ဆန်ကွဲတင်ပို့မှုကို အစိုးရက ပြန်လည်ကန့်သတ်ဖွယ်ရှိသည်ဟု အိန္ဒိယဆန်ကုန်သည်အသင်း ပြောကြား
အီသနောလောင်စာထုတ်လုပ်သူများနှင့် ကြက်မွေးမြူရေး အစားအစာ ထုတ်လုပ်သူများ အပါအဝင် ပြည်တွင်းရှိ ဆန်ကွဲအသုံးပြုသည့် လုပ်ငန်းရှင်များနှင့် ပြည်ပမှဝယ်ယူသူများအကြား ယှဉ်ပြိုင်မှုများ ပိုမိုပြင်းထန်လာချိန်တွင် ပြည်ပတင်ပို့သည့် ၁၀၀ ရာခိုင်နှုန်းပြည့် ဆန်ကွဲတစ်တန် ၏ ဈေးနှုန်းမှာ ၃၆၀ အမေရိကန်ဒေါ်လာကို ကျော်လွန်မြင့်တက်ခဲ့ပြီး အစိုးရအနေဖြင့် ဆန်ကွဲ တင်ပို့မှုကို ပြန်လည်ကန့်သတ်ဖွယ်ရှိသည်ဟု အိန္ဒိယဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်း (IREF) က သတိပေး ပြောကြားထားသည်။
ပြည်တွင်း၌ ကုန်ဈေးနှုန်းများ မြင့်တက်လျက်ရှိမှုနှင့်အတူ ငွေကြေးဖောင်းပွမှုဖိအားများရှိနေခြင်းက အစိုးရအနေဖြင့် ဆန်ကွဲတင်ပို့မှုကို ဝင်ရောက်ထိန်းကျောင်းနိုင်ခြေ ဖြစ်ပေါ်နေစေပြီး အထူးသဖြင့် ၂၀၂၇ ခုနှစ်အတွင်း ပြည်နယ် ၅ ခု၌ လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပရန်ရှိခြင်း ကလည်း အကြောင်းအရင်းတစ်ရပ်ဖြစ်ကြောင်း အဆိုပါ ကုန်သည်အသင်းက ပြောဆိုခဲ့သည်။
အိန္ဒိယ စားသုံးသူရေးရာဌာန၏ အချက်အလက်များအရ အိန္ဒိယနိုင်ငံတစ်ဝန်း၌ ဆန်ကွဲ တစ်ကွင်တယ် (၁၀၀ ကီလိုဂရမ်) ၏ ပျမ်းမျှလက်ကားဈေးနှုန်းသည် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၀ ရက်၌ ၂၈၈၃ ရူပီးနှုန်းရှိရာမှ နိုဝင်ဘာ ၂ ရက်တွင် ၃၀၃၆ ရူပီးနှုန်းသို့ ရောက်ရှိပြီး ၅.၃ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း တွေ့ရှိရသည်။ ဆန်ကွဲအတွက် လက်ကားအရောင်း ဈေးနှုန်းအညွှန်းကိန်း နှစ်အလိုက် နှိုင်းယှဉ်ဖောင်းပွမှုနှုန်းသည် ၂၀၂၆ ခုနှစ် ဩဂုတ်လတွင် ၄.၃၇ ရာခိုင်နှုန်းရှိရာမှ စက်တင်ဘာလ၌ ၅.၃၈ ရာခိုင်နှုန်းသို့ မြင့်တက်လာခြင်းကလည်း ပြည်တွင်း ဈေးနှုန်းဖောင်းပွမှု ဖိအားများရှိနေသည်ကို ညွှန်ပြလျက်ရှိသည်။
