ဆေးဖက်ဝင်သောဓနိဖူးလက်ဖက်ခြောက်

       ဓနိပင်ဆိုသည်မှာ မြန်မာနိုင်ငံအောက်ပိုင်းဒေသ၊ မြစ်ဝကျွန်းပေါ်ဒေသများနှင့် ကမ်းရိုးတန်း ဒေသများတွင် သဘာဝအလျောက် အလေ့ကျပေါက်ရောက်လေ့ရှိသော ဒီရေတောအပင်များ ဖြစ်ပါသည်။ ဓနိပင်မှရရှိသော ဓနိအရွက်၊ အဖူး၊ အသီး၊အမြစ်များကို နိုင်ငံတော်တော်တော် များများတွင် ရှေးယခင်ထဲကပင်  ရောဂါအမျိုးမျိုးအတွက်ဆေးဖော်စပ်ရာတွင် အသုံးပြုခဲ့ကြသည်ဟု သိရပါသည်။ ဓနိဖူးဆိုသည်မှာ ဓနိပင်၏ပင်စည်မှ ရိုးတံတစ်ခုအဖြစ် ထိုးထွက်လာပြီး ၎င်းရိုးတံ၏ ထိပ်ဖျားမှာသံလျက်ပုံစံ အချွန်အဖူးလေးများအဖြစ် အစုလိုက်အစုလိုက်ဖွဲ့စည်းတည်ရှိနေကြသော အဖူးလေးများဖြစ်ပါသည်။ ဓနိဖူးခြောက်ဆိုသည်မှာ ဓနိဖူးများကိုခုတ်ယူပြီးသင့်တင့်သော အရွယ် အစားလေးများအဖြစ် လှီးဖြတ်ကာ သဘာဝနေရောင်ခြည်ဖြင့် သဘာဝအတိုင်းအခြောက်ခံ၍ ရရှိလာခြင်းဖြစ်ပါသည်။ ဓနိဖူးခြောက်ရေတွင် သဘာဝဓာတ်တိုးဆန့်ကျင်ပစ္စည်းများ မြင့်မားစွာ ပါဝင်သောကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများ အတော်ပါဝင်ပါသည်။ ဓနိဖူးလက်ဖက်ခြောက် သောက်ရုံသုံးဖြင့် ညဘက်အိပ်၍မပျော်သောသူများ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေခြင်း၊ ဆီး၊ ဝမ်း၊ လေမှန်စေခြင်း၊ နှာစေး၊ ချောင်းဆိုး၊ လည်ပင်းနာခြင်းများကို သက်သာစေခြင်း စသည့်ကျန်းမာ ရေးအကျိုးကျေးဇူးများကို ရရှိစေနိုင်ပါသည်။ ထို့ကြောင့် ဓနိဖူးပင်သည် တစ်ပင်လုံးကို အကျိုးရှိရှိ အသုံးချနိုင်သော အပင်တစ်ပင်ဖြစ်ပါသည်။

DOCA(ပဲခူး)