Main menu

ဆန်စပါးနှင့် ကြိတ်ခွဲစက်

Powered by Drupal
Mon, 06/19/2023 - 14:41 -- consumer_admin

 ဆန်စပါးသည် မြန်မာနိုင်ငံတွင် ရှေးနှစ်ပေါင်းများစွာကပင် စိုက်ပျိုးထုတ်လုပ်ခဲ့သည့် အဓိကစားကုန်၊ စားနပ်ရိက္ခာတစ်မျိုးဖြစ်ပါသည်။ စက်ယန္တရားများမပေါ်ပေါက်သေးသည့် အချိန်ကာလကတည်းကပင် နည်းမျိုးစုံဖြင့် စပါးကို ဆန်ဖြစ်အောင် ပြုလုပ်စားသောက်ခဲ့ကြပါသည်။ လက်ဆုံ၊ မောင်းဆုံတို့ဖြင့်ထောင်း၍ ဆန်ဖြစ်အောင်ပြုလုပ်စားသုံးခဲ့ကြပါသည်။ ၁၈၆၀ခုနှစ်လောက်တွင် အင်္ဂလန်နိုင်ငံမှ ပညာရှင် (၂) ဦးက ဆန်စက်ကို တီထွင်ထုတ်လုပ် ခဲ့ကြပြီး ဆန်စက်ဖြင့် စပါးကိုကြိတ်ခွဲလာခဲ့ကြရာ ယခုအခါတွင် ခေတ်မီဆန်စက်များ များစွာပေါ်ထွက်လာ၍ ဆန်စက်ဖြင့်သာ စပါးကြိတ်ခွဲခြင်းကို ပြုလုပ်ကြပါသည်။

 လူသားများအတွက် အဓိကလိုအပ်ချက်မှာ စားနပ်ရိက္ခာဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း စားနပ်ရိက္ခာဖူလုံရေးအတွက် သီးနှံစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားဆောင်ရွက်ကြပါသည်။ ထိုသို့ စားနပ်ရိက္ခာအတွက် သီးနှံများကိုစိုက်ပျိုးကြရာတွင် “စပါး” သည် အဓိကကြသောသီးနှံတစ်ခုဖြစ်ပါသည်။ သီးနှံများကိုစိုက်ပျိုးကြရာတွင်လည်း အထွက်တိုး၍ အရည်အသွေးကောင်းမွန်စေရန် ခေတ်မီသောသိပ္ပံနည်းစနစ်များဖြင့် ဆောင်ရွက်ကြပါသည်။ မြန်မာနိုင်ငံတွင် စိုက်ပျိုးခဲ့ကြသောစပါးမျိုးကွဲပေါင်း တစ်ထောင်နီးပါးခန့်ရှိရာ သက်တမ်း (၁၀၀) ရက်မှ (၁၅၀) ရက်အထိရှိသော မျိုးစပါးများကို “ကောက်လျင်” ရက်ပေါင်း (၁၅၀) မှ (၁၇၀) ထိရှိသောမျိုးစပါးများကို “ကောက်လတ်”၊ ရက်ပေါင်း (၁၇၀) အထက်ရှိသောမျိုးစပါးများကို “ကောက်ကြီး” ဟူ၍ လွယ်ကူစွာမှတ်သားနိုင်ရန် အုပ်စု (၃) မျိုးခွဲခြားထားသည်ဟုဆိုပါသည်။

