အိန္ဒိယနိုင်ငံ၌ သဘာဝရော်ဘာဈေးနှုန်း တစ်ကီလိုဂရမ်လျှင် ရူပီး ၃၀၀ အထိ စံချိန်တင်မြင့်တက်
နိုင်ငံတကာစျေးကွက်တွင် ရော်ဘာစျေးနှုန်းမြင့်တက်ခြင်း၊ ပြည်တွင်းရှိ သဘာဝရော်ဘာ ကုန်ပစ္စည်း ရောင်းလိုအားပြတ်လပ်ခြင်း၊ အနောက်အာရှဒေသအတွင်း ပထဝီဝင် နိုင်ငံရေးတင်းမာ မှုများနှင့် ဓာတုနည်းဖြင့် ပြုလုပ်ထားသော (synthetic rubber) ရော်ဘာစျေးနှုန်းများ သိသိသာသာ မြင့်တက်လာခြင်းတို့ကြောင့် အိန္ဒိယနိုင်ငံ၌ သဘာဝရော်ဘာစျေးနှုန်းများသည် တစ်ကီလိုဂရမ်လျှင် ရူပီး ၃၀၀ အထိ ပထမဆုံးအကြိမ် စံချိန်တင် မြင့်တက်လာခဲ့သည်။
ရော်ဘာထုတ်လုပ်မှုရာသီစတင်ချိန်တွင် ယခုကဲ့သို့ စျေးနှုန်းများမြင့်တက်လာခြင်းသည် ရော်ဘာစိုက်ပျိုးသူများအတွက် အထောက်အပံ့ဖြစ်စေပြီး အထူးသဖြင့် ယခင်က အစေးမခြစ်ဘဲ ထားသော ရော်ဘာပင်များတွင် ရော်ဘာအစေးခြစ်လုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရန် တွန်းအား ဖြစ်စေကြောင်း ကုန်သည်များထံမှ သိရှိရသည်။
အိန္ဒိယနိုင်ငံ ရော်ဘာကုန်သည်များအဖွဲ့ချုပ် ဥက္ကဌ George Valy ၏ ပြောြကားချက်အရ ယခင်ကာလများတွင် ရော်ဘာစျေးနှုန်းသည် တစ်ကီလိုဂရမ်လျှင် ရူပီး ၁၄၇ မှ ၁၉၇ အတွင်း ရှိခဲ့ပြီး စျေးနှုန်းများ အချိန်ကာလကြာမြင့်စွာ ကျဆင်းခဲ့ခြင်းကြောင့် ရော်ဘာစိုက်ပျိုးသူများအနေဖြင့် ရော်ဘာအစေးခြစ်လုပ်ငန်းလုပ်ကိုင်ရန် စိတ်အားထက်သန်မှု လျော့နည်းခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ရော်ဘာစျေးနှုန်းများ သိသိသာသာ မြင့်တက်လာခြင်းကြောင့် ဝင်ငွေရရှိမှုကို တိုးတက် စေမည့်အပြင် ရော်ဘာထုတ်လုပ်မှုကိုလည်းမြှင့်တင်ပေးနိုင်မည်ဟု မျှော်မှန်းထားကြောင်း သိရှိရသည်။
သို့သော်လည်း ရော်ဘာပြား (sheet rubber) ထုတ်လုပ်မှုမှ ရော်ဘာစေး (latex) ထုတ်လုပ်မှုသို့ တစ်ဖြည်းဖြည်းပြောင်းလဲလာခြင်းသည် ရေရှည်တွင် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ သဘာဝရော်ဘာ ဝယ်လိုအားမြင့်မားလာသော်လည်း ရာသီဥတု အပြောင်းအလဲများကြောင့် ထုတ်လုပ်မှုအပေါ် အကျိုးသက်ရောက်မှုများ ရှိလာမည်ဖြစ်ကြောင်း သိရှိရသည်။ ပြည်တွင်းရော်ဘာစျေးနှုန်းများနှင့် နိုင်ငံတကာရော်ဘာစျေးနှုန်းများအကြား ကွာဟ ချက်သည် စိုးရိမ်ဖွယ်ရာ အခြေအနေတစ်ရပ် ဖြစ်လာနိုင်ကြောင်း George Valy က ပြောကြားခဲ့သည်။
ရော်ဘာဘုတ် (Rubber Board) အဖွဲ့၏ စျေးကွက်မြှင့်တင်ရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး Binoy Kurian က ပြည်တွင်းနှင့်နိုင်ငံတကာ အကြောင်းကိစ္စရပ်များကြောင့် ရော်ဘာစျေးနှုန်း များ မြင့်တက်ရခြင်းဖြစ်ကြောင်း ယူဆထားသည်။
