Main menu

တောင်ငူဒေသမှ ရာသီပေါ်ဒူးရင်းသီးအကြောင်း လေ့လာမိသမျှ

Powered by Drupal
Tue, 05/30/2023 - 15:49 -- consumer_admin

    ဒူးရင်းသီးများလှိုင်လှိုင်ပေါ်သည့် ယခုကာလတွင် ဒူးရင်းသီးပေါသည့် မိမိတို့ တောင်ငူမြို့မှ ထွက်သော ကားတိုင်းလိုလိုတွင် ဒူးရင်းသီးအနံ့က မွှေးနေသည်။ မိမိတို့မြို့မှ လာရောက်သည့် ဧည့်သည်များက ဝယ်ယူသွားသလို ရပ်ဝေးဒေသမှ မိမိတို့ ဆွေမျိုးမိတ်ဆွေများထံသို့ လက်ဆောင်ပေးပို့ ကြသည်များလည်း ရှိပါသည်။ တောင်ငူခရိုင်၊ တောင်ငူမြို့နှင့် ဖြူးမြို့တို့တွင် ဒူးရင်းသီးများကို ဆိုင်ပေါ်တင် ရောင်းချသူများရှိသလို ကားလေးများဖြင့်တင်၍ လှည့်လည်ရောင်းချကြသည်များ လည်းရှိပါသည်။ ရန်ကုန်-မန္တလေးလမ်းမပေါ် သွားလာကြသော ကားကြီးကားငယ် တို့သည့် ဒူးရင်းသီးဆိုင်ရှေ့၊ ဒူးရင်းသီးကားနားရောက်လျှင် ကားရပ်ပြီးဆင်းဝယ်ကြပါသည်။

    တောင်ငူခရိုင်သည် ဒူးရင်းသီးပေါများစွာ အရောင်းအဝယ်ဖြစ်နေသော်လည်း ဒူးရင်းသီး စိုက်ပျိုးသည့် ခရိုင်တော့ မဟုတ်ပါ။ တောင်ငူမြို့အရှေ့ဘက် ကရင်ပြည်နယ် သံတောင်ကြီးခရိုင်၊ သံတောင်ကြီး၊ သံတောင်၊ ဘောဂလိ၊ လိပ်သိုဒေသမှ ဒူးရင်းသီးများသည် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး အရောင်းအဝယ်ကောင်းသည့် တောင်ငူမြို့သို့ ဝင်ရောက်လာသကဲ့သို့ ညောင်လေးပင် ခရိုင်၊ စစ်တောင်းမြစ်အရှေ့ဘက် ကျောက်ကြီးမြို့နယ် တောင်ပေါ်ဒေသဖြစ်သော ကျောက်ကြီးနှင့် မုန်းဒေသတို့မှထွက်သော ဒူးရင်းသီးများသည် ၎င်းဒေသများနှင့်အနီးဆုံးဖြစ်သော ရန်ကုန်-မန္တလေး လမ်းမပေါ်ရှိ ဖြူးမြို့သို့ ဝင်ရောက်လာကြခြင်းဖြစ်ပါသည်။

     ဒူးရင်းသီး၏ မူရင်းဒေသသည် အရှေ့တောင်အာရှ အီကွေတာမိုးသစ်တော ဖြစ်ပါသည်။ အင်္ဂလိပ်အမည်မှာ Durain, ရုက္ခဗေဒအမည်မှာ Durio zibethenus, မျိုးရင်းအမည်မှာ Bombaceae ဖြစ်ပါသည်။ အီကွေတာမှ တောင်နှင့်မြောက် ၁၅ ဒီဂရီအတွင်း ကောင်းမွန်စွာဖြစ်ထွန်း ပြီး ၁၈ ဒီဂရီအထိလည်း စိုက်ပျိုးနိုင်ပါသည်။ မြန်မာနိုင်ငံတွင် တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ကောင်းမွန်စွာဖြစ်ထွန်းပြီး ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး နှင့် ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်းတို့တွင်လည်း စီးပွားဖြစ်စိုက်ပျိုးနိုင်ပါသည်။