      မြန်မာနိုင်ငံတွင် စပါးစိုက်ပျိုးသောဒေသများကို မိုးရွာသွန်းမှုပမာဏအလိုက် ဇုန် (၄) စုခွဲ၍ သတ်မှတ်ခဲ့သည်ဟုလည်းဆိုပါသည်။ မြန်မာနိုင်ငံမြောက်ပိုင်း “စိုစွတ်ဇုန်”တွင် (ကချင်ပြည်နယ်- မြစ်ကြီးနား၊ ကသာ၊ ဗန်းမော်နှင့် အထက်ချင်းတွင်း မော်လိုက်ခရိုင်တို့ပါဝင်ပြီး နှစ်စဉ် မိုးရေချိန်လက်မ (၆၂ မှ ၈၀)ထိရွာသွန်းသည်ဟုဆိုပါသည်။ အထက်မြန်မာနိုင်ငံ “အပူပိုင်းဇုန်”တွင် (မန္တလေးခရိုင်မှ သရက်အထိ) ပါဝင်ပြီး နှစ်စဉ်မိုးရေချိန်လက်မ (၂၅ မှ ၄၀) ထိဖြစ်၍ တောင်ကြားချိုင့်ဝှမ်းများ၌ မိုးရေဖြင့်စိုက်ပျိုးသည်ဟုဆိုပါသည်။ မြန်မာနိုင်ငံ “အလယ်ပိုင်းဇုန်” (တောင်ငူနှင့် ပြည်ခရိုင်) ဧရာဝတီမြစ်၏ဝဲယာ၌ ပြန့်ပြူးညီညာသောမြေပြန့်များရှိ၍ သက်လတ်စပါးများစိုက်ပျိုးကြကာ အောက်မြန်မာနိုင်ငံ “စိုစွတ်ဇုန်” အား အပိုင်း (၃) ပိုင်းခွဲခြားထားရာ အပိုင်း (၁) ၌ (စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲခရိုင်) တို့ဖြစ်၍ မိုးရေချိန်လက်မ (၂၀၀) ကျော်ရှိပြီး အပိုင်း (၂) တွင် (သထုံ၊ ကျိုက္ခမီ၊ ထားဝယ်နှင့် မြိတ်ခရိုင်) တို့ပါဝင်ပြီး မိုးရေချိန်လက်မ (၂၀၀) ကျော်ရှိကာ အပိုင်း (၃) မှာ ဟင်္သာတ၊ ဟံသာဝတီ၊ သာယာဝတီ၊ ပဲခူး၊ အင်းစိန်၊ ရန်ကုန်၊ မအူပင်၊ ဖျာပုံ၊ မြောင်းမြ၊ ပုသိမ်၊ သံလွင်) တို့ဖြစ်ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ မြေနိမ့်လွင်ပြင်များဖြစ်ကာ မိုးရေချိန်လက်မ (၈၀) ကျော်မှ (၁၃၀) ထိရွာသွန်းသည်ဟုဆိုပါသည်။

    စိုက်ပျိုးထွက်ရှိသောစပါးလုံး၏ အလျား၊ အနံ စသည့်အချိုးအစားကိုလိုက်၍ စပါးအုပ်စု (၅) စုသတ်မှတ်ခဲ့သည်ဟုလည်းဆိုခဲ့ပါသည်။ ထို (၅) ခုမှ ဧည့်မထအုပ်စု၊ လက်ရွေးစင်အုပ်စု၊ ငစိန်အုပ်စု၊ မီးတုန်းအုပ်စု၊ ဗျတ်အုပ်စုတို့ဖြစ်ပါသည်။ စပါးစိုက်ပျိုးရာတွင်လည်း အထွက်နှုန်းကောင်းစေရန် စနစ် (၁၀) မျိုးရှိသည်ဟုလည်းဆိုပါသည်။ ယင်းတို့မှာ အထွက်ကောင်းမျိုးစပါးအသုံးပြုရန်၊ ညက်ညက်ထွန်ရန်၊ စိပ်စိပ်စိုက်ရန်၊ မျိုးသက် (၂၅) ရက်နှင့် (၃၀) ရက်အတွင်း ပြောင်းရွှေ့စိုက်ရန်၊ ဓာတ်မြေဩဇာအချိုးကျသုံးစွဲရန်၊ ပေါင်းမြက်နှိမ်နင်းပြီး သမန်းနိုးရန်၊ ရေသွင်းရေထုတ်ပြုလုပ်ရန်၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်နှိမ်နင်းရန်၊ အလေအလွင့်နည်းအောင် ရိပ်သိမ်းချွေလှေ့ရန်တို့ဖြစ်သည်ဟုဆိုပါသည်။