ပြည်တွင်းအခြေအနေအရ အယ်လ်နီညိုရာသီဥတုဖြစ်စဥ်၏ အကျိုးသက်ရောက်မှုကြောင့် ရော်ဘာအဓိကစိုက်ပျိုးသည့် တောင်ပိုင်းဒေသများတွင် ကုန်ကြမ်းရရှိမှု အကန့်အသတ်များ ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။ လက်ရှိဘဏ္ဍာနှစ်၏ ဒုတိယသုံးလပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် ရော်ဘာအစေးထုတ်လုပ်ခြင်းလုပ်ငန်းများအား အခက်အခဲဖြစ်စေခဲ့ပြီး ရော်ဘာ ရောင်းလိုအားအပေါ် သက်ရောက်မှုရှိလာသောကြောင့် ရော်ဘာစျေးနှုန်းများ မြင့်တက်လာခြင်းဖြစ်ကြောင်း Binoy Kurian က ပြောကြားခဲ့သည်။
အနောက်အာရှဒေသအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများသည်လည်း လက်ရှိရော်ဘာ စျေးနှုန်းများမြင့်တက်လာမှုအပေါ် သိသိသာသာ သက်ရောက်မှုရှိခဲ့ပါသည်။ ပထဝီဝင်နိုင်ငံရေး တင်းမာမှုများအကြား Brent ရေနံစိမ်းစျေးနှုန်းများ မြင့်တက်လာခဲ့ပြီး ဓာတုရော်ဘာ (synthetic rubber) စျေးနှုန်းများလည်း မြင့်တက်လာခဲ့သည်။ ၎င်းအပြင် သဘာဝရော်ဘာစျေးနှုန်းများ မြင့်တက်လာခြင်းကိုလည်း အထောက်အကူပြုနိုင်ကြောင်း သိရှိရသည်။
ထို့အပြင် ရော်ဘာအဓိကထုတ်လုပ်သော နိုင်ငံများဖြစ်သည့် အရှေ့တောင်အာရှနိုင်ငံများတွင် သဘာဝရော်ဘာထုတ်လုပ်မှု ကျဆင်းလာကြောင်း ဖော်ပြထားပြီး နိုင်ငံတကာစျေးကွက်တွင် စျေးနှုန်းများမြင့်တက်စေရန် ဖိအားဖြစ်စေခဲ့ကြောင်း သိရသည်။ ရော်ဘာထုတ်လုပ်မှု အများဆုံး ရာသီအတွင်း ရာသီဥတုအခြေအနေ မတည်ငြိမ်ခြင်းနှင့် မိုးခေါင်ခြောက်သွေ့သည့် ကာလများ ကြာရှည်ခြင်းတို့ကြောင့် ကမ္ဘာ့စျေးကွက်တွင် ရော်ဘာကုန်ကြမ်းရရှိနိုင်မှုမှာ မျှော်မှန်းထားသည်ထက် လျော့နည်းခဲ့ကြောင်း သိရှိရသည်။
လက်ရှိရော်ဘာစျေးနှုန်းများကြောင့် ရော်ဘာစိုက်ပျိုးသူများသည် ရော်ဘာအစေးခြစ် လုပ်ငန်းများကို ပြန်လည်လုပ်ကိုင်လာနိုင်ပြီး ဝင်ငွေများတိုးပွားလာကာ အကျိုးအမြတ်များ ရရှိလာမည်ဖြစ်ကြောင်း Kurian က ပြောကြားခဲ့သည်။ အိန္ဒိယနိုင်ငံ၏ ရော်ဘာစျေးနှုန်းများသည် နိုင်ငံတကာစျေးကွက်တွင် ပေါက်စျေးထက်မြင့်မားနေပြီး ရော်ဘာအဓိကသုံးစွဲသည့် စက်မှုလုပ်ငန်းများ၏ ဝယ်လိုအားခိုင်မာမှု၊ ပြည်တွင်းရောင်းလိုအား တင်းကြပ်မှုနှင့် နိုင်ငံတကာစျေးကွက်တွင် စျေးနှုန်းတည်ငြိမ်မှုတို့က အထောက်အကူပြုနိုင်ကြောင်း သိရှိရသည်။
သဘာဝရော်ဘာထုတ်လုပ်သည့်နိုင်ငံများအသင်း (ANRPC) ၏ ခန့်မှန်းချက်အရ ၂၀၂၆ ခုနှစ် တွင် ကမ္ဘာ့သဘာဝရော်ဘာထုတ်လုပ်မှုပမာဏသည် တန်ချိန် ၁၅.၀၃၉ သန်းရှိမည်ဖြစ်ပြီး သုံးစွဲမှု ပမာဏသည် တန်ချိန် ၁၅.၃၅၆ သန်း ရှိမည်ဟု ခန့်မှန်းထားသည်။ ထို့ကြောင့် ကမ္ဘာ့စျေးကွက်တွင် သဘာဝရော်ဘာ ရောင်းလိုအားလိုငွေ (supply deficit) ဖြစ်ပေါ်လာနိုင်ကြောင်း ANRPC က ဖော်ပြထားသည်။
Source: The Hindu Business Line, November 03, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

