    ဒူးရင်းသီးသည် ပူအိုက်စွတ်စိုသော ရာသီဥတုကိုနှစ်သက်သည်။ ပျှမ်းမျှအပူချိန် ၂၄ ဒီဂရီ စင်တီဂရိတ်နှင့် ၃၀ ဒီဂရီစင်တီဂရိတ်ကြား၊ စိုထိုင်းဆ ၇၅ ရာခိုင်နှုန်းနှင့် မိုးရေချိန် ၇၅ လက်မ အထက် ရသောဒေသတွင် ကောင်းစွာဖြစ်ထွန်းပါသည်။ မြေဆီကောင်းမွန်ပြီး ရေစီးစိမ့်မှုကောင်းသော သဲနုန်း (သို့မဟုတ်) နုန်းမြေများကို နှစ်သက်သည်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၆၀၀ အထိ စိုက်ပျိုးနိုင်သော်လည်း ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၁၀၀၀ အောက်တွင်သာ အသီးများ ကောင်းစွာဖြစ်ထွန်းပါသည်။ မိုးဦးကျ ဇွန်လခန့်တွင် စိုက်ပျိုးရန် အကောင်းဆုံးဖြစ်ပြီး ရေရရှိပါက တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပါသည်။

    ဒူးရင်းသီးမျိုးရွေးချယ်ရာတွင် အသီးထွက်ကောင်းခြင်း၊ အမွှာကြီးပြီး အသားထူ၊ အစေ့ သေး၍ အရသာကောင်းခြင်း၊ စောစောသီးပွင့်ခြင်းတို့ကို ဦးစားပေးသင့်ပါသည်။ အရည်အသွေး ကောင်း မျိုးများဖြစ်သည့် ကန်ကလေး(၁)၊ ကန်ကလေး(၂)၊ ရွှေဒင်္ဂါး၊ မိချောင်းခေါင်းများကို စိုက်ပျိုး နိုင်ပါသည်။ ဒူးရင်းပင်စိုက်ပျိုး ရန်အတွက် အလျား ၃ ပေ၊ အနံ ၃ ပေ၊ အနက် ၃ ပေအရွယ် စိုက်ကျင်းတူးပြီး မြေခံမြေဩဇာအဖြစ် ၁၅: ၁၅: ၁၅ သုံးမျိုးစပ် နို့ဆီဘူးတစ်ဘူး၊ နွားချေးဆွေး (သို့မဟုတ်)ကြက်ချေးဆွေး နှစ်တင်း၊ မြေအောင်းပိုးသတ်ဆေး တစ်ဇွန်း၊ မဖောက်ထုံး နို့ဆီဘူး တစ်ဘူးတို့ကို အပေါ်ယံမြေနှင့် သမအောင်ရော၍ စိုက်ကျင်းထဲထည့်ကာ တစ်လခန့် နှပ်ထား ရပါသည်။ ကျန်းမာသန်စွမ်းသော တစ်နှစ်၊ နှစ်နှစ်သား ကိုင်းဆက်ပျိုးပင်များကို မြေနှပ်ထားသော ကျင်းတွင် မြေလုံးမပျက် စိုက်ပျိုးရပါသည်။ ရေလုံးဝ မဝပ်စေရန် ပင်ခြေပတ်လည်အားဖို့ပေးပြီး ပလက်စတစ်အနက်စဖြင့် အုပ်ပေးခြင်း၊ တိုင်ထောင်၍ ပျိုးပင်အား ကြိုးချည်ထိန်းပေးခြင်းများ ပြုလုပ်ပေးရပါသည်။ စိုက်ပျိုးပြီး နှစ်နှစ်သားအထိ ကျနေဒဏ် ခံနိုင်ရန်အတွက် အရိပ်လုပ်ပေး ရပါသည်။ ဒူးရင်းပင်၏ ကျနေဘက်အခြမ်း လေးပေ၊ ငါးပေခန့်အကွာတွင် ငှက်ပျောစိုက်ပျိုးပေးပါက အရိပ်လည်းရ၊ ကြားဝင်ငွေလည်းရမည် ဖြစ်ပါသည်။

   ဒူးရင်းပင်များကို မိုးကုန်ပါက ရေဝိုင်း၊ ရေဝပ်ကျင်းများပြုလုပ်ပေးရပါသည်။ အသီးခူးပြီး ချိန်တွင် အကိုင်းရှင်းခြင်း၊ ပေါင်းမြက်ရှင်းခြင်းများ ပြုလုပ်ပေးရပါသည်။ စက်တင်ဘာ၊ အောက်တိုဘာလများတွင် မြေသြဇာကျွေးခြင်းကို ပြုလုပ်ပေးရပြီး နိုဝင်ဘာလမှ မိုးကျသည်အထိ ရေပေးသွင်းရပါသည်။ နေ့စဉ်မသွင်းနိုင်ပါက လေးရက်တစ်ကြိမ် သို့မဟုတ် ငါးရက်တစ်ကြိမ် လုံလောက်စွာ ပေးရပါမည်။ သို့မှသာ ပွင့်သီးမှုအပိုင်း ကောင်းမည်ဖြစ်ပါသည်။

