ရောင်းလိုအားလျော့ကျမှုကြောင့် အိန္ဒိယတွင် တစ်လအတွင်း သကြားဈေးနှုန်း တစ်ကီလိုဂရမ်လျှင် ၄ ရူပီးကျော် မြင့်တက်လာ
အိန္ဒိယအစိုးရအနေဖြင့် ပွဲတော်ရာသီအတွင်း သကြားရောင်းလိုအား လျော့ကျခြင်းကို ဖြေလျှော့ရန် ဆောင်ရွက်လျက်ရှိသော်လည်း ပြီးခဲ့သည့်တစ်လအတွင်း လက်လီဈေးကွက်နှင့် လက်ကား ဈေးကွက်များရှိ သကြားဈေးနှုန်းသည် တစ်ကီလိုဂရမ်လျှင် ၄ ရူပီးကျော် မြင့်တက်လျက်ရှိကြောင်း သိရသည်။
နေ့စဉ်ပျမ်းမျှလက်လီဈေးနှုန်းမှာ သကြားတစ်ကီလိုဂရမ်လျှင် ၅၉.၅၀ ရူပီးဖြစ်ပြီး လက်ကား ဈေးနှုန်းမှာ တစ်ကီလိုဂရမ်လျှင် ၅၅.၄၀ ရူပီး ရှိကြောင်း စားသုံးသူရေးရာဝန်ကြီးဌာန၏ အချက် အလက်များတွင် ဖော်ပြထားသည်။
ယမန်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက သကြားဈေးနှုန်းသည် တစ်ကီလိုဂရမ်လျှင် ၁၂ ရူပီးမှ ၁၃ ရူပီးအထိ မြင့်တက်လာခဲ့ကြောင်း၊ သကြားလက်လီဈေးနှုန်းသည် ယခင်နှစ်၌ တစ်ကီလိုဂရမ် လျှင် ၄၆.၅၀ ရူပီးဖြစ်ခဲ့ပြီး လက်ကားဈေးနှုန်းသည် ၄၃.၂၃ ရူပီးသာ ရှိခဲ့ကြောင်း သိရသည်။ ယခင်နှစ်ကာလတူ၌ သကြားတစ်ကီလိုဂရမ်လျှင် ၅၀ ရူပီးသာ ရှိခဲ့သော်လည်း နိုဝင်ဘာလ ၃ ရက်နေ့တွင် ကော်လ်ကတ္တားမြို့၌ သကြားလက်လီဈေးနှုန်းသည် အမြင့်ဆုံး စံချိန်တင် ဈေးနှုန်းဖြင့် တစ်ကီလိုဂရမ်လျှင် ၆၅ ရူပီးအထိ ရှိခဲ့ကြောင်း၊ ဒေလီမြို့တွင် ယခင်နှစ်၌ ၄၆ ရူပီး ရှိခဲ့ပြီး ယခု နှစ်တွင် တစ်ကီလိုဂရမ်လျှင် ၆၄ ရူပီးနှင့် မွမ်ဘိုင်းမြို့တွင် ယခင်နှစ်၌ ၄၅ ရူပီး ရှိခဲ့ပြီး ယခုနှစ်တွင် တစ်ကီလိုဂရမ်လျှင် ၆၁ ရူပီး စသည်ဖြင့် အသီးသီးရှိခဲ့ကြောင်း သိရသည်။
သကြားဈေးနှုန်းများ မြင့်တက်ရခြင်း၏ အဓိကအကြောင်းရင်းမှာ ၂၀၂၅-၂၀၂၆ သကြား ထုတ်လုပ်မှုရာသီတွင် ယခင်ခန့်မှန်းထားသည့် ပမာဏထက် ထုတ်လုပ်မှုလျော့နည်းခဲ့ခြင်းကြောင့် ဖြစ်ကြောင်း၊ ထို့အပြင် ပွဲတော်ကာလအတွင်း ဝယ်လိုအားမြင့်တက်ခြင်း၊ သီးနှံများပျက်စီးဆုံးရှုံး ခြင်း၊ ကမ္ဘာ့ဈေးကွက်တွင် သကြားရောင်းလိုအား ပိုမိုကျဆင်းလာခြင်းနှင့် သကြားသိုလှောင်ဈေး ကစားခြင်းတို့ကြောင့် ဖြစ်ကြောင်းသိရသည်။
အိန္ဒိယအစိုးရအနေဖြင့် သကြားသိုလှောင်ထားရှိမှု၊ တင်သွင်းမှုတို့အား ကန့်သတ်ခြင်း၊ ဈေးကွက်အခြေအနေများကို ပိုမိုနီးကပ်စွာ စောင့်ကြည့်ထိန်းကျောင်းခြင်းနှင့် ကြံကြိတ်ခွဲထုတ် လုပ်မှုကို ယခင်ထက် စောစီးစွာဆောင်ရွက်ခြင်းစသည့် တုံ့ပြန်မှုများဆောင်ရွက်ထားကြောင်း သိရသည်။
၂၀၂၆-၂၀၂၇ သကြားထုတ်လုပ်မှုရာသီ (အောက်တိုဘာလမှ စက်တင်ဘာလအထိ) ပထမ လအတွင်း အိန္ဒိယနိုင်ငံသည် သကြားတန်ချိန် ၈.၄၅ သိန်း ထုတ်လုပ်နိုင်ခဲ့ကြောင်း National Federation of Cooperative Sugar Factories Ltd (NFCSF) က တနင်္လာနေ့တွင် ထုတ်ပြန်ခဲ့သည်။
အောက်တိုဘာလ ၈ ရက်နေ့တွင် သကြားကြိတ်ခွဲထုတ်လုပ်မှုရာသီ စတင်ခဲ့ပြီး အောက်တိုဘာလ ၃၀ ရက်နေ့အထိ သကြား စက်ရုံ ၁၅၂ ရုံမှ သကြားများ ထုတ်လုပ်နိုင်ခဲ့ခြင်းကြောင့် လက်ရှိ ပွဲတော်ကာလအတွင်း ပြည်တွင်းသကြားရောင်းလိုအားတိုးမြှင့်အောင် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
Source : The Hindu Businessline, November 04, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

















