Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကျိုက်မရောမြို့နယ်တွင် သနပ်ခါးအမည်ခံအလှကုန်များအား စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

            မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာန တို့ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကျိုက်မရောမြို့နယ်တွင် ဈေးကွက်အတွင်းရှိ ပြည်တွင်းပြည်ပမှ တင်သွင်းလာသော သနပ်ခါးအမည်ခံ အလှကုန်များအား မြန်မာဘာသာဖြင့် ပူးတွဲဖော်ပြရာ၌ စားသုံးသူ ကာကွယ်ရေးဥပဒေပြဌာန်းချက်နှင့် ကိုက်ညီမှု ရှိ/မရှိ ၂၂.၈.၂၀၂၀ ရက်နေ့က ကျိုက်မရောမြို့မဈေးကြီးနှင့် ရပ်ကွက်အတွင်းရှိ စတိုးဆိုင်များ၊ အလှကုန်ဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာ၌ ပြည်တွင်းပြည်ပမှ တင်သွင်းလာသည့် သနပ်ခါးအမည်ခံ အလှကုန်ပစ္စည်းများ၌ ၁၀ ဂရမ်အထက် အလှကုန်များအား မြန်မာဘာသာဖြင့် ဖော်ပြရာ၌ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိ ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခြင်းဖြစ်ပြီး အလှကုန်များမှာ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှုမရှိသော သနပ်ခါးအမည်ခံအလှကုန်များ မတွေ့ရှိကြောင်း သိရှိရပြီး မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်မပါရှိသော အလှကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် ဆေးဝါးများ၊ Mask နှင့် Hand Gel များ စျေးနှုန်းမြှင့် ရောင်းချမှုရှိ/မရှိကွင်းဆင်းစိစစ်

         ၂၀၂၀ ပြည့်နှစ် သြဂုတ် ၂၇ ရက်နေ့ တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် တိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ တိုင်းဒေသကြီး ဥပဒေချုပ်ရုံး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိဆေးဆိုင်များသို့ သွားရောက်၍ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို အများပြည်သူများထံ စျေးနှုန်းမြှင့်တင်ရောင်းချနေမှုရှိ/မရှိ ကွင်းဆင်းစိစစ်ဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းစိစစ်ရေးအဖွဲ့သည် ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များတွင် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ Mask နှင့်  Hand Gel များ စျေးကွက်အတွင်း စျေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ စျေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် စျေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းတို့ ရှိ/မရှိစိစစ်ခဲ့ပါသည်။ ဆေးဆိုင်များအနက်အချို့ သောဆေးဆိုင်များတွင် Mask နှင့်  Hand Gel ပြတ်လပ်နေပြီး အချို့ဆိုင်များတွင် သင့်တင့်မျှတ သောစျေးနှုန်းဖြင့် ရောင်းချနေကြောင်း စိစစ်တွေ့ရှိရပါသည်။ ဆိုင်ရှင်များအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်(၂၁/၂၀၂၀)နှင့်အညီ လိုက်နာ ကြရန်နှင့် ဖောက်ဖျက်ကျူးလွန်ခြင်းရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ   ပုဒ်မ ၅ အရ အရေးယူခံရမည်ဖြစ်ကြောင်းတို့ကို အသိပေးရှင်းလင်းခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ ကြောင်းသိရသည်။

တနင်္သာရီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

ထားဝယ်မြို့ပေါ်ရှိ စားသောက်ကုန်နှင့် သနပ်ခါးအမည်ခံအလှကုန်များအား ကွင်းဆင်းစစ်ဆေး

    တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် ၂၀၂၀ ပြည့်နှစ် သြဂုတ် ၂၅ ရက်နေ့တွင် တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးတို့နှင့် ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များ၊ Shopping Center များတွင် စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

     ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်စုံဆိုင်များ၊ Shopping Center များ၌ စားသောက်ကုန်များတွင် အမှတ်တံဆိပ်များအား ကုန်အညွှန်းအမှတ်အသားပြဌာန်းချက်များ နှင့်ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ပါသည်။ ထို့နောက် သနပ်ခါးအမည်ခံအလှကုန်ပစ္စည်းများ၌ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကော်မရှင်က ထုတ်ပြန်ထားသော အမိန့်ကြေငြာစာအမှတ် (၂/၂၀၁၉) ညွှန်ကြားချက်နှင့်အညီ ကုန်အညွှန်းအမှတ်အသားများတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းတို့ပါဝင်ခြင်း ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသတင်းရရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