    ပန်းပွင့်စေရန်နှင့် သီးထွက်အားကောင်းစေရန် အကိုင်းဖြတ်ပြုပြင်ခြင်းလည်း ပြုလုပ်ပေး ရပါသည်။ ရှုပ်ထွေးနေသောအကိုင်းများ၊ ကိုင်းညှပ်ကိုင်းခြောက်များကိုရှင်းရပါသည်။ ပင်စည်မှ အကိုင်းဖြတ်တိုင်း သတိထားရမည်မှာ ရောဂါဝင်နိုင်၍ ဖြတ်သည့်နေရာအား မာတာရာဇီ မှိုသတ် ဆေး သုတ်လိမ်းပေးရန်ဖြစ်သည်။ အပင်ခြေအား အမြစ်မထိခိုက်စေဘဲ ပေါင်းရှင်းခြင်းဖြင့် ပိုးမွှားနှင့် ရောဂါအန္တရာယ် ကာကွယ်နိုင်ပါသည်။ အပင်ခြေအထက် ၃ ပေတွင် မည်သည့်အကိုင်းမှ မရှိစေရန် ရှင်းထားရပါမည်။

   မိုးဦး၊ မိုးနှောင်းကာလနှင့် ပန်းပွင့်ပြီး၍ သီးကင်းဝင်ချိန်တွင် မြေသြဇာကျွေးရပါသည်။ အသီးသီးပင်ဖြစ်ပါက ၁၅:၁၅:၁၅ မြေသြဇာကို ၁ ကီလိုဂရမ်မှ ၃ ကီလိုဂရမ် (၆၀ ကျပ်သား မှ ၁ ပိဿာ ၅၀ ကျပ်သား)အထိ ပင်ရေဝိုင်းအတွင်း အပေါ်ယံဖြူးကျွေးခြင်း ပြုလုပ်ပြီးအပေါ်မှ ကြက်ချေး ၄ တင်း၊ ၅ တင်းခန့်အုပ်ပေးရသည်။ မြေပေါ်ကျွေးရခြင်းမှာ အမြစ်ကိုမထိခိုက်စေရန် ဖြစ်ပါသည်။ မြေသြဇာကို အကြိမ်ကြိမ်ခွဲကျွေးရပါသည်။ ရွက်ဖျန်းမြေသြဇာလည်း သုံးနိုင်ပါသည်။ သဘာဝ မြေသြဇာကို ကြက်ချေးသုံးနိုင်လျှင် ပို၍ကောင်းမွန်ပါသည်။

   ဒူးရင်းသည် စပွင့်သည်မှ မှည့်သည်အထိ မျိုးအလိုက် ၅ လခွဲမှ ၆ လအထိ ကြာပါသည်။ ပန်းပွင့်သည် တစ်လခွဲခန့်ကြပြီး သီးကင်းမှသည် မှည့်သည်အထိ လေးလခွဲခန့်ကြာပါသည်။ နိုဝင်ဘာ ပန်းစပွင့်သောအပင်မှ ဧပြီလတွင် အသီးဆွတ်ခူးနိုင်သည်။ အရောင်ပြောင်း၊ ဆူးကြဲလာ လျှင် ကောင်းစွာရင့်ပါသည်။ လက်မနှင့်ဆူးကို ခေါက်ကြည့်ပြီး ဂလိုင်သံထွက်လာလျှင် အညှာအရစ် အထက်ဖြတ်ပြီး ခူး၍ရပြီဖြစ်ပါသည်။ အသီးများ ကောင်းစွာရင့်မှည့်မှသာ ဆွတ်ခူးရပါသည်။ အပင်မှည့်ကြွေသီးက အရသာပိုကောင်းပါသည်။ ဆွတ်ခူးပြီး အသီးများကို သာမာန် အခန်းအပူချိန် တွင် ၁၀ ရက်ခန့်ထားနိုင်ပါသည်။ ကြွေသီးမှာမူ နှစ်ရက် သုံးရက်သာ ခံပါသည်။ မြန်မာနိုင်ငံတွင် ဒူးရင်းသီးပုံမှန်ထွက်သောကာလမှာ မေ၊ ဇွန်၊ ဇူလိုင်လများ ဖြစ်ပါသည်။

