ပြည်တွင်းပဲပုပ်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အိန္ဒိယ၏ပဲပုပ်တင်သွင်းမှု စံချိန်တင်မြင့်တက်
အိန္ဒိယနိုင်ငံ၏ ပဲပုပ်တင်သွင်းမှုသည် ယခင်နှစ်က အလွန်နည်းပါးခဲ့သော်လည်း ပြည်တွင်း ပဲပုပ်ကြိတ်ခွဲထုတ်လုပ်သည့် စက်ရုံများက ပြည်ပမှ ပဲပုပ်ဝယ်ယူတင်သွင်းမှုကို တိုးမြှင့်လုပ်ဆောင် လာသည့်အတွက် ၂၀၂၅-၂၀၂၆ အတွင်း မက်ထရစ်တန်ချိန် ၁၁ သိန်းအထိ စံချိန်တင် မြင့်တက်လာခဲ့ ကြောင်း ထိပ်တန်းကုန်သွယ်ရေး အဖွဲ့အစည်းတစ်ခုက ၂၈-၁၀-၂၀၂၆ ရက်နေ့တွင် ပြောကြားခဲ့သည်။ တောင်အာရှနိုင်ငံသည် ယခင်နှစ်က ပဲပုပ်တန်ချိန် ၂,၀၀၀ ခန့် တင်သွင်းခဲ့ကြောင်း အိန္ဒိယနိုင်ငံ ပဲပုပ်ကြိတ်ခွဲထုတ်လုပ်သူများအသင်း (Soybean Processors Association of India – SOPA) ၏ အချက်အလက်များအရ သိရသည်။
အိန္ဒိယနိုင်ငံသည် မျိုးဗီဇပြုပြင်ထားခြင်းမရှိသော ပဲပုပ် (Non-Genetically Modified Soybeans – Non-GM Soybeans) များကိုသာ တင်သွင်းခွင့်ပြုထားပြီး အာဖရိကနိုင်ငံအချို့ဖြစ် သည့် ဘီနင်၊ နိုင်ဂျာ၊ တိုဂိုနှင့် နိုင်ဂျီးရီးယားတို့မှ အဓိကအားထား တင်သွင်းလျက်ရှိကြောင်း၊ အဆိုပါနိုင်ငံများတွင် မျိုးဗီဇပြုပြင်ထားသော ပဲပုပ်များထက် မျိုးဗီဇပြုပြင်ထားခြင်းမရှိသော ပဲပုပ်များ၏ ဈေးနှုန်းမှာ သိသိသာသာ ပိုမိုမြင့်မားကြောင်းသိရသည်။
စက်တင်ဘာလကုန်အထိ နိုင်ဂျီးရီးယားနိုင်ငံသည် အိန္ဒိယနိုင်ငံသို့ ပဲပုပ်တန်ချိန်ပမာဏ ၄၃၀,၀၀၀ တင်ပို့ခဲ့ပြီး တင်ပို့မှုအများဆုံးနိုင်ငံ ဖြစ်လာခဲ့ကြောင်း ကုန်သည်များ၏ ခန့်မှန်းချက် အရ သိရသည်။ ပဲပုပ်တင်သွင်းမှု ရုတ်တရက်မြင့်တက်လာခြင်းကြောင့် အိန္ဒိယနိုင်ငံ၏ အကောက်ခွန် အာဏာပိုင်များအနေဖြင့် ပင်ရင်းနိုင်ငံထွက်အဖြစ် နိုင်ဂျာနိုင်ငံဟုဖော်ပြတင်သွင်းလာသည့် ပဲပုပ် များကို စုံစမ်းစစ်ဆေးလျက်ရှိရာ ကုန်စည်သယ်ဆောင်လာသည့် သင်္ဘောများသည် အမှန်တကယ် နိုင်ဂျီးရီးယားနိုင်ငံမှ ဟုတ်၊ မဟုတ်နှင့် သွင်းကုန်အခွန်များကို ရှောင်လွှဲနိုင်ရန် ပင်ရင်းနိုင်ငံကို လိမ်လည်ဖော်ပြထားခြင်း ရှိ၊ မရှိကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ ထို့အပြင် SOPA ၏ ထုတ်ပြန်ချက်အရ ၂၀၂၅-၂၀၂၆ အတွင်း အိန္ဒိယနိုင်ငံ၏ ပဲပုပ်ဖတ်တင်ပို့မှု (Soymeal Exports) သည် ယခင်နှစ်ထက် ထက်ဝက်ခန့်ကျဆင်းခဲ့ပြီး တန်ချိန် ၁ သန်းသာ ရှိခဲ့ကြောင်း သိရသည်။
Source: THE HINDU Business Line, 28 October 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

