   မြန်မာနိုင်ငံတွင် ရေမြေရာသီဥတုအခြေအနေအရလည်းကောင်း၊ စိုက်ပျိုးချိန်ရာသီအရလည်းကောင်း၊ စပါးမျိုးအုပ်စုများကွဲပြားစိုက်ပျိုးလျက်ရှိရာ အောက်မြန်မာနိုင်ငံ၊ မြစ်ဝကျွန်းပေါ်ဒေသများတွင် မိုးကောင်းသောက်မြေပြန့်စပါး၊ အထက်မြန်မာနိုင်ငံ၊ ဆည်များ၊ တူးမြောင်းများရှိရာဒေသတွင် ဆည်ရေသောက်စပါးအုပ်စုကိုလည်းကောင်း၊ တောင်တန်းဒေသများ၌ ကုန်းမြင့်စပါးကိုလည်းကောင်း၊ မြေပြန့်ဒေသများရှိ ယာမြေများတွင် ယာစပါးများ ကိုလည်းကောင်း၊ မြစ်ဝကျွန်းပေါ်ဒေသကြီး၊ ရေနက်ကွင်းများ၌ ရေနက်စပါးများကိုလည်းကောင်း၊ တောင်တန်းဒေသများတွင် တောင်ယာစပါးများကိုလည်းကောင်း၊ မိုးကျသည်နှင့်တစ်ပြိုင်နက် မျိုးစပါးများကိုကြဲပက်စိုက်ပျိုးကြ၍ မြန်မာနိုင်ငံအောက်ပိုင်းနှင့် အထက်ပိုင်းဒေသများတွင် နွေစပါးများကိုစိုက်ပျိုးခဲ့ကြပြီး ယခုအခါတွင် နွေစပါးများကိုတိုးချဲ့စိုက်ပျိုးလျက်ရှိရာ နွေစပါးအောင်မြင်ဖြစ်ထွန်းရေးအတွက် စိုက်ပျိုးရေရရှိရေးကိုလည်း ဦးစားပေးဆောင်ရွက်ရန်လိုသည်ဟုဆိုပါသည်။

  ထိုကဲ့သို့ နည်းအမျိုးမျိုး၊ စနစ်အမျိုးမျိုး၊ နေရာဒေသအသီးသီး၌ စိုက်ပျိုးပုံအမျိုးမျိုးဖြင့်စိုက်ပျိုး၍ အောင်မြင်စွာရိပ်သိမ်းပြီးသောစပါးများကို စပါးလုံးအတိုင်းစားသုံး၍ ရနိုင်သည်မဟုတ်ပါ။ ထိုရိတ်သိမ်းပြီးသောစပါးများကို ဆန်အဖြစ်သို့ရောက်ရှိရန်အတွက် ကြိတ်ခွဲရန်လိုအပ်ပါသည်။ ယခင်နှစ်ပေါင်းများစွာကတည်းကပင် စပါးများအား လက်ဆုံ၊ မောင်းဆုံတို့ဖြင့် ကြိတ်ခွဲစားသောက်လာခဲ့ကြပြီး ယခုအခါ ခေတ်မီဖွံ့ဖြိုးတိုးတက် လာသည်နှင့်အညီ ခေတ်မီဆန်ကြိတ်ခွဲစက်များ၊ ခေတ်မီအဆင့်မြင့်နည်းစနစ်များဖြင့် ဆန်ကြိတ်ခွဲခြင်းများပြုလုပ်လာခဲ့ကြပါသည်။ ဆန်ကြိတ်ခွဲမှုနှင့်သက်ဆိုင်သည့်နည်းစနစ်များ၊ စက်ကိရိယာအသစ်များကိုလည်း တီထွင်ထုတ်လုပ်ခဲ့ကြရာ ကမ္ဘာ့နိုင်ငံအသီးသီးမှ တီထွင်ထုတ်လုပ်သော ခေတ်မီဆန်ကြိတ်ခွဲစက်အမျိုးအစားပေါင်းများစွာပေါ်ထွက်လာခဲ့ကြပါသည်။ စပါးကို ဆန်အဖြစ်သို့ကြိတ်ခွဲရာတွင် စပါး၏ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ထားမှုကို ဦးစွာလေ့လာသိရှိထားရန်လိုအပ်သည်ဟုဆိုပါသည်။ စပါးကို လုံးတီးဆန်အဖြစ် ရာဘာကြိတ်လုံးဖြင့် ကြိတ်ခွဲခြင်းသည် Pericarp အလွှာပျက်စီးမှုမရှိသဖြင့် ထိုလုံးတီးဆန်အား ကြာရှည်စွာသိုလှောင်ထားနိုင်သည်ဟုလည်းဆိုပါသည်။ ဆန်စက်တစ်စက်တွင် မရှိမဖြစ်လိုအပ်သည့်အစိတ်အပိုင်းများမှာ စပါးသန့်စင်စက် (Paddy Cleaner)၊ စပါးအခွံချွတ်စက် (Paddy Husker)၊ ကြိတ်ဖက်ဆန်ခါ (Meal Sifter)၊ ကြိတ်ဖက်ပန်ကာ (Husk Acpirator)၊ စပါးလုံးရွေးစက် (Paddy Separator)၊ ဆန်ဖြူဖွတ်စက် (Rice Whitener)၊ ဆန်ကွဲချဆန်ခါ (Broken Sifter)၊ ခပ်ခွက်တိုင် (Bucket Elevator) တို့ဖြစ်သည်ဟုလည်းဆိုပါသည်။