နိုင်ငံတကာဈေးကွက်၌ ဆန်ကွဲတစ်တန်၏ဈေးနှုန်းသည် အမေရိကန်ဒေါ်လာ ၃၆၀ ကို ကျော်လွန်မြင့်တက်လာခြင်းက အထူးသတိပြုစရာဖြစ်လာခဲ့ကြောင်း၊ အီသနောလောင်စာထုတ် လုပ်မှု၊ မွေးမြူရေးအစာနှင့် အခြားကုန်ထုတ်လုပ်ငန်းများအတွက် ဆန်ကွဲသည် အရေးပါသော ကုန်ကြမ်းတစ်ခုအဖြစ်သို့ ရောက်ရှိလာကြောင်း၊ ပြည်တွင်းရှိကုန်ထုတ်လုပ်ငန်းများနှင့် ပြည်ပတင် ပို့မှုဈေးကွက်များအကြား ယှဉ်ပြိုင်မှုသည် ကုန်စည်ရရှိရန်လွယ်ကူမှုနှင့် ဈေးနှုန်းများအပေါ် ဖိအား များ ဖြစ်ပေါ်စေလျက်ရှိကြောင်း၊ ယခုလမ်းကြောင်းအတိုင်း ဆက်လက်ဖြစ်တည်နေပါက ဆန်ကွဲ တင်ပို့မှုအပေါ် တားမြစ်ကန့်သတ်ချက် ချမှတ်နိုင်ခြေရှိမှုကို ပစ်ပယ်၍ မရနိုင်ကြောင်းဖြင့် IREF ကုန်သည်အသင်းမှ ညွှန်ကြားရေးမှူးချုပ် Vinod Kaul က ပြောဆိုခဲ့သည်။
အိန္ဒိယနိုင်ငံ၏ အီသနောလောင်စာဆီ ရောစပ်သုံးစွဲမှု အစီအစဉ်သည် ဆန်ကွဲ၊ ပြောင်းနှင့် အိန္ဒိယစားနပ်ရိက္ခာကော်ပိုရေးရှင်း (FCI) က ထောက်ပံ့ပေးလျက်ရှိသော ပိုလျှံဆန်တို့ အပါအဝင် ကောက်ပဲသီးနှံအခြေပြု ကုန်ကြမ်းများအပေါ် ဝယ်လိုအားကို မြင့်မားစေလျက်ရှိသည်။ FCI ၏ ပိုလျှံဆန်များကို အီသနောထုတ်လုပ်မှုလုပ်ငန်း၌ သုံးစွဲရန် အစိုးရက ခွင့်ပြုထားသော်လည်း စီးပွား ဖြစ် ဇီဝလောင်စာဆီ ထုတ်လုပ်သည့် လုပ်ငန်းများသည် ပြင်ပဈေးကွက်မှ ကုန်ကြမ်းများကိုပါ ဝယ်ယူလုပ်ကိုင်လျက်ရှိရာ ကြက်မွေးမြူရေးအစာ ထုတ်လုပ်သူများ၊ ပို့ကုန်လုပ်ငန်းရှင်များနှင့် တိုက်ရိုက် ယှဉ်ပြိုင်မှုရှိသည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။
အကျိုးဆက်အားဖြင့် ဝယ်လိုအားမြင့်မားလာမှုသည် အဆိုပါလုပ်ငန်းများ၌ ဝယ်ယူရေး စရိတ်များ မြင့်တက်လာစေပြီး ဈေးနှုန်းဖောင်းပွမှု ဖိအားများ ပိုမိုကျယ်ပြန့်လာခြင်းကို တွန်းအား ပေးလျက်ရှိကြောင်း IREF က ပြောဆိုထားသည်။
ထိုကဲ့သို့ ဈေးကွက်ဖြစ်ပေါ်မှုသည် အိန္ဒိယ၏ အီသနောရောစပ်သုံးစွဲရန် ရည်မှန်းချက်များ ပြည့်မီရေး၊ ပြည်တွင်းရှိ ကုန်ထုတ်လုပ်ငန်းများအတွက် ဈေးသက်သာစွာ ရရှိနိုင်စေရေးနှင့် ပြည်ပ ပို့ကုန်ဈေးကွက်သို့ ဝင်ရောက်မှုကို ထိန်းသိမ်းနိုင်ရေးတို့အကြား မူဝါဒဆိုင်ရာ အလျော့အတင်း ပြု လုပ်ရန် လိုအပ်လျက်ရှိသည်ကို ညွှန်ပြလျက်ရှိသည်။
