ဗီယက်နမ်နိုင်ငံတွင် ပြည်ပမှတင်သွင်းသောသီးနှံများ ဈေးနှုန်းကျဆင်းလျက်ရှိ

      ဗီယက်နမ်နိုင်ငံတွင် တင်သွင်းထားသော သစ်သီးးဝလံဈေးနှုန်းများ ကျဆင်းလျက်ရှိပြီး အကြောင်းရင်းမှာ ရောင်းလိုအား တက်လာခြင်းနှင့် ကုန်သွယ်မှု စီးဆင်းမှုပြောင်းလဲလာခြင်းတို့ သည် ပြည်တွင်းထွက်သစ်သီးဝလံများအပေါ် ယှဉ်ပြိုင်မှု မြင့်မားလာစေခြင်းကြောင့် ဖြစ်ကြောင်း၊ မြို့တော်ဟိုချီမင်းတွင် အစေ့မပါသောစပျစ်သီးမျိုးဖြစ်သည့် Shine Muscat (ရှိုင်းမတ်စကတ်) စပျစ်သီးများကို လွန်ခဲ့သည့် ၃နှစ်နှင့် ၄ နှစ်ဝန်းကျင်ခန့်တွင် ၁ ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင်း ၁၃၀,၀၀၀-၁၄၀,၀၀၀ (၄.၉၃ USD မှ ၅.၃၁ USD )ဖြင့် ရောင်းချခဲ့ပြီး လက်ရှိတွင် ၁ ကီလိုဂရမ်ကို ဗီယက်နမ်ဒေါင်း ၆၄,၀၀၀ (၂.၄၃ USD) ဖြင့်သာ အရောင်းအဝယ် ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။ 

      တရုတ်တည်သီးဈေးနှုန်းမှာ ၁ ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင်း ၃၅,၀၀၀ (၁.၃၃ USD) ခန့်ရှိကြောင်း၊ ပြည်ပမှတင်သွင်းသည့်လိမ္မော်သီးများမှာ ၁ ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင်း ၄၀, ၀၀၀ (၁.၅၂ USD) ဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိပြီး ပြည်တွင်းထွက်လိမ္မော်သီးများမှာမူ ၁ ကီလို ဂရမ်လျှင် ဒေါင်း ၈၀,၀၀၀ မှ ၉၀,၀၀၀ (USD 3.04 – 3.42)ခန့် ရှိကြောင်း၊ လက်လီလုပ်ငန်းရှင်များ၏ အစီရင်ခံတင်ပြချက်အရ ကီဝီသီး၊ ပန်းသီးနှင့် စပျစ်သီး ဈေးနှုန်းများမှာ သီးနှံရရှိနိုင်မှုများပြားလာ၍ တစ်နှစ်ထက်တစ်နှစ် ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ပါကြောင်း၊ တရုတ်နိုင်ငံသား ရောင်းဝယ်သူများအနေဖြင့် ဗီယက်နမ်နိုင်ငံသို့ စပျစ်သီးများ တင်ပို့မှုမှာ နယ်စပ်ဖြတ်ကျော် ချိန် ၄၈ နာရီသာကြာရှိ၍ ပို့ဆောင်ချိန်တိုတောင်းမှုမှ အကျိုးအမြတ်များ ရရှိကြောင်း သိရှိရသည်။ 

     အကောက်အခွန်ဆိုင်ရာ အချက်အလက်များအရ ဗီယက်နမ်နိုင်ငံ၏ သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်တင်သွင်းမှုမှာ ၂၀၂၆ ခုနှစ် ပထမ ၁၀ လတွင် ၂၈.၃ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပြီး ပို့ကုန်မှာ ၁၇.၂ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပါကြောင်း၊ ရိတ်သိမ်းထုတ်လုပ်မှုပမာဏ တိုးတက်လာခြင်း၊ သမားရိုးကျ ပို့ကုန်ဈေးကွက်များတွင် ဝယ်လိုအားနည်းပါးသွားခြင်းနှင့် လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်အရ အခွန်နှုန်းထားများလျှော့ချခြင်းတို့ကြောင့် တင်သွင်းကုန်ဈေးနှုန်းများ ကျဆင်းသွားခြင်း ဖြစ်သည်ဟု အသင်းအဖွဲ့ကိုယ်စားလှယ်များက ပြောကြားခဲ့ကြောင်း၊ သို့သော် လည်း တရားမဝင် ဈေးများနှင့် လမ်းဘေးဈေးဆိုင်များရှိ အရည်အသွေး ထိန်းချုပ်မှုနှင့် မူလအရင်း အမြစ် စိစစ်ဖော်ထုတ်နိုင်မှုတို့အပေါ် စိုးရိမ်ပူပန်မှုများ ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

 Source: Fresh Plaza, November 04, 2026(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)