Main menu

ပြောင်းဖူးအကြောင်း တစေ့တစောင်း

Powered by Drupal
Thu, 06/15/2023 - 10:50 -- consumer_admin

     လူသားများ နေ့စဉ် လူနေမှုစားသောက်ကုန်များအနက် ပြောင်းဖူး၏ ဆေးဖက်ဝင်အကျိုးကျေးဇူးများကို လေ့လာသိရှိခဲ့ရပါသည်။ လူကြီးလူငယ်မရွေးစားသုံးလေ့ရှိသော ပြောင်းဖူးသည် လူ့ကျန်းမာရေးကို အဖက်ဖက်မှကူညီထောက်ပံ့ပေးနိုင်သည့် သဘာဝအသီးအနှံအမျိုးအစားတစ်ခုဖြစ်ပါသည်။ နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးကို ကောင်းမွန်စေပါသည်။ ပြောင်းဖူးတွင် ဗီတာမင် B9 ဟုခေါ်သည့် ဖော့စလိတ်ဓာတ်ပါဝင်သောကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါသည်။ အထူးသဖြင့် ဖော့စလိတ်ဓာတ်ပါသော အစားအသောက်များကိုများများစားသုံးလျှင် နှလုံးသွေးကြောဆိုင်ရာရောဂါ၊ လေဖြတ်ရောဂါ၊ နှလုံးရောဂါထခြင်းရောဂါများဖြစ်နိုင်ခြေကို လျော့ကျစေပါသည်။

   အဆုတ်နှင့်ပတ်သက်သော အဆုတ်ကင်ဆာကိုလည်းကာကွယ်ပေးပါသည်။ Beta Cryptoxanthin ပါဝင်သောကြောင့် အဆုတ်ကင်ဆာကိုလျော့ကျစေပါသည်။ အထူးသဖြင့် ဆေးလိပ်သောက်သူများသည် ပြောင်းဖူးကိုပုံမှန်စားသုံးပေးခြင်းဖြင့် အဆုတ်ကင်ဆာဖြစ်နိုင်ခြေ ၃၇ရာခိုင်နှုန်းအထိလျော့ကျစေပါသည်။ သိုင်ယာမင်း၊ Vitamin B1 ဓာတ်များလည်းပါဝင်သဖြင့် ဦးနှောက်ဆဲလ်များကို အားကောင်းစေပြီး တွေးခေါ်နိုင်သည့်လုပ်ငန်းများကို တိုးတက်စေပါသည်။ အယ်လ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေနည်းပါးစေရေးအတွက် အထောက်အကူတစ်ရပ်ဖြစ်စေပါသည်။

   ဘီတာကယ်ရိုတင်း၊ အင်တီအောက်ဆီးဒင့်နှင့် ဇီဇွန်သင်းများစွာပါဝင်ပါသည်။ မက်ကူလာယိုယွင်းပျက်စီးမှုကဲ့သို့ အမြင်အာရုံနှင့်ပတ်သက်သည့်မျက်စိရောဂါများမဖြစ်အောင် ကာကွယ်ပေးပါသည်။ Folic Acid များပါဝင်သည့်အပြင် အင်တီအောက်ဆီးဒင့်တစ်မျိုးဖြစ်သောကြောင့် လူ့ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုများ၊ အိုမင်းရင့်ရော်မှုနှင့် ကင်ဆာရောဂါများကိုလည်း ကာကွယ်ပေးပါသည်။ သွေးတွင်းရှိ ကိုလက်ထရောများကိုလည်းလျော့ကျစေပါသည်။

   ပြောင်းဖူးအမျှင်ဓာတ်သည်လည်း အရမ်းအသုံးဝင်လှပါသည်။ ဆီးချိုသွေးချိုသမားများအတွက် အမျှင်ဓာတ်များစားသုံးပေးရန် လိုအပ်လှပါသည်။ ပြောင်းဖူး၏အမျှင်ဓာတ်များက ဆီးချိုသွေးချိုရောဂါသမားများ၏ သွေးတွင်းသကြားဓာတ်ပမာဏကိုလျော့ကျစေပါသည်။ ပြောင်းဖူးတစ်ခွက်စာပမာဏမှာ တစ်နေ့တာလိုအပ်သည့်အမျှင်ဓာတ် ၁၈.၄ရာခိုင်နှုန်းပါဝင်ပါသည်။ ပြောင်းဖူးအမျှင်များကို ရေနွေးဖြင့်ကျိုသောက်ပါကလည်း အမျှင်ဓာတ်ပါဝင်မှုမြင့်မားခြင်းကြောင့် သွေးတွင်းကိုလက်ထရောအဆင့်ကိုလျော့ကျစေပြီး အူမကြီးကင်ဆာဖြစ်နိုင်ချေကိုလည်း လျော့ကျစေပါသည်။

    ပြောင်းဖူးတစ်ဖူးတွင် သစ်သီး၊ ဟင်းသီးဟင်းရွက်များထက် အာဟာရဓာတ်ပိုမိုပါဝင်နေသည်။ လူအများစုသည် ပြောင်းဖူးကို ပြုတ်စား၊ သုပ်စားသည်ကပိုများပါသည်။ အဆီ၊ ဆားများ၊ သကြားများ အစရှိသဖြင့် ချက်ပြုတ်စားသောက်သည်ထက် သုပ်၍ သော်လည်းကောင်း၊ စွပ်ပြုတ်ပြုတ်သောက်၍သော်လည်းကောင်း စားသောက်ခြင်းသည် ကျန်းမာရေးနှင့်ပိုမိုညီညွတ်စေပါသည်။ ယခုအခါ တောင်ငူဈေးကွက်တွင် ပြောင်းဖူးအကြီးတစ်ဖူးလျှင် (၂၅၀-၃၀၀) ကျပ်နှင့် ပြောင်းဖူးအသေးတစ်ဖူးလျှင် (၁၅၀-၂၀၀) ကျပ်တို့ဖြင့်ရောင်းချကြောင်း သိရှိရပါသည်။

     နေ့စဉ် လူနေမှုဘဝတွင် ကျန်းမာသောဘဝများ ရေရှည်ရပ်တည်နိုင်ရေးအတွက် အာဟာရဓာတ်များစွာကြွယ်ဝပြီး ကျန်းမာရေးကို များစွာကူညီထောက်ပံ့ပေးနိုင်သောပြောင်းဖူးကို စားသုံး သင့်ပါသည်ဟု  အကြံပြုတင်ပြလိုက်ရပါသည်။

DOCA(ပဲခူး)