   ဒူးရင်းတစ်ဧကလျှင် အပင် ၄၀ ခန့်စိုက်ပျိုးခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း၊ ၁၀ နှစ် ကြာလျှင် အသီးကောင်းစွာသီးကြောင်း၊ ဒူးရင်းတစ်ပင်လျှင် အလုံး ၅၀ မှ အလုံး ၂၀၀ အထိ သီးကြောင်း ကျောက်ကြီးမြို့နယ်မှ ဒူးရင်းစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရပါသည်။ တောင်ငူခရိုင်အတွင်း ဝင်ရောက်လာသည့် သံတောင်ကြီးဒေသထွက် ဒူးရင်းသီးများကို တောင်ငူမြို့ ရှိ ဒူးရင်းသီးဒိုင်များ သို့လည်းကောင်း၊ ကျောက်ကြီးဒေသထွက် ဒူးရင်းသီးများကို ဖြူးမြို့ရှိ ဒူးရင်းသီးဒိုင်များသို့လည်းကောင်း ခြံပိုင်ရှင်များက လာရောက်ရောင်းချကြပြီး တစ်ဆင့်ခံပြန်လည် ရောင်းချသူများက ဈေးအသီးသီးတွင် အထိုင်ပြန်လည်ရောင်းချကြပါသည်။ ထို့အပြင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေးရှိ ကျေးရွာများမှလည်း ၎င်းဒူးရင်းသီးများကို ဝယ်ယူကာ ဆိုင်ကယ်ဖြင့် သယ် ယူ၍ အမြန်လမ်းပေါ်ရှိ ခရီးသွားကားများကို ရောင်းချကြပါသည်။

   တောင်ငူမြို့တွင်း လက်ရှိဒူးရင်းသီးဈေးနှုန်းမှာ ရှယ်သီးတစ်လုံးလျှင် ၁၀၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်အထိရှိပါသည်။ သာမန်အသီးများမှာ အကြီး၊ အလတ်၊ အသေးပေါ်မူတည်၍ တစ်လုံးလျှင် တစ်လုံးလျှင် ၂၅၀၀ ကျပ်မှ ၇၅၀၀ ကျပ်အထိ အရောင်းအဝယ်ဖြစ်နေပါသည်။ ဒူးရင်း သီးဒိုင်များမှ ဒူးရင်းသီးများကို နေပြည်တော်နှင့် ရန်ကုန်မြို့များသို့လည်း Light Truck များဖြင့် ကားစင်းလုံး တင်ပို့ရောင်းချရပါသည်။

   ဒူးရင်းသီးတွင် magnesium, potassium နှင့် copper များ ပါဝင်ခြင်းကြောင့် အရိုးအဆစ်များ သန်မာစေရန် အထောက်အကူပြုပါသည်။ အသက်အရွယ်ကြီးရင့်သည့်အခါ အရိုးပါး ရောဂါမဖြစ်စေရန်ကိုလည်း ကာကွယ်ပေးပါသည်။ Folic acid ပမာဏများ မြင့်မားစွာပါဝင်ခြင်း၊ copper နှင့် Iron ဓါတ်များပါဝင်ခြင်းကြောင့် သွေးနီဥများကို ထုတ်လုပ်ပေးနိုင်ပြီး သွေးအားနည်း ခြင်းကိုလည်း ပျောက်ကင်းစေနိုင်ပါသည်။ organosulfur အင်ဇိုင်း ပါဝင်ခြင်းကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါများ မဖြစ်စေရန် ကာကွယ်ပေးပါသည်။

 ဒူးရင်းသီးတွင် ပါဝင်သည့် အမျှင်ဓာတ်သည် သွေးတွင်းရှိ မကောင်းသည့် ကိုလက်စထရော ကျဆင်းစေရန် အထောက်အကူပေးသဖြင့် နှလုံးသွေးကြောများကို ကျန်းမာစေနိုင်ပါသည်။ အစာခြေစနစ်၏ လှုပ်ရှားမှုနှင့် အစာခြေရည်ထွက်လာရန် လှုံ့ဆော်ပေးနိုင်ခြင်းကြောင့် ဝမ်းချုပ်ခြင်း၊ အူလမ်းကြောင်းပိတ်ဆို့ခြင်းများကို ကာကွယ်ပေးပြီး ဝမ်းမှန်စေ၍ အစာခြေစနစ်ကို ကောင်းမွန်စေပါသည်။  

