Main menu

ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်ပေး

Powered by Drupal
Tue, 06/13/2023 - 15:23 -- consumer_admin

     မြန်မာနိုင်ငံသည် ပထဝီအနေအထားအရ ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံကြီး (၂) နိုင်ငံရှိသည့် တရုတ်နှင့်အိန္ဒိယနိုင်ငံကြီးနှစ်ခုအကြား တည်ရှိနေသဖြင့် အဆိုပါနိုင်ငံကြီးနှစ်ခု၏ စားနပ်ရိက္ခာလိုအပ်ချက်များမှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာမည်ဖြစ်ရာ မြန်မာ့လယ်ယာထွက်ကုန်သီးနှံများအတွက် အလွန်အလားအလာကောင်းသောအနေအထားတွင် တည်ရှိနေပါသည်။ မြန်မာနိုင်ငံတွင် လယ်ယာထွက်ကုန်သီးနှံအမျိုးပေါင်း ၆၀ကျော်စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ နိုင်ငံတော်အနေဖြင့် ပြည်သူများ၏ကျန်းမာရေးအရ ပြည်တွင်းစားနပ်ရိက္ခာဖူလုံရေးအတွက် လယ်ယာထွက်ကုန်သီးနှံများကို ပိုမိုတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ လယ်ယာထွက်ကုန်သီးနှံ ထုတ်လုပ်မှုတိုးတက်စေရေးနှင့် ထုတ်လုပ်သည့်လယ်ယာထွက်ကုန်သီးနှံကဏ္ဍဈေးကွက်ပိုမိုရရှိလာစေရေး၊ အလုပ်အကိုင်အခွင့်အလမ်းတိုးပွားလာစေရေး၊ သီးနှံကဏ္ဍ (Supply Chain) တစ်လျှောက် ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် နိုင်ငံခြားငွေအသုံးပြုမှုလျော့နည်းသက်သာစေရေးတို့အတွက် မူဝါဒများချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်မြှင့်တင်ရေးမူဝါဒ၏ အဓိကအခန်းကဏ္ဍအဖြစ် အမျိုးသားပို့ကုန်မဟာဗျူဟာ ( National Export Strategy – NES) ကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိပါသည်။ အမျိုးသားပို့ကုန်မဟာဗျူဟာကို ပို့ကုန်အမယ်စုံတင်ပို့နိုင်ရေး ရည်မှန်းလျက် စိုက်ပျိုးရေးနှင့်ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် တီထွင်ဆန်းသစ်မှုနှင့် နည်းပညာမြှင့်တင်ဆောင်ရွက်ခြင်းတို့ဖြင့် ဟန်ချက်ညီစွာဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာကိုကျင့်သုံး၍ မြန်မာ့စီးပွားရေးလုပ်ငန်းများကိုမြှင့်တင်ပေးခြင်းဖြင့် မြန်မာနိုင်ငံအား ဒေသတွင်းယှဉ်ပြိုင်နိုင်စွမ်းရှိသော နိုင်ငံတစ်နိုင်ငံဖြစ်လာစေရန်အတွက် ယင်းအမျိုးသားပို့ကုန်မဟာဗျူဟာကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။

     အမျိုးသားပို့ကုန်မဟာဗျူဟာပထမအဆင့်ကို ၂၀၁၅ခုနှစ်မှ ၂၀၁၉ခုနှစ်အထိ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ဒုတိယအဆင့်ကို ၂၀၂၀ခုနှစ်မှ ၂၀၂၅ခုနှစ်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါသည်။ အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၂၀၁၉) ခုနှစ်တွင် ပဲမျိုးစုံဆီထွက်သီးနှံကဏ္ဍကို ဦးစားပေးကဏ္ဍတစ်ရပ်အနေဖြင့်ထည့်သွင်းထားပြီး ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သည့်အပြင် (၂၀၂၀-၂၀၂၅)ခုနှစ်တွင် ဆောင်ရွက်ရန် ဦးစားပေးကဏ္ဍ (၁၃) ခုနှင့် အထောက်အကူပြုကဏ္ဍ (၅) ခုတို့ကိုရွေးချယ်ရာတွင် နိုင်တော်၏စီးပွားရေးဦးတည်ချက်များနှင့်အညီ ရွေးချယ်ခဲ့ရာတွင် ပဲမျိုးစုံဆီထွက်သီးနှံကဏ္ဍကို ဦးစားပေးကဏ္ဍများအဖြစ် ဆက်လက်ထည့်သွင်းထားရှိပြီး ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။

