ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရရှိနေသည့်ဆိပ်ဖြူကြက်သွန်နီ
ပြည်တွင်းဈေးကွက်တွင် စားဖိုဆောင်သီးနှံ ကြက်သွန်နီဈေးသည်ယခုနှစ်တွင် ယခင်နှစ်ကထက် အဆမတန် ဈေးတက်၍ အရောင်းအဝယ်ဖြစ်ပြီး ယခင်နှစ်ဈေးကွက်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ်(၆၀၀ မှ ၁၀၀၀)ဈေးဖြစ်ပြီးအရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ယခု၂၀၂၆ခုနှစ်၊ အောက်တိုဘာလ (တတိယပတ်)တွင် ကျပ်(၇၀၀၀ မှ ၁၀၀၀၀)ထိ ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဆိပ်ဖြူမြို့ ပေါ်ရှိ ပွဲရုံဈေးကွက်တွင် ကြက်သွန်နီများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်အတွင်းရှိ ပခုက္ကူ၊ ရေစကြို၊ ပေါက်၊ ဆိပ်ဖြူမြို့နယ်များတွင် ကြက်သွန်နီစိုက်ပျိုးမှုကို နှစ်စဉ် စိုက်ဧက (၂၀၀၀၀)ခန့် စိုက်လျက်ရှိပြီး ဆိပ်ဖြူမြို့နယ်တွင် အများဆုံး စိုက်ပျိုးကြောင်း၊ ယခင် နှစ်စဉ် စိုက်ဧက (၆၀၀၀)ခန့် စိုက်ပျိုးခဲ့သော်လည်း ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်တို့တွင် ရာသီဥတုဖောက်ပြန်၍ စိုက်တောင်သူများ ကြက်သွန်နီအထွက်နှုန်းလျော့နည်းခြင်းအပြင် ဈေးကွက် မကောင်း၍ အရှုံးများဖြစ်ပေါ်ခဲ့၍ ၂၀၂၆ ခုနှစ်တွင် စိုက်ဧက ထက်ဝက်ခန့်အထိ လျော့နည်းစိုက်ပျိုး ကြောင်း၊ ယခင်နှစ်များက တစ်မြို့နယ်လုံး ကြက်သွန်နီအထွက် ပိဿာသိန်း(၃၀၀)ခန့် ထွက်ရှိသော် လည်း ၂၀၂၆ ခုနှစ် ဒေသထွက် ကြက်သွန်နီ အထွက်ပိဿာ သိန်း(၁၅၀)ခန့်သာ ထွက်ရှိကြောင်း၊ နွေကြက်သွန်နီပေါ်ချိန် ဧပြီလကုန် မေလတွင် ကြက်သွန်နီပေါက်ဈေး ကျပ်(၁၃၅၀-၁၅၀၀)ရှိခဲ့ပြီး စိုက်တောင်သူများ ယခုနှစ်တွင်လည်း ထပ်မံအရှုံးပေါ်မည်စိုး၍ သိုလှောင်ထားခြင်းမရှိဘဲ ရောင်းချမှုများ ကြောင်း၊ ပြည်ပအဝယ် လိုက်လာ၍ ပြည်တွင်းကြက်သွန်နီဈေးနှုန်း ဇွန်လ မှ စ၍ အောက်တိုဘာလအထိ ဈေးဆက်တိုက်မြင့် တက်လာကြောင်း၊ လက်ရှိ ပြည်တွင်းဈေးကွက်တွင် ကြက်သွန်နီလက်ကျန် နည်းလာပြီး ပြည်ပဝယ်လိုအားရှိသည့်အတွက် အရောင်းအဝယ်လိုက်၍ ဈေးနှုန်းဆက်တိုက်မြင့် တက်လာခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ဈေးကွက်သို့ မြို့နယ်အချို့မှ ကြက်သွန်နီအသစ်များ ဝင်ရောက်လာ၍ ဈေးအနည်းငယ်ကျဆင်းပြီး အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။
ဆိပ်ဖြူကြက်သွန်နီဈေးကွက်၌လည်း ကြက်သွန်နီဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ် ကြောင်း ၊ လက်လီဈေးကွက်တွင် တစ်ပိဿာလျှင် အမြင့်ဈေး ကျပ်(၁၀၀၀၀)ထိ ရောင်းချနေရကြောင်း၊ ယခု၂၀၂၆ခုနှစ်၊ အောက်တိုဘာလ(တတိယပတ်)တွင် ဈေးမြင့်တက်မှု အမြင့်ဆုံးဈေးဖြင့် အရောင်းအဝယ် ဖြစ်ကြောင်း၊ ဒေသတွင်း ကုန်လက်ကျန်နည်း၍ အောက်တိုဘာ (၁၅)ရက်မှ (၂၁)ရက်အတွင်း တစ်ရက် လျှင် ကုန်ပိဿာ (၇၀၀၀)ခန့်သာ ဝင်ရောက်ကြောင်း၊ ကြက်သွန်နီတောဈေး(ဂျွန်) တစ်ပိဿာလျှင် ကျပ် (၉၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ဈေးနှုန်းအနေဖြင့် အောက်တိုဘာလ (ပထမပတ်)တွင် ကြက်သွန်နီ အမြင့် ဈေးတစ်ပိဿာလျှင် ကျပ်(၈၀၀၀)၊ ဒုတိယပတ်တွင် ကျပ်(၁၀၀၀၀)၊ တတိယပတ် တွင် ကျပ်(၁၀၅၀၀)ဈေး အသီးသီးဖြင့် အရောင်းအဝယ်ဖြစ်၍ တစ်လအတွင်း ကြက်သွန်နီ တစ်ပိဿာ လျှင်ကျပ်(၂၀၀၀)ခန့် ဈေးမြင့် တက်လာကြောင်း၊ ကုန်စည်စီးဆင်းမှုအနေဖြင့် အောက်တိုဘာလ (၁)ရက် မှ (၂၁)အထိ ကြက်သွန်နီ ကုန်ချိန်ပိဿာ (၈)သိန်းခန့်၊ ကားအစီးရေ(၇၀)ခန့် ရန်ကုန်ဘုရင့်နောင်ပွဲရုံနှင့် ပြည်၊ ပုသိမ်မြို့များသို့ စီးဆင်းပြီး ပြည်ပပို့ကုန်အဖြစ် မော်လမြိုင်၊ မြဝတီ ဝယ်လက်များမှတဆင့် ထိုင်း ၊ ဗီယက်နမ် နိုင်ငံ များသို့တင်ပို့ကြောင်း၊ ယခုအချိန်တွင် မိုးကြက်သွန်နီ စိုက်ပျိုးရာသီချိန်ဖြစ်၍ တောင်သူများမှ လှိုင်လှိုင် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရပါသည်။
ဈေးကွက်အနေဖြင့် အောက်တိုဘာလ(တတိယပတ်)တွင် ကြက်သွန်နီကုန်ဝင်ပိဿာလျော့နည်း ၍ အရောင်းအဝယ်ဖြစ်ပြီး ဒေသတွင်းလက်ကျန်နည်းပြီး ပြည်တွင်းစားသုံးမှုအပြင် ပြည်ပဝယ်လိုအား ကောင်းနေသည့်အတွက် ကြက်သွန်နီဈေးနှုန်း ဆက်လက်မြင့်တက်နိုင်ကြောင်း၊ ဒီဇင်ဘာလကုန်ပိုင်း တွင် (မိုး)ကြက်သွန်နီသစ်များ လှိုင်လှိုင်ဈေးကွက်သို့ ဝင်လာမည်ဖြစ်၍ ကြက်သွန်နီဈေးနှုန်းများ ကျဆင်း နိုင်ကြောင်း၊ စိုက်တောင်သူများအနေဖြင့်လည်း ယခင်(၂)နှစ်ဆက်တိုက် လွှင့်ပစ်ရသည်အထိ ကြက်သွန်နီ အရှုံးပေါ်ခဲ့သောကြောင့် ယခုနှစ်တွင် စိုက်ပျိုးမှုဧကများစွာ လျော့နည်းခဲ့၍ ဒေသတွင်း ကြက်သွန်နီ ပိဿာအထွက်လျော့နည်း၍ ဈေးနှုန်းမြင့်တက်လာကြောင်း၊ ယခုလက်ရှိအချိန်တွင် ကြက်သွန်နီဈေး တစ်ပိဿာလျှင် ကျပ်(၁၀၀၀၀)ထိ ဈေးအမြင့်ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း၊ ယခုအခါတွင် နွေကြက်သွန်နီ ကုန်ဆုံးရာသီချိန်နီးပြီး မိုးကြက်သွန်နီ စိုက်ပျိုးချိန်ရောက်၍ တောင်သူများမှ ကိုင်း၊ ယာမြေများတွင် မြေပြုပြင်ပြီး စိုက်ပျိုးလျက်ရှိကြောင်း၊ အောက်တိုဘာလဆန်းမှ နိုဝင်ဘာလလယ်ထိ စိုက်ပျိုးကြပြီး ဈေးကွက်အမီ တောင်သူများမှ အလျင်အမြန်စိုက်ပျိုးလာကြသော်လည်း စိုက်ပျိုးချိန် မိုးရွာသွန်းမှုများ၍ စိုက်ပျိုးမှုကြန့်ကြာနေကြောင်း၊ ဒီဇင်ဘာလကုန်ပိုင်းတွင် ဈေးကွက်သို့ ကြက်သွန်နီ အသစ်များ လှိုင်လှိုင် ဝင်ရောက်လာမည်ဖြစ်ကြောင်း၊ ယခင်နှစ်က မိုးကြက်သွန်နီ စိုက်ဧက (၇၀၀)ခန့်သာ စိုက်ပျိုးပြီး ယခုနှစ်တွင် ကြက်သွန်နီဈေးကောင်းမွန်ခြင်းကြောင့် စိုက်ပျိုးဧက (၁၀၀၀)ခန့်ထိ စိုက်ပျိုးမှု မြင့်တက်လာကြောင်း၊ ရာသီဥတု နှင့် သွင်းအားစုသုံးစွဲမှုအပေါ်မူတည်၍ တစ်ဧကလျှင် ကြက်သွန်နီ ပိဿာ (၃၀၀၀ မှ ၅၀၀၀)ထိ ထွက်နိုင်ကြောင်း၊ မိုးကြက်သွန်နီများ လှိုင်လှိုင်ပေါ်ချိန်တွင် ဈေးနှုန်း ကျဆင်းနိုင်ကြောင်း ဈေးကွက်မှ သိရှိရပါသည်။
DOCA(မကွး)

