     ဆန်စက်များခေတ်မီတိုးတက်လာသည်နှင့်အမျှ စက်အစိတ်အပိုင်းများကိုတိုးချဲ့တပ်ဆင်အသုံးပြုလာခဲ့ကြရာ စပါးသန့်စင်စက်သို့မရောက်မီ အလိုအလျောက် ချိန်တွယ်မှတ်သားသည့်စက်၊ စပါးတွင်ပါဝင်သည့်သံတိုသံစများကို ဖမ်းယူနိုင်သည့်ကိရိယာများ၊ သန့်စင်ပြီးသောစပါးများကို အလိုအလျောက်ချိန်တွယ်သည့်စက်များ၊ စပါးအတိုအရှည်ခွဲခြားသည့်စက်များ၊ ဖုံစုပ်စနစ်နှင့် ဖုံဖမ်းဆိုင်ကလုံများ၊ လုံးပိန်လုံးညှပ်ရွေးစက်များ၊ ကျောက်ခဲထုတ်စက်များ၊ ဖွဲနုလေစုပ်စနစ်နှင့် ဆိုင်ကလုံများ၊ ဖွဲနုမှဆန်ကွဲထုတ်စက်များ၊ ဆန်အရောင်တင်စက် (အခြောက်၊ အစို) များ၊ ဆန်ရောကိရိယာများ၊ ဆန်ဝါအရောင်ရွေးထုတ်စက်များ၊ အလိုအလျောက်ဆန်အိတ်ချိန်တွယ်စက်များ၊ ဆန်အိတ်ချုပ်စက်များ၊ လွန်ကွန်ဗေယာများ၊ သားရေပတ်ကြီးကွန်ဗေယာများ၊ ချိန်းကွန်ဗေယာများနှင့် အလိုအလျောက်စနစ်များကိုလည်း တိုးချဲ့တပ်ဆင်အသုံးပြုလာကြပါသည်။

  ဆန်စပါးနှင့်ကြိတ်စက်များအကြောင်းကို လေ့လာရေးသားမည်ဆိုပါက ဆုံးနိုင်တော့မည်မဟုတ်၍ အလွန်နက်နဲကျယ်ပြန့်လှသည်လည်းဖြစ်ပါသည်။ ဆန်စပါးနှင့်ကြိတ်ခွဲစက်သည် စွယ်တော်ရွက်ကဲ့သို့ အလားသဏ္ဌာန်တူပါသည်။ ဖတ်သိလေ့လာရသမျှ ရေးသားတင်ပြလိုက်ရပါသည်။

DOCA(ရန်ကုန်)