     အမျိုးသားပို့ကုန်မဟာဗျူဟာ (National Export Strategy – NES) ပဲမျိုးစုံဆီထွက်သီးနှံကဏ္ဍ ( Plan of Action  -  PoA ) တွင် လုပ်ငန်းစဉ်စုစုပေါင်း (၂၇) ခုပါရှိပြီး သီးနှံများ၏အရည်အသွေးမြှင့်တင်ရန်၊ လယ်ယာစိုက်ပျိုးမှုနည်းစနစ်များကို ခေတ်မီအောင် ဆောင်ရွက်ပေးရန်၊ ထောက်ပံ့ဖြည့်တင်းရန်နှင့် ကုန်သွယ်ရေးဆိုင်ရာအခြေခံအဆောက်အအုံများတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ပေးရန်၊ ပို့ကုန်မြှင့်တင်ပေးနိုင်မည့် အခြေခံအဆောက်အအုံများတိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ပေးရန်၊ ပို့ကုန်မြှင့်တင်ပေးနိုင်သည့်နည်းလမ်းများကို တိုးတက်အောင်ဆောင်ရွက်ပေးရန် စသည့်လုပ်ငန်းစဉ်များကို ထည့်သွင်းရေးဆွဲထားရှိပါသည်။ (Plan of Action  -  PoA) ပါ လုပ်ငန်းစဉ်များအားလုံးကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါက နိုင်ငံတကာအရည်အသွေးမီသော ပဲမျိုးစုံဆီထွက်သီးနှံကဏ္ဍများကို ပြည်တွင်းစားသုံးမှုဖူလုံအောင်ထုတ်လုပ်နိုင်မည်သာမက ပြည်ပသို့တင်ပို့နိုင်မည်ဖြစ်၍ ကာလရှည်တွင် ပဲမျိုးစုံကဏ္ဍ၏တန်ဖိုးကွင်းဆက်တစ်ခုလုံးဖွံ့ဖြိုးတိုးတက်ပြီး ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါသည်။

     ပြည်ပဈေးကွက်များသို့ လယ်ယာထွက်ကုန်သီးနှံများကို အရည်အသွေးပြည့်မီစွာ စဉ်ဆက်မပြတ်တင်ပို့နိုင်ရေးအတွက် သင့်လျော်သည့်မူဝါဒလုပ်ငန်းစဉ်များချမှတ်ခြင်း၊ နိုင်ငံတကာအသိအမှတ်ပြုဓာတ်ခွဲခန်းများပေါ်ပေါက်လာစေရန် အဆင့်မြှင့်တင်ပေးခြင်း၊ မြန်မာနိုင်ငံ၏ (Good Agriculture Pratices  - GAP)၊  အာဆီယံ GAP၊ ကမ္ဘာ့ GAP တို့နှင့် တညီတညွတ်တည်းဖြစ်အောင်လုပ်ဆောင်ပေးခြင်း၊ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းအချင်းချင်း (B2B) တွေ့ဆုံဆွေးနွေးပွဲများနှင့် နိုင်ငံတကာကုန်စည်ပြပွဲများတွင် ပါဝင်ပြသနိုင်ရေးအတွက် ဆောင်ရွက်ပေးခြင်း၊ ကုန်သွယ်မှုဆိုင်ရာသတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီဖြန့်ဝေပေးခြင်း၊ လယ်ယာထွက်ကုန်သီးနှံများနှင့်သက်ဆိုင်သည့် စံချိန်စံညွှန်းများချမှတ်ခြင်းတို့အတွက် လယ်ယာထွက်ကုန်ကဏ္ဍ၏ကော်မတီဝင်များဖြစ်သည့် သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့်ပုဂ္ဂလိကလုပ်ငန်းရှင်များက ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

