ဂျပန်စိုက်ပျိုးရေးဝန်ကြီးဌာနက အစိုးရဆန်ရိက္ခာဖြည့်တင်းရန် ဆန်များကို ပြန်လည်ဝယ်ယူမည်

     ၂၀၂၅ခုနှစ်၊ မတ်လနှင့် အဆိုပါကာလနောက်ပိုင်းတွင် အစိုးရဆန်ရိက္ခာ အချို့ကို ထုတ်ယူ သုံးစွဲခဲ့ပြီးနောက် ကျန်ရှိသည့် အစိုးရဆန်ရိက္ခာများကို ပြန်လည်ဖြည့်တင်းရန်အတွက် ပုဂ္ဂလိက ကဏ္ဍထံမှ ဆန်တန်ချိန် ၁၀၀,၀၀၀ ပြန်လည်ဝယ်ယူရန် ဂျပန်နိုင်ငံ၊ စိုက်ပျိုးရေးဝန်ကြီးဌာနက စီစဉ်လျက်ရှိကြောင်း သတင်းရင်းမြစ်များအရ သိရှိရသည်။ 

     အစိုးရ၏ ဆန်ရိက္ခာပမာဏမှာ သင့်တော်သည်ဟု သတ်မှတ်ထားသည့် တန်ချိန် ၁ သန်း အောက်များစွာ လျော့နည်းနေသဖြင့် စားနပ်ရိက္ခာဖူလုံရေးအတွက် စိုးရိမ်ပူပန်မှုများ မြင့်တက် လာချိန်တွင် ယခုကဲ့သို့ ဆောင်ရွက်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့အပြင် ဝန်ကြီးဌာနအနေ ဖြင့် ဆန်ရိက္ခာသိုလှောင်သည့်ကာလကို လက်ရှိသတ်မှတ်ထားသည့်ကာလဖြစ်သည့် ၅ နှစ်မှ ၃ နှစ် သို့မဟုတ် ၄ နှစ်သို့ လျှော့ချရန် စဉ်းစားသွားမည်ဖြစ်ပြီး ယင်းသို့ဆောင်ရွက်ခြင်းက အစိုးရ၏ နှစ်စဉ် ဆန်ဝယ်ယူမှုပမာဏကို တိုးတက်လာစေနိုင်ကြောင်း ၂၇-၁၀-၂၀၂၆ ရက်နေ့တွင် ဖော်ပြခဲ့ သည့် သတင်းရင်းမြစ်များအရ သိရှိရသည်။ 

     ၂၀၂၅ ခုနှစ် မတ်လမှစ၍ စုစုပေါင်း ဆန်တန်ချိန် ၅၉၀,၀၀၀ ထုတ်ယူခဲ့သည့် အစိုးရသည် ယခုနှစ် စက်တင်ဘာလတွင် တန်ချိန် ၂၁၀,၀၀၀ ပြန်လည်ဝယ်ယူရန် ဆုံးဖြတ်ခဲ့သည်။ ထိုသို့ ဝယ်ယူခဲ့သော်လည်း ပုဂ္ဂလိကကဏ္ဍတွင် ဆန်လက်ကျန်ပမာဏ မြင့်မားနေဦးမည်ဖြစ်သဖြင့် ဆန် ပြန်လည်ဝယ်ယူရန်အတွက် ဆန်ရောင်းလိုအားနှင့် ဝယ်လိုအားအခြေအနေမှာ အပြုသဘောသို့ ဦးတည်နေပြီဖြစ်ကြောင်း ဝန်ကြီးဌာနက သုံးသပ်ခဲ့သည်။ ယခုနှစ်အစောပိုင်းတွင် မိုးအဆက် မပြတ် ရွာသွန်းခဲ့မှုကြောင့် စပါးအထွက်နှုန်းအပေါ် မည်မျှသက်ရောက်မှုရှိခဲ့သည်ကို သိရှိနိုင်မည့် ၂၀၂၆ ခုနှစ် စပါးရိတ်သိမ်းမှု ခန့်မှန်းချက်များအပါအဝင် ပြီးခဲ့သည့် ၂၅-၁၀-၂၀၂၆ ရက်နေ့အထိ ရရှိထားသော အချက်အလက်များအပေါ် အခြေခံ၍ ဆန်ပြန်လည်ဝယ်ယူမည့် အချိန်ကို ဆုံးဖြတ်သွားဖွယ်ရှိသည်။ 

      ၂၀၂၇ ခုနှစ်၊ ဇူလိုင်လမှစတင်သည့် ဘဏ္ဍာနှစ်အတွင်း အဓိကစားသုံးကုန်ဖြစ်သည့် ဆန် လိုအပ်ချက်မှာ တန်ချိန် ၆.၉၃ သန်းမှ ၇.၁ သန်းကြား ရှိမည်ဟု ခန့်မှန်းထားပြီး ၂၀၂၇ ခုနှစ်၌ ဆန် ထုတ်လုပ်မှုမှာ စုစုပေါင်း တန်ချိန် ၆.၉၃ သန်း ရှိမည်ဟု မျှော်လင့်ရသည်။ ဆန်တန်ချိန် ၁၀၀,၀၀၀ အပိုဆောင်း ပြန်လည်ဝယ်ယူမည်ဆိုလျှင်ပင် ၂၀၂၈ ခုနှစ် ဇွန်လကုန်တွင် ပုဂ္ဂလိက ကဏ္ဍ၏ ဆန်လက်ကျန်မှာ တန်ချိန် ၂.၂၃ သန်းမှ ၂.၅၇ သန်းကြား ရှိနေမည်ဖြစ်ရာ သင့်တော် သည့် လက်ကျန်ပမာဏဖြစ်သော တန်ချိန် ၁.၈ သန်းမှ ၂ သန်းထက်များစွာ ကျော်လွန်နေမည် ဖြစ်သည်။ 

Source: The Japan Times, 28 October 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)