ်နေသော ဆန်ဈေးနှုန်းအခြေအနေ

          မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့သည် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသ ဖြစ်သည့်အတွက် စပါးစိုက်ပျိုးမှုနည်းပြီး ဆန်လိုဒေသဖြစ်သောကြောင့် အခြားတိုင်းဒေသကြီးများနှင့် တိုင်းတွင်း မြို့နယ်များမှ ဆန်တင်သွင်းရသော ဆန်လိုဒေသဖြစ်ပါသည်။အများအားဖြင့် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်၊ မြောင်းမြမြို့များမှလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘို၊ ခင်ဦး၊ရေဦးမြို့များမှလည်းကောင်း၊ တိုင်းတွင်း စလင်း၊ ဆင်ဖြူကျွန်းမြို့များမှလည်းကောင်း ဝင်ရောက်လျက်ရှိပါသည်။ 

          ပခုက္ကူမြို့နယ်အတွင်း လူအများစုမှာ ဧရာပဒေသာ၊ မနောသုခ၊ ဖန်သီးသုခ၊ ဝန်ကြီးပဒေသာ ဆန်များကို အများဆုံးစားသုံးကြပြီး၂၀၂၆ခုနှစ်၊ အောက်တိုဘာလ(တတိယပတ်)တွင် မြောင်းမြ ဧရာပဒေသာဆန်တစ်အိတ်လျှင် (၁၇၀၀၀၀)ကျပ်၊ စလင်း ဧရာပဒေသာဆန်တစ်အိတ်လျှင် (၂၁၀၀၀၀) ကျပ်၊ မနောသုခဆန်တစ်အိတ်လျှင် (၁၁၅၀၀၀)ကျပ်၊ ဖန်သီးသုခဆန်တစ်အိတ်လျှင်(၁၄၀၀၀၀)ကျပ်၊ ဧရာမင်းဆန်တစ်အိတ်လျှင် (၂၀၀၀၀၀)ကျပ်၊ ဝန်ကြီး ပဒေသာဆန်တစ်အိတ်လျှင် (၂၀၀၀၀၀)ကျပ်၊ ရက်(၉၀) ဆန်တစ်အိတ်လျှင် (၁၁၅၀၀၀)ကျပ် အသီးသီး ရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။

          ပေါ်ဆန်းမွှေးဆန်ကို လူအနည်းစု စားသုံးသောဆန်ဖြစ်ပြီး ရွှေဘိုဒေသနှင့်  မြောင်းမြဒေသတို့ မှအများဆုံးဝင်ရောက်ကြပါသည်။ ရွှေဘိုပေါ်ဆန်းမွှေးမှာ အရည်အသွေးပိုမိုကောင်းမွန်ပြီး တစ်အိတ် လျှင် (၂၃၀၀၀၀)ကျပ်နှင့် မြောင်းမြပေါ်ဆန်းမှာ တစ်အိတ်လျှင် (၁၈၀၀၀၀)ကျပ် ဖြစ်ပြီး ယခင်လနှင့် ဈေးနှုန်းနှိုင်းယှဉ်လျှင် ဆန်အမျိုးအစားအလိုက် တစ်အိတ်လျှင် (၅၀၀၀) ကျပ်ခန့် ဈေးတက်သွားကြောင်း ဆန်ပွဲရုံပိုင်ရှင်တစ်ဦးထံမှ သိရှိရပါသည်။

DOCA(မကွေး)