    ပြည်တွင်းစားသုံးမှုဖူလုံမှုရှိပြီး နှစ်စဉ်ပိုလျှံလျက်ရှိသောလယ်ယာထွက်ကုန်သီးနှံများကို ပြည်ပဈေးကွက်သို့ စဉ်ဆက်မပြတ်တင်ပို့နိုင်ရေးအတွက် စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသနှင့်ကိုက်ညီသောမျိုးကောင်းမျိုးသန့်မျိုးသစ်သီးနှံများကိုစိုက်ပျိုးရေး၊ အထွက်တိုးနည်းလမ်းများအတိုင်း စိုက်ပျိုးရေး၊ ရိတ်သိမ်းချိန်လွန်နည်းပညာများအသုံးပြုရေး(အရေအတွက်နှင့် အရည်အသွေးဆုံးရှုံးမှု)၊ ဓာတ်မြေဩဇာများကိုစနစ်တကျသုံးစွဲရေး၊ ဘက်စုံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေး စသည့်နည်းလမ်းများကို ဆောင်ရွက်ရန်လိုအပ်ပါသည်။ မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင်စိုက်ဟူသော နည်းစနစ်ကိုလည်းကျင့်သုံးရန် လိုအပ် ပါသည်။ မျိုးသန့်များရယူနိုင်ရေးအတွက် ကျေးရွာကိုအခြေခံသော မျိုးစေ့ဘဏ်၊ တောင်သူကိုအခြေခံသော မျိုးစေ့ဘဏ်များတည်ထောင်နိုင်ရေး တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ပါသည်။

    ထို့ပြင် မျိုးကောင်းမျိုးသန့်မျိုးစေ့များထုတ်လုပ်ဖြန့်ဝေခြင်းလုပ်ငန်းများ၊ အထွက်နှုန်းတိုးတက်ရေးအတွက် အထောက်အကူပြုလုပ်ငန်းများဖြစ်သည့် မိုးကြိုနွေထယ်ထိုးရေခံခြင်း၊ သစ်စိမ်းမြေဩဇာများ ထည့်သွင်းသုံးစွဲခြင်း၊ စူပါဘိုကာရှီများထည့်သွင်းသုံးစွဲခြင်းလုပ်ငန်းများ၊ အီးအပ်ဘိုကာရှီသုံးစွဲခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်။ စိုက်ပျိုးရေးထုတ်ကုန်များပိုမိုထွက်ရှိစေရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။

    ဒေသတွင်းစိုက်ပျိုးထွက်ရှိလာသည့် လယ်ယာထွက်ကုန်များအား နယ်စပ်မှတစ်ဆင့် တိုးမြှင့်တင်ပို့နိုင်ရေးအတွက်လည်း နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးများတွင်  ပြည်တွင်းအသင်းအဖွဲ့များ၊ ဌာနများနှင့်ချိတ်ဆက်၍ညှိနှိုင်းခြင်း၊ စီးပွားရေးသံမှူးများနှင့်ချိတ်ဆက်ဆောင်ရွက်ခြင်း၊ကုန်စည်ပြပွဲများတွင်ပါဝင်ပြသခြင်း၊ ချစ်ကြည်ရေးအသင်းအဖွဲ့များ၊ ကုန်သည်အသင်းတို့မှတစ်ဆင့်လည်း ကမ်းလှမ်းနိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

    ထို့ပြင် ကုန်သွယ်မှုရှုထောင့်မှ လယ်ယာထွက်ကုန်သီးနှံများကို ကုန်ကြမ်းအတိုင်း တင်ပို့ခြင်းအစား မုန့်အမျိုးမျိုးနှင့်စားသောက်ကုန်များအဖြစ် တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်တင်ပို့နိုင်ရေးအတွက် (MSMEs) ကဏ္ဍများကို တွန်းအားမြှင့်တင်ဆောင်ရွက်ခြင်းနှင့် အဆိုပါတန်ဖိုးမြှင့်ထုတ်ကုန်များအား ဈေးကွက်သစ်ရှာဖွေတင်ပို့ခြင်းဖြင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ရန်ကုန်)