မုံရွာမြို့ပေါ်ရှိ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

           အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေဖြင့် သတ်မှတ်ထုတ်ပြန်ထားသည့် Covid -19 ရောဂါကာကွယ်ရေးပစ္စည်းများ၊ ဆေးဝါးများ၊ စားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး ဆွေးနွေးပွဲကို စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးရုံးတွင် သြဂုတ်လ ၂၅ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ  မုံရွာကုန်စည်ဒိုင် ဥက္ကဌနှင့် အဖွဲ့၊ တိုင်းဒေသကြီးရေသန့်အသင်းဥက္ကဌနှင့်အဖွဲ့၊ တိုင်းမုန့်လုပ်ငန်းရှင်အသင်း ဥက္ကဌနှင့်အဖွဲ့၊ တိုင်းဆီစက် အသင်းဥက္ကဌ၊ မုံရွာခရိုင် စားသောက်ကုန်အသင်း၊ ရေချမ်းဆေးဆိုင်နှင့် မုံရွာမြို့ပေါ်ရှိ ဆေးဆိုင် ပိုင်ရှင်များ မြနဂါးစတိုးနှင့်  မုံရွာမြို့ပေါ်ရှိ  စတိုးဆိုင်ပိုင်ရှင်များ တက်ရောက်ခဲ့ပါသည်။

         ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးခင်မောင်လှိုင်က ထုတ်ပြန်ထားသည့် ဥပဒေနှင့် အမိန့်ညွှန်ကြားချက်များကို ရှင်းလင်းပြောကြားပြီး လုပ်ငန်းရှင်များအား သက်ဆိုင်ရာ ဌာန၏ ထောက်ခံချက်ရရှိရေးနှင့် စဉ်ဆက်မပြတ် တိုးတက်စေရေး ကူညီဆောင် ရွက်ပေးမည်ဖြစ်ကြောင်း၊ ထောက်ခံချက်များကို လုပ်ငန်းရှင်များ၏ ထင်သာမြင်သာရှိတဲ့ နေရာတွင် ချိတ်ဆွဲထားရန်လိုအပ် ကြောင်း၊  အရေးကြီးကုန်စည်များကို ကုန်ဈေးနှုန်းမြှင့်တင်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် သိုလှောင် ခြင်း၊ ဖြန့်ဖြူးခြင်းနှင့်ရောင်းချခြင်းတို့ကို စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း  ဆွေးနွေးပြောကြားခဲ့ပါသည်။

       အဆိုပါ ဆွေးနွေးပွဲသို့  တက်ရောက်လာသည့် လုပ်ငန်းရှင်များက ပြန်လည် ဆွေးနွေးခဲ့ရာ မုံရွာမြို့ပေါ်ရှိ လုပ်ငန်းရှင်များအနေဖြင့်  လမ်းဘေးဆိုင်များတွင်သာ Mask  ဈေးနှုန်းယာယီတက်ခဲ့ပြီး ယခုအချိန်တွင် ဈေးနှုန်းများ ပြန်လည်ကျဈေးဖြင့်ရောင်းချနေ ပါကြောင်း၊ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းနှင့် လုပ်ငန်းရှင်များ၏ မေးမြန်းမှုများကို တိုင်းဒေသကြီးဦးစီးမှူးက ပြန်လည်ရှင်းလင်း  ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းမြို့ပေါ်ရှိဆေးပစ္စည်းအရောင်းဆိုင်များအားရှောင်တခင်စစ်ဆေး

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင် ဦးစီးမှူး စစ်ဆေးရေးအရာရှိ ဒေါ်ခင်မြတ်မူ ဦးဆောင်သောအဖွဲ့သည် ၂၅.၈.၂၀၂၀ ရက်နေ့တွင် စစ်ကိုင်းမြို့ပေါ်ရှှိိဆေးပစ္စည်းဆိုင်(၁၄)ဆိုင်အား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်စည်ပင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ နှင့်ပူးပေါင်း၍  ရှောင်တခင် စစ်ဆေးခဲ့ပါသည်။

      ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါကုန်အညွှန်းအမှတ် အသားနှင့်ပါတ်သက်၍ ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ်တွင် ပြဌာန်းချက်များနှင့် ကိုက်ညီမှု ရှိမရှိနှင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ အရ အရေးကြီးကုန်စည်များအဖြစ် Coronavius Disease Covid-19  ကာကွယ် ထိန်းချုပ်၊ကုသရေး၊ ဆိုင်ရာ အထာက်အကူ ပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်များအား  ဈေးကွက် အတွင်း ဈေးနှုန်းမြှင့် တင်ရောင်း ချခြင်း၊ဖြန့်ဖြူးခြင်း (သို့မဟုက်) ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ခြင်းများ မရှိစေရေး ရှောင်တခင် စစ်ဆေးခဲ့ပြီး စစ်ဆေးတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ-၅ ဖြင့်အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပညာပေးစစ်ဆေးခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာ အမှတ်(၂၁/၂၀၂၀)အား ဖြန့်ဝေခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းမြို့နယ် ဆားတောင်မြို့ မြို့မဈေးရှိကုန်စုံဆိုင်များအား ရှောင်တခင်စစ်ဆေး

