Main menu

ပျူမြို့ဟောင်းရဲ့ ဆောင်သီးနှံ ဟင်းသီးဟင်းရွက်စျေးကွက်

Powered by Drupal

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၏ သရေခေတ္တရာပျူမြို့ဟောင်းနယ်မြေ မှော်ဇာကျေးရွာအုပ်စုတွင် ကျေးရွာခွဲ(၁၅)ရွာရှိပြီး စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပါသည်။ မိုးရာသီတွင်မိုးစပါးကို အဓိကထားစိုက်ပျိုးပြီး ဖူးစားပြောင်း၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးကြပါသည်။ ဆောင်းရာသီတွင် ဟင်းသီးဟင်းရွက်ကို အများဆုံး စိုက်ပျိုးကြကာ မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ပြောင်းဖူးများကိုလည်း စိုက်ပျိုးကြပါသည်။

          မှော်ဇာကျေးရွာအုပ်စုတွင် ဆောင်သီးနှံစိုက်ဧက ၁၀၉၁ ရှိသည့်အနက် ဟင်းသီးဟင်းရွက် စိုက်ဧကမှာ ၄၈၉ဧက ရှိပြီး တောင်လုံးညိုကျေးရွာ၊ ကုလားကန်ကျေးရွာ၊ ကြို့ပင်ကျေးရွာ၊ ဆင်ဖြူကုန်းကျေးရွာနှင့် ရွှေကြို့ပင်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ အိမ်ခြံမြေများတွင် သက်တမ်းတိုသီးနှံများဖြစ်သည့် မုန်လာဥ၊ကြက်သွန်နီ၊ ဘူး၊ သခွား၊နံနံပင်နှင့် ပြောင်းဖူးတို့ အများဆုံးစိုက်ပျိုးကြပါသည်။ ဆောင်းသီးနှံဟင်းသီးဟင်းရွက်ကို နှစ်စဉ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ခူးဆွတ်ပါသည်။ ထွက်ရှိလာသည့် ဟင်းသီးဟင်းရွက်များကို အခင်းဖြတ်စနစ်ဖြင့်လည်းကောင်း၊ ကုန်စိမ်းဒိုင်များသို့အရောက်ပို့စနစ်ဖြင့်လည်းကောင်း၊ ကြားပွဲစားများသို့လည်းကောင်း ရောင်းချကြပါသည်။

          ရာသီသီးနှံများစိုက်ပျိုးရာတွင် တစ်ဧကလျှင် ကျပ် ၅သိန်းမှ ၈သိန်းကြား ကုန်ကျစရိတ်ရှိပြီး ယခုနှစ်တွင် ရာသီဥတုကောင်းပြီး အထွက်နှုန်းများ၍ သီးနှံများစျေးကောင်းရသည့် နှစ်များတွင် တောင်သူများအနေဖြင့် တစ်ဧကလျှင် ၁၀သိန်းမှ ၁၅သိန်းအထိ အကျိုးအမြတ်ရရှိနိုင်ကြောင်း သိရပါသည်။ပုံမှန်အားဖြင့် တောင်သူများ၏ တစ်ဧကအကျိုးအမြတ်မှာ ကျပ်၈သိန်းမှ ၉သိန်းခန့် ရှိသော်လည်း ရာသီဉတုမမှန်ခြင်း သီးနှံဈေးကောင်းမရရှိသည့်နှစ်များတွင်မူ တောင်သူများအရှုံးပေါ်တတ်ကြောင်း သိရှိရပါသည်။ မှော်ဇာကျေးရွာအုပ်စုတွင် ကုန်စိမ်းဒိုင် (၅)ဒိုင်ခန့်ရှိပြီး တောင်သူများသို့ မျိုး၊ စိုက်စရိတ်  အချို့တဝက်ပေး သီးနှံယူစနစ်ဖြင့်လည်းကောင်း၊ အခင်းဖြတ်စနစ်ဖြင့်လည်းကောင်း၊ ကြားပွဲစားများထံမှလည်းကောင်း၊ သီးနှံအရည်အသွေးပေါ်မူတည်၍ သတ်မှတ်စျေးနှုန်းများဖြင့် ဝယ်ယူကြပြီး ရန်ကုန်မြို့ရှိ သီရိမင်္ဂလာစျေးနှင့် ဒညင်းကုန်းစျေးများသို့ တင်ပို့ရောင်းချကြပါသည်။ ကုန်စိမ်းဒိုင်များအနေဖြင့် တစ်လလျှင် ပျမ်းမျှ ကျပ် ၃သိန်းမှ ၅သိန်းဝန်းကျင်အထိ အကျိုးအမြတ်ရရှိကြောင်းသိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပဲခူးတိုင်းဒေသကြီး