Main menu

ဆီမုံညှင်း

Powered by Drupal
Mon, 05/29/2023 - 13:09 -- consumer_admin

    ဆီထွက်သီးနှံများဖြစ်သော မြေပဲ၊ နှမ်း၊ ပန်းနှမ်း၊ နေကြာ၊ ဆီမုံညှင်း၊ ဆီမုံလာ စသည့်သီးနှံများကို ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ မြို့နယ်အများအပြားတွင် စိုက်ပျိုးကြပါတယ်၊ ၎င်းဆီထွက် သီးနှံများ အနက်မှ ဆီမုံညှင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ တောင်ကြီး၊ ရပ်စောက်၊ ‌ပင်းတယ၊ ညောင်ရွှေမြို့နယ်များမှာ စိုက်ပျိုးကြပါသည်။ ဆီမုံညှင်းမှာ အေးသောဒေသများတွင် ပိုမိုစိုက်ပျိုး ဖြစ်ထွန်း၍ စိုက်ပျိုးရလွယ်ကူပြီး မြေနီသဲဝန်း၊ နှုန်းမြေတို့တွင် စိုက်ပျိုးဖြစ်ထွန်းပါသည်။ ဆီမုံညှင်းကို စပါးစိုက် ရိတ်သိမ်းပြီးသည်နှင့် ဩဂုတ်လမှနိုဝင်ဘာလများတွင် ဆီမုံညှင်းကို ကြဲပက်၍ စိုက်ပျိုးကြပါသည်။ မျိုးစေ့အနေနဲ့ အရောင်အဆင်းအလိုက် အဝါမျိုးနဲ့အနက်မျိုးဟု နှစ်မျိုးရှိပြီး ရာသီသီးနှံဖြစ်လို့ မြေအမျိုးအစားနဲ့ စိုက်ပျိုးချိန် ကွာခြားမှုပေါ်မူတည်ပြီး တစ်ဧကလျှင် မျိုး(၂)ပြည်မှ(၄)ပြည်ခန့် ကြဲပက်စိုက်ပျိုးပြီး သွင်းအားစုအနေဖြင့် ပုလဲဓါတ်မြေဩဇာ(၁)အိတ် ခန့်သာ အသုံးပြုရပြီး တစ်ဧက ကုန်ကျစရိတ်နဲ့ ဂရုစိုက်ရမှုနည်းပါးတဲ့ ဝင်ငွေရတဲ့သီးနှံတစ်မျိုး ဖြစ်ပါသည်။

     ရှမ်းပြည်နယ်(တောင်ပိုင်း)မှာ ဆီမုံညှင်းကို စိုက်ဧက(၁၄၇၀၈)ဧကခန့် စိုက်ပျိုးပြီး အထွက် နှုန်းအနေ ဖြင့် (၁၅ - ၁၈ )တင်းခန့်ထွက်ရှိပါသည်။ လက်ရှိဆီမုံညှင်းစေ့ တစ်ပိဿာပေါက်‌ဈေးမှာ (၁၃၀ဝိ/-)ရှိပါတယ်၊ ဆီမုံညှင်းစေ့ တစ်တင်းကို ဆီကြိတ်ပါက ဆီပိဿာ (၄.၅ မှ ၅)ပိဿာ ခန့်ထွက် ရှိပြီး ကြိတ်ဖတ်(၁၀)ပိဿာခန့်ထွက်ရှိကြောင်းသိရှိရပါသည်။ ဆီမုံညှင်းဆီ(မုံညှင်းဆီ) ပေါက်ဈေးမှာ တစ်ပိဿာလျှင် (၁၂၀၀ဝိ/- ၁၃၀၀ဝိ/-)ရှိပြီး  (၁၀)ပိဿာဝင်ဆီပုံး တစ်ပုံးလျှင် ဈေးနှုန်း (၁၂၀၀၀ဝိ/- ) ခန့်ရှိပါသည်။

      ဆီမုံညှင်းမှာ လူတို့၏ ကျန်းမာရေးအတွက် များစွာအထောက်အကူပြုသော သီးနှံတစ်မျိုးဖြစ်ပါသည်။ ဆီမုံညှင်းရဲ့ အသုံးဝင်မှုများမှာလည်း များစွာအကျိုးရှိပါသည်။ မုံညှင်းဆီမှာ ဟင်းသီးဟင်းရွက်ဆီများအားလုံးတို့တွင် ပါဝင်တဲ့သဘာဝ ဗီတာမင်များ မျှတစွာပါဝင်တယ်လို့သိရပါသည်။ မုံညှင်းဆီတွင် အိုမီဂါ-၃ အက်ဆစ်ပါဝင်မှုအရ မုံညှင်းဆီသည် သံလွင်ဆီနှင့်နေကြာဆီတို့ထက် အဆများစွာ မြင့်မားသည်ဟုလည်းသိရပါသည်။ ဆီမုံညှင်းကို ဆီကြိတ်လျှင် အနံ့အနည်းငယ်နံတာကြောင့် ဆီအဖြစ် စားသုံးမှု နည်းပါးပြီး ကျန်းမာရေးအတွက် ဆေးဝါးဖော်စပ်ရာမှာ အဓိက အသုံးပြုကြပါသည်။ မုံညှင်းဆီသည် ဇီဝဖြစ်စဉ်ကို မြန်ဆန်စေခြင်း ကိုလက်စထရောများကို ဖယ်ရှားခြင်းနှင့် လူသားတို့ရဲ့ ရန်လိုမှုကို လျော့ချပေးနိုင်တယ်လို့သိရပါသည်။ မုံညှင်းဆီ၏ ကျန်းမာရေးအတွက် ကောင်းကျိုးများမှာ သွေးတိုးခြင်းမှ ထိန်းပေးခြင်း၊ မှတ်ဉာဏ်အားကောင်းစေခြင်း၊ နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း၊ လန်းဆန်း တက်ကြွစေခြင်း၊ အဆီကျစေခြင်း၊ မျက်စိအားကောင်းစေခြင်း၊ အရိုးအဆစ်များကို ကောင်းမွန်စေခြင်း၊ အချိန်မတိုင်မီအိုမင်းရင့်ရော်မှုကို ကာကွယ်ပေးခြင်းနှင့် ကလေးသူငယ်များ၏ ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ ဆေးစွမ်းတစ်လက်ဖြစ်ကြောင်း၊ မုံညှင်းဆီကို အိမ်တိုင်းဆောင်ထားသင့်ကြောင်း၊ မုံညှင်းဆီမှာ ရောင်းတန်းဝင်တဲ့ မြန်မာ့ဆေးစွမ်းကောင်း တစ်ခုဖြစ်တာကြောင်း မုံညှင်းဆီရဲ့ ကုန်ကြမ်းဖြစ်တဲ့ ဆီမုံညှင်းကို ယခုထက်ပိုမိုစိုက်ပျိုးသင့်ပါကြောင်း အကြံပြုရေးသားလိုက်ပါသည်။

DOCA(ရှမ်း)