အိန္ဒိယအစိုးရသည် ပြည်တွင်းဈေးကွက်ဝယ်လိုအားနှင့် ကုန်စည်ရရှိရန် လွယ်ကူစေမှုတို့ကို အကြောင်းပြုလျက် ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ပြည်ပသို့ ဆန်ကွဲတင်ပို့ခြင်းကို တားမြစ် ပိတ်ပင်သည့် မူဝါဒချမှတ်ခဲ့ပြီး ယင်းသို့တားမြစ်ခြင်းကို ၂၀၂၅ ခုနှစ် မတ်လ ၇ ရက်နေ့အထိ ကျင့်သုံးခဲ့ပြီးမှသာ ပြန်လည်၍ လွတ်လပ်စွာတင်ပို့ခွင့်ပြုခဲ့သည်။ ဤအချက်က အစိုးရအနေဖြင့် ပို့ကုန်လုပ်ငန်းမှ အကျိုးအမြတ်ထက် ပြည်တွင်း၌ထောက်ပံ့ပေးနိုင်မှုကို ပိုမိုဦးစားပေးလျက် ဆန် ကုန်သွယ်မှုတွင် ဝင်ရောက်ထိန်းကျောင်းရန် လိုလားမှုရှိကြောင်း ဖော်ပြလျက်ရှိသည်။
အိန္ဒိယ၏ ဆန်ထောက်ပံ့ပေးသွင်းမှုကဏ္ဍသည် ဆက်လက်၍ ပြည့်စုံလုံလောက်မည့် အခြေ အနေရှိသည်။ ၂၀၂၄-၂၅ ခုနှစ်၌ ဆန်တန်ချိန် ၁၅၀.၁၈ သန်း ထုတ်လုပ်ခဲ့ရာမှ ၂၀၂၅-၂၆ ခုနှစ်တွင် တန်ချိန် ၁၅၄.၀၂ သန်းအထိ တိုးတက်ထွက်ရှိမည်ဟု ခန့်မှန်းရသည်။ ထို့အပြင် ၎င်းဘဏ္ဍာနှစ်၌ ဆန်တန်ချိန် ၂၁.၅၇ သန်းကို ပြည်ပသို့တင်ပို့ပြီး ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သူအဖြစ်ရပ်တည်မှုကို ထိန်းသိမ်းထားခဲ့သည်။
သို့ရာတွင် အဆိုပါ ဆန်ထုတ်လုပ်မှု စုစုပေါင်းပမာဏသည် ဆန်အဆင့်အတန်းအမျိုးအစားအလိုက် ကုန်စည်ရရှိနိုင်မှုကို အပြည့်အဝ ထင်ဟပ်မှုမရှိပဲ ဆန်ကွဲဈေးကွက်သည် ပြည်တွင်းနှင့် ပြည်ပမှ သုံးစွဲသူများ၏ ယှဉ်ပြိုင်မှုများကို တွေ့ကြုံနေရပြီး ရောင်းလိုအားနှင့် ဝယ်လိုအား သီးသန့် ပြောင်းလဲ ဖြစ်တည်လျက်ရှိသည်။ အကယ်၍ ကုန်ထုတ်လုပ်ငန်းများမှ ဆန်ကွဲဝယ်လိုအား ဆက်လက်မြင့်မားလာပါက ဆန်လုပ်ငန်းကဏ္ဍတစ်ရပ်လုံး အားကောင်းခိုင်မာနေသည့်တိုင် ယခုကဲ့သို့ ကွဲပြားခြားနားနေမှုသည် သီးခြားအရေးပါမှုရှိလာမည်ဖြစ်သည်။
ဆန်ကွဲတင်ပို့မှု ပြန်လည်ပိတ်ပင်ခံရနိုင်မည့် အလားအလာသည် ဥတ္တာပရာဒေ့ရှ်၊ ပန်ဂျပ်၊ ဥတ္တရခန်၊ ဂိုအာနှင့် မဏိပူရ် ပြည်နယ်များ၌ ၂၀၂၇ ခုနှစ်အတွင်း လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပရန်ရှိနေမှုနှင့်အတူ နိုင်ငံရေးရှုထောင့်အရ စဉ်းစားသုံးသပ်ခြင်း၏ လွှမ်းမိုးမှုကိုလည်း ခံရနိုင် သည်။ အထွေထွေရွေးကောက်ပွဲများ မတိုင်မီကာလများတွင် စားနပ်ရိက္ခာနှင့် လယ်ယာထွက်ကုန် ဈေးနှုန်းများ ကြီးမြင့်မှုသည် နိုင်ငံရေးအရ ထိရှလွယ်သည့် ကိစ္စရပ်ဖြစ်လာနိုင်ပြီး ပြည်တွင်း ကုန်စည် လွယ်ကူစွာ ရရှိနိုင်ရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေးတို့အပေါ် အစိုးရ၏ အာရုံစိုက်မှုကို ပိုမို တိုးပွားလာစေနိုင်သည်။