  ဒူးရင်းသီးတွင် ပါဝင်သည့် potassium သည် သွေးပေါင်ကို အကောင်းဆုံး ထိန်းညှိပေးသဖြင့် သွေးတိုးရောဂါဖြစ်ခြင်း၊ ရုတ်တရက်နှလုံးရပ်ခြင်း၊ လေဖြတ်ခြင်းများ မဖြစ်စေရန် ကာကွယ်ပေးပါသည်။ Vitamin B, C, E များ ပါဝင်ခြင်းကြောင့် ကင်ဆာဖြစ်စေသည့် ဆဲလ်များ မဝင်ရောက်နိုင်စေရန် ကာကွယ်ပေးပါသည်။ အသက်အရွယ်မတိုင်ခင် ကြီးရင့်ခြင်း၊ အရေးအကြောင်းဖြစ်ခြင်း၊ အစက်အပြောက်ဖြစ်ခြင်း၊ ကြွက်သားများပြေလျော့ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ သွားကျိုးခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်းများကို ကာကွယ်ပေးပါသည်။ ကယ်လ်လိုရီ ပါဝင်နေမှုသည် ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေပြီး ကိုယ်အလေးချိန်တိုးစေရန် အကောင်းဆုံး ထောက်ကူပေးနိုင်ပါသည်။

  သို့ရာတွင် တန်လျှင်ဆေး လွန်လျှင်ဘေးဆိုသကဲ့သို့ ဒူးရင်းသီးအများကြီးစားလျှင် ခေါင်းမူးခြင်း၊ သွေးတိုးခြင်း၊ ရင်ပူရင်ဆာဖြစ်ခြင်းတို့ဖြစ်နိုင်ပါသည်။ သို့ဖြစ်၍ အပူချိန်ပြင်းသည့် အချိန်တွင် ဒူးရင်းသီးကို ချင့်ချိန်ပြီးစားရန် လိုအပ်ပါသည်။ Insulin ကြောင့် ဆီးချိုအပါအဝင် နာတာ ရှည်ရောဂါကို ကာကွယ်ပေးနိုင်သော်လည်း ဆီးချိုရောဂါရှိသူများ ဒူးရင်းသီးကို အလွန်အကျွံမစားသုံးသင့်ပါ။

    ဒူးရင်းသီးကြိုက်သူအဖို့ ဒူးရင်းသီးအနံ့သည် အီဆိမ့်ပြီး စားလိုက်လျှင် အရသာ လေးလေးပင်ပင်နှင့် မဝနိုင်အောင်ရှိပါသည်။ ဒူးရင်းသီးဟု ဆိုလိုက်သည်နှင့် စားချင်သူတွေ ရှိသလို ဒူးရင်းသီးကို အနံ့တောင် မခံနိုင်သူများလည်း ရှိပါသည်။ လူတစ်ကိုယ်အကြိုက်တစ်မျိုး မဟုတ် ပါလား။  သို့သော် မြည်းစမ်းကြည့်လိုက်မှ၊ နူးညံ့ချိုမွှေး အီဆိမ့်ပြီး အရသာကောင်းမှန်း သိသွား၍ စွဲလန်း သွားကြသူများလည်းရှိပါသည်။

   ဒူးရင်းသီး၏ ထူးခြားသောအရသာကြောင့် အရှေ့တောင်အာရှနိုင်ငံတွေမှာ ဒူးရင်းကို “အသီးမှာ ဘုရင်”ဟု တင်စားခေါ်ဝေါ်ကြပါသည်။ ယခုလို ဒူးရင်းသီးပေါ်ချိန်ကာလတွင် ဒူးရင်းစိုက်ပျိုးသူများ၊ သယ်ယူပို့ဆောင်သူများ၊ ဖြန့်ဖြူးရောင်းချသူများ အလုပ်အကိုင် အဆင်ပြေ၍ စီးပွားဖြစ်ထွန်းလျက်ရှိပါကြောင်း တောင်ငူဒေသမှ ရာသီပေါ်ဒူးရင်းသီးအကြောင်း လေ့လာမိသမျှကို တင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)