Main menu

တိုးချဲ့စိုက်ပျိုးသင့်သည့် ဝင်ငွေကောင်းသော နှမ်းသီးနှံ

Powered by Drupal
Fri, 05/26/2023 - 14:42 -- consumer_admin

    နှမ်းသီးနှံကို အပူပိုင်းဒေသများဖြစ်သော မြန်မာနိုင်ငံအလယ်ပိုင်း မကွေး၊ စစ်ကိုင်းနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အများဆုံး စိုက်ပျိုးကြပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း  စိုက်ပျိုးလျက်ရှိပါသည်။ နှမ်းသီးနှံ အများဆုံး စိုက်ပျိုးထုတ်လုပ်လျက်ရှိသော မကွေးတိုင်းဒေသကြီးကို မြန်မာနိုင်ငံ၏ ဆီအိုးကြီးဟု တင်စားခေါ်ဝေါ်ကြသည်။ နှမ်းသီးနှံစိုက်ပျိုးမှုတွင် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တတိယနေရာ (၁၈.၃%)တွင် ရပ်တည်လျှက်ရှိပြီး မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံများ စိုက်ပျိုးဧရိယာ အများဆုံး (၅၁.၃%) စိုက်ပျိုးသောသီးနှံ ဖြစ်ပါသည်။

   မြန်မာနိုင်ငံတွင် နှမ်းစိုက်ပျိုးသော ဧရိယာသည် ဆီထွက်သီးနှံအားလုံးစိုက်ဧရိယာ၏ တစ်ဝက် (၅၀%)ကျော် ရှိပါသည်။ ယခုအခါ ပဲမျိုးစုံသီးနှံများ၏ ဈေးကွက်မခိုင်မာမှုကြောင့် အချို့သော ပဲစိုက်ဧရိယာများတွင် နှမ်းသီးနှံကို အစားထိုးတိုးချဲ့စိုက်ပျိုးလာကြသည်ကို တွေ့ရှိရပါသည်။ ယခင်နှစ်က နှမ်းကို ပြည်တွင်းဆီ စားသုံးရန်အတွက်သာ စိုက်ပျိုးထုတ်လုပ်ခဲ့သော်လည်း ယခုအခါ တိုးတက်လာသော နည်းပညာများအရ နှမ်း၏ ပိုမိုအသုံးဝင်မှုနှင့် အကျိုးရှိမှုများကို သိရှိလာကြ‌သောကြောင့် နှမ်းကိုပိုမိုအသုံးပြုလာကြပါသည်။ နှမ်းနက်တွင် ဗီတာမင်မျိုးစုံပါဝင်ခြင်း၊ နှမ်းနက်ကိုစားသုံးခြင်းဖြင့် ကိုလက်စထရော လျော့ကျစေခြင်း၊ အသည်းလုပ်ဆောင်မှုအားကောင်းစေခြင်း၊ ကင်ဆာဖြစ်နိုင်ခြေနည်းခြင်း၊ အိုမင်းရင့်ရော်မှုကို ဟန့်တားပေးခြင်း၊ နွားနို့ထက် ပရိုတင်း ၂ဆပါဝင်ခြင်းတို့ကြောင့် အလှကုန်ပစ္စည်းများ၊ ဆေးဝါးများနှင့် စားသောက်ကုန်များတွင် အသုံးပြုလာသဖြင့် ဝယ်လိုအား မြှင့်တက်နေပါ သည်။

   သို့ရာတွင် အပြိုင်အဆိုင်ရောင်းဝယ်မှုများရှိလာသဖြင့် မိမိ၏ သီးနှံအရည်အသွေး အရောင်အနံ့အရသာနှင့် ဓါတ်ကြွင်းပါဝင်မှုစသည့် အချက်အလက်များသည် အရေးပါလာပါသည်။ ထို့ကြောင့် တောင်သူများအနေဖြင့် မိမိ သီးနှံကို သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်ကိုက်ညီအောင် စိုက်ပျိုးထုတ်လုပ် ရန်လိုအပ်ပါသည်။

   စစ်ကိုင်းတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းအရ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မိုးစိုက်ဧက(၄၃၃၃၂၄)ဧက၊ ဆောင်းစိုက်ဧက(၅၄၁၈၆၉)ဧကနှင့် နွေစိုက်ဧက(၃၅၈၀၉) ဧက၊  စုစုပေါင်း(၁၀၁၁၀၀၂) စိုက်ပျိုးခဲ့ပါကြောင်း၊ ကလေးခရိုင်၊ ယင်းမာပင်ခရိုင်၊ မုံရွာခရိုင်၊ စစ်ကိုင်းခရိုင်နှင့် ကသာခရိုင်တို့တွင် အများဆုံးစိုက်ပျိုးပြီး ယခုနှစ်တွင် ချင်းတွင်း မြစ်ရေဝင်ရောက်လာမှုမရှိသည့်အတွက် ချင်းတွင်းမြစ်အရှေ့ဘက်ရှိ ကျေးရွာများတွင် နေထိုင်ကျသော ကျေးရွာများအနေဖြင့် ယခုနှစ်တွင် မိုးစပါး မစိုက်ပျိုးနိုင်သည့်အတွက် နှမ်းသီးနှံများ ပိုမိုစိုက်ပျိုးလာကြကြောင်း၊ မိုးနှောင်း ကောင်းမွန်သောကြောင့် မိုးရေရရှိသဖြင့်  ကုန်ကျစရိတ် သက်သာ သောကြောင့် တစ်ဧက စိုက်ပျိုး ထုတ်လုပ်မှု ကုန်ကျစရိတ်မှာ ကျပ်(၆)သိန်းခန့်သာကုန်ကျပါကြောင်း၊ ပေါက်ဈေးအနေဖြင့် ယခင်နှစ် မေလက နှမ်းညိုတစ်တင်း လျှင် (၅၂၀၀၀)ကျပ်၊ ယခုနှစ် နှမ်းညိုတစ်တင်းလျှင် (၉၀၀၀၀) ကျပ်ရရှိပါသဖြင့် ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်လျှင် (၃၈၀၀၀)ကျပ် ပိုမိုရရှိပါကြောင်း၊ တစ်ဧက ပျှမ်းမျှအထွက်နှုန်းအနေဖြင့် (၁၁)တင်း ထွက်ရှိပါသဖြင့် တစ်ဧကဝင်ငွေအနေဖြင့် ကျပ်(၁၀)သိန်းခန့် ရရှိပါသဖြင့် တစ်ဧက အကျိုးအမြတ်အနေဖြင့် ကျပ်(၄)သိန်းခန့် ရရှိကြောင်း၊ နှမ်းသီးနှံသည် နိုင်ငံခြားဈေးကွက်ခိုင်မာပြီး ဈေးကောင်းရသော သီးနှံဖြစ်သည့်အတွက် နှမ်းသီးနှံကို ပိုမိုတိုးချဲ့စိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်ပါကြောင်း လေ့လာ၍ ရေးသားတင်ပြလိုက်ပါသည်။

DOCA (စစ်ကိုင်း)