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ  စစ်ဆေးရေးအရာရှိ စစ်ကိုင်းမြို့နယ်တာဝန်ခံ ဦးခင်မောင်ဝင်း ဦးဆောင်သောအဖွဲ့သည် ၂၀.၈.၂၀၂၀ ရက်နေ့(၁၀:ဝ၀) နာရီတွင် ဆားတောင်မြို့မဈေး အတွင်း/အပြင်ရှိ ကုန်စုံဆိုင်များအား  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မြို့နယ်စည်ပင်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊နှင့်ပူးပေါင်း၍  ရှောင်တခင် စစ်ဆေးခဲ့သည်။

   ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားများတွင် ပါဝင်ရမည့်အချက်များဖြစ်သည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ သုံးစွဲပုံ သုံးစွဲနည်းလမ်းနှင့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်း ဖေါ်ပြချက်၊ ကြိုတင်သတိပေးချက်များကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာ တွဲလျှက်ဖြစ်စေ ဖေါ်ပြရမှာဖြစ်ကြောင်း အသိပညာပေးရှင်းလင်းခဲ့ပြီး၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးကြီးကုန်စည်များအဖြစ်  (Coronavius Disease 2020 Covid-19) ကာကွယ်ထိန်းချုပ်၊ ကုသရေး၊ ဆိုင်ရာ အထာက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်များ၊ ဈေးကွက်အတွင်း ဈေးနှုန်းတင်ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း (သို့မဟုက်) ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ခြင်းများမရှိစေရေး ရှောင်တခင်စစ်ဆေးခဲ့ပါပြီး စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ-၅ ဖြင့်အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပညာပေးခဲ့ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမိန့်ကြော်ငြာစာအမှတ် (၂၁/၂၀၂၀)ကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခြင်း

         ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးအဖွဲ့သည် ၂၁.၈.၂၀၂၀ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်ရှိ အလှကုန်ပစ္စည်းအရောင်းဆိုင်များ၌ ပြည်တွင်းပြည်ပမှ ထုတ်လုပ်တင်သွင်းဖြန့်ဖြူးရောင်းချနေသော အလှကုန်များတွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာဘာသာဖြင့်ဖြစ်စေ ၊ မြန်မာဘာသာနှင့် အခြား ဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရပါသည်။

    ထို့နောက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူပစ္စည်းများ၊ ဆေးဝါးများနှင့် စားသောက်ကုန်ပစ္စည်းများကို အရေးကြီးကုန်စည်(၃)မျိုးအဖြစ် သတ်မှတ်သည့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာ စာအမှတ်၊ ၂၁/၂၀၂၀ အရ ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးမှူးများသည် ၂၄.၈.၂၀၂၀ ရက်နေ့နှင့် ၂၅.၈.၂၀၂၀ ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ မိုးညှင်းမြို့နယ်နှင့် ဗန်းမော်မြို့နယ်တို့ရှိ အရောင်းဆိုင်များ၊ ဆေးနှင့် ဆေးပစ္စည်းဆိုင်များ၌ ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်းနှင့် ဈေးကစား ရန် သိုလှောင်ခြင်း ရှိ/မရှိကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ကချင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေနှင့်အညီ မှတ်ပုံတင်လျှောက်ထားရန်အမိန့်

ဦးစွာအသုံးပြုသူကို အခွင့်အရေးပေးသော စနစ် (First to Use System) မှ ဦးစွာလျှောက်ထားသူကို အခွင့်အရေးပေးသောစနစ် (First to File System) သို့ ကူးပြောင်းရာတွင် အဆင်ပြေချောမွေ့စေရန်အလို့ငှာ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ ပုဒ်မ ၉၃၊ ပုဒ်မခွဲ (က) ပါ အမှတ်တံဆိပ်ပိုင်ရှင်များအတွက် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေနှင့်အညီ မှတ်ပုံတင်လျှောက်ထားရန် အမိန့် ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်ပါသည်။ အောက်ပါ (.pdf) file မှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်-

ကချင်ပြည်နယ်၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေး

        ကချင်ပြည်နယ် ၊ စားသုံးသူရေးရာဦးစီးဌာနရှိ  ပြည်နယ်ဦးစီးမှူးရုံးနှင့် မြစ်ကြီးနားခရိုင်ရုံး၌ တာဝန်ထမ်းဆောင်လျက်ရှိသော  စစ်ဆေးရေးမှူးတို့သည် မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ  စားသုံးဆီအမျိုးမျိုး ဖြန့်ဖြူး၊ ရောင်းချ၊ တင်သွင်း၊ထုတ်လုပ်သည့် နေရာများသို့ သွားရောက်၍ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို ၍ တွဲလျက်ဖြစ်စေ ဖော်ပြမှုအား ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရေးနှင့် ဥပဒေနှင့်ညီညွတ်မှု မရှိပါက စားသုံးသူကာကွယ်ရေးဉပဒေပါအတိုင်း ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ နယ်မြေဖြန့်ခွဲပြီး ကွင်းဆင်းစိစစ်ခြင်းလုပ်ငန်းများကို ၄.၈.၂၀၂၀ ရက်နေ့မှ ၁၂.၈.၂၀၂၀ ရက်နေ့အထိ ဆောင်ရွက်ခဲ့ပါသည်။

          ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ (၂၇) ခုရှိ လက်လီလက်ကားဆိုင်များနှင့်  ဈေး(၃)ဈေးတို့ရှိ စားသုံးဆီ ဖြန့်ဖြူး၊ ရောင်းချ၊ တင်သွင်း၊ ထုတ်လုပ်သည် လုပ်ငန်းများတွင် စားသုံးဆီအမျိုးမျိုး၏ ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် လိုက်နာရမည့်အချက်များအား ဆောင်ရွက်ထားရှိမှု ရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

ကချင်ပြည်နယ်

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ တတိယကြိမ်အစည်းအဝေးကျင်းပ

      စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ၏ တတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၉ ရက်နေ့ နေ့လယ် ၂ နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ  စားသုံးသူရေးရာကော်မတီဥက္ကဌနှင့်တကွ ကော်မတီဝင်များ၊ မိတ်ဖက်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

        အဆိုပါအစည်းအဝေးတွင် တိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဌ၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက အဖွင့်အမှာစကားပြောကြားပြီးနောက် ကော်မတီအတွင်းရေးမှူး ဦးခင်မောင်လှိုင် (ညွှန်ကြားရေးမှူး) က စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ ဖွဲ့စည်းထားရှိမှု အခြေအနေများ၊ မိတ်ဖက်ဌာနဆိုင်ရာများ နှင့်ပူးပေါင်းညှိနှိုင်းပြီး စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ပါသည်။ ဆက်လက်၍ အတွင်းရေးမှူးက ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိစေရေး၊ စစ်ကိုင်းတိုင်း‌ဒေသကြီး၏ တစ်နှစ်တာကာလအတွင်း ဦးစားပေးဆောင်ရွက်ရမည့် ကုန်စည်အမယ်(၁၀)မျိုးနှင့်ပတ်သက်၍ မိမိတိုင်းဒေသကြီးအတွင်းသို့ အခြားတိုင်းဒေသကြီး/ပြည်နယ်များမှ ကုန်အညွှန်းအမှတ်အသား မပြည့်စုံသည့် ကုန်စည်များ ဝင်ရောက်လာပါက အရေးယူဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးကော်မတီ အချင်းချင်းချိတ်ဆက်ဆောင်ရွက်သွားမည့် အစီအမံများအား ရှင်းလင်းဆွေးနွေး တင်ပြခဲ့ပါသည်။  

    ထို့နောက် တိုင်းဒေသကြီးစားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်း ဖွဲ့စည်းနိုင်ရေးကိစ္စရပ်များ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အောက်တိုဘာလမှ ဩဂုတ်လအတွင်း စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေများကို ရှင်းလင်းဆွေးနွေးကာ တိုင်ကြားမှုများနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခဲ့မှုများအား ကော်မတီမှ အတည်ပြုမှတ်တမ်းတင်ရန်ဆုံးဖြတ်ခဲ့ကြပါသည်။

          ဆက်လက်၍ ကော်မတီဥက္ကဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးက ယနေ့အချိန် သည် နိုင်ငံနှင့်အဝှမ်း ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်သူများ၏ နေထိုင် စားသောက်မှုပုံစံများကလည်း ခေတ်နဲ့အညီလျှင်မြန်စွာ ပြောင်းလဲလာပါကြောင်း၊ လုံခြုံစိတ်ချရမှုမရှိသော စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများလည်း ပေါများလာသောကြောင့် ပြည်သူများအနေဖြင့် မိမိတို့အခွင့်အရေးများအား သိရှိကာ ဘေးဥပဒ်အန္တရာယ်ကင်းရှင်းသော ကုန်စည်များကို ရွေးချယ်ဝယ်ယူတတ်ရန်လိုအပ်ပါကြောင်း၊ စားသုံးသူပြည်သူများ၏ အခွင့်အရေးများ အပြည့်အဝရရှိစေရေး လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်နှင့် တာဝန်ယူမှု မရှိသော ဝန်ဆောင်မှုများ လျော့နည်းပပျောက်သွားစေရေးအတွက် မိမိတို့ အစိုးရအဖွဲ့နှင့် တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

 စစ်ကိုင်းတိုင်းဒေသကြီး

စားသုံးသူရေးရာဦးစီးဌာန

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