ပြည်တွင်းဈေးနှုန်းတည်ငြိမ်ရေးနှင့် အီသနောလောင်စာထုတ်လုပ်မှု လုပ်ငန်းများအတွက် ကုန်ကြမ်း လုံလောက်စွာ ရရှိစေရေးတို့သည် အရေးကြီးသော မူဝါဒရေးရာ စဉ်းစားချက်များဖြစ်ကြောင်း၊ အဓိက ပြည်နယ်များ၌ ရွေးကောက်ပွဲများကျင်းပရန် နီးကပ်လာမှုနှင့်အတူ ဈေးနှုန်း ဖောင်းပွမှုအပေါ် အထိအခိုက် မခံလိုခြင်းသည် မြင့်တက်လာနိုင်ကြောင်း၊ လက်ရှိအချိန်တွင် ပို့ကုန်ကန့်သတ်ချက်အသစ် ထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း အဆိုပါအချက်များက အစိုးရ၏ ဝင်ရောက်ကိုင်တွယ်မှု ဖြစ်ပေါ်လာနိုင်ခြေကို မြင့်မားစေလျက်ရှိကြောင်း Mr. Kaul က ပြောဆိုခဲ့သည်။
ဤအခြေအနေကို အကြောင်းပြုလျက် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ကြိုတင်အရောင်း စာချုပ်များချုပ်ဆိုခြင်းကို သတိကြီးစွာထားရှိဆောင်ရွက်ရန်၊ ပြည်တွင်းဈေးနှုန်းပြောင်းလဲမှုများ၊ ဆန်စက်များမှ ဈေးကွက်အတွင်းသို့ ကုန်စည်ဝင်ရောက်မှုများနှင့် အီသနောထုတ်လုပ်မှုကဏ္ဍမှ ဝယ်လိုအားအခြေအနေများကို အနီးကပ်စောင့်ကြည့်သတိပြုရန် IREF ကုန်သည်အသင်းက အကြံပြု ထားသည်။ ထို့အပြင် ကန့်သတ်ချက်အသစ်များ ချမှတ်ရန်ရှိပါက ဆန်လုပ်ငန်းနယ်ပယ်၌ လုပ်ကိုင် ဆောင်ရွက်နေသူများနှင့် ဦးစွာဆွေးနွေးတိုင်ပင်ရန်နှင့် လုပ်ငန်းဆောင်ရွက်ဆဲ စာချုပ်များ၊ တင်ပို့ရန် ကတိကဝတ်များအပေါ် ထိခိုက်မှုမဖြစ်စေရေး လုံလောက်သော ကူးပြောင်းချိန်ကာလ ခွင့်ပြုပေးရန် အစိုးရသို့ တိုက်တွန်းထားသည်။
မည်သည့်ပြန်လည်ကန့်သတ်ချက် မူဝါဒမဆို လယ်သမားများ၊ ဆန်စက်လုပ်ငန်းများနှင့် တင်ပို့သူများ၏ အကျိုးဖြစ်ထွန်းမှုနှင့် ပြည်တွင်းဈေးကွက်လိုအပ်ချက်တို့ကို ဟန်ချက်ညီမျှစေရမည်ဖြစ်ကြောင်း၊ တည်ရှိဆဲ အရောင်းအဝယ်ကတိကဝတ်များကို ကာကွယ်ပေးခြင်းနှင့် ခန့်မှန်းရ လွယ်ကူသော မူဝါဒများချမှတ်ခြင်းတို့သည် ကမ္ဘာ့ဆန်ကုန်သွယ်မှုတွင် အားထားရသည့်နိုင်ငံ တစ်ခုအဖြစ် အိန္ဒိယ၏ ဂုဏ်သတင်းကို ထိန်းသိမ်းထားနိုင်ရေးအတွက် အရေးပါကြောင်း IREF အသင်း၏ ညွှန်ကြားရေးမှူးချုပ် Vinod Kaul က ပြောကြားခဲ့သည်။
Source: The Hindu Business Line, November 03, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

















