ဒန့်သလွန်ပင်သည် အပူပိုင်းသီးနှံဖြစ်သော်လည်း တောင်ပေါ်မြေပြန့်ဒေသမရွေး ဖြစ်ထွန်းသဖြင့် ရာသီဥတုမရွေးသောအပင်ဖြစ်ပါသည်။ သဲဆန်လွန်းသောမြေ၊ ကျောက်စရစ် မြေများမှလွဲ၍ ကျန်မြေများမှာဖြစ်ထွန်းလျက်ရှိပါသည်။ မြေဩဇာအားကောင်းပြီး ရေမဝပ်သော နှုန်းမြေ၊ သဲနုန်းမြေ၊ နုန်းမြေစေးများသည် အကောင်းဆုံးဖြစ်ပါသည်။ မိသားစုစားသုံးရန်မှအပ စီးပွားဖြစ်စိုက်ပျိုးခြင်းမှာ ရှားပါးခဲ့ရာမှ ယခုအခါဈေးကွက်ဝင်သီးနှံဖြစ်လာသောကြောင့် လူအများစိုက်ပျိုးသင့်သည့် သီးနှံတစ်မျိုးဖြစ်လာပါသည်။ စိုက်ပျိုးမှုအနေဖြင့် အကိုင်းအားဖြတ်၍ တိုက်ရိုက်ဖြစ်စေ၊ အစေ့အားပျိုးထောင်၍ဖြစ်စေ စိုက်ပျိုးနိုင်ပါသည်။ အကိုင်းမှစိုက်လျှင် ၂နှစ်အတွင်း အသီးသီးနိုင်ပါသည်။ အစေ့ကိုစိုက်ပါက (၄-၅) နှစ်သားတွင် အသီးစတင်၍သီးပါသည်။ အကိုင်းကိုစိုက်လျှင် မိုးဦးကျချိန်ဖြစ်သော ဇွန်လအတွင်း စိုက်နိုင်ပါသည်။ တစ်ပင်နှင့်တစ်ပင် ပေ၂၀ခြားအကွာစီဖြင့်စိုက်ပျိုးပြီး စိုက်မည့်နေရာကို (၃) ပေပတ်လည်ကျင်းတူး၍ မြေသားနှင့် နွားချေးဆွေး (သို့) သစ်ရွက်ဆွေးမြေဩဇာတို့ကို ဆတူရော၍ထည့်နိုင်ပါသည်။ အကိုင်းစိုက်ပြီးနောက် မိုးမရွာပါက အနည်းဆုံး တစ်နေ့လျှင်တစ်ကြိမ် ရေလောင်းပေးရပါမည်။ အမြစ်ထွက်လွယ်သောအပင်ဖြစ်သောကြောင့် စိုက်ပြီးနောက် တစ်ပတ်အတွင်း အမြစ်ထွက်ကာ ရှင်သန်ဖြစ်ထွန်းနိုင်ပါသည်။ ကိုင်းဖြတ်စိုက်ပြီး (၂) နှစ်သားအပင်အရွယ်တွင် စတင်၍အသီးပွင့်နိုင်ပါသည်။ သို့သော် (၅) နှစ်သားရောက်မှသာ အသီးများများသီးပါသည်။ အစေ့တိုက်ရိုက်ချစိုက်နည်းမှာ ဒန့်သလွန်ပင်မှ မျိုးစေ့ယူရန်အတွက် နွေကာလဖြစ်သော မတ်လနှင့် ဧပြီလများတွင် ကောင်းစွာရင့်မှည့်သော အသီးများမှအစေ့ကိုယူပြီး မိုးဦးကျချိန် ဇွန်လတွင် စိုက်ပျိုးပေးရပါမည်။ စိုက်မည့်နေရာကို တစ်ပေပတ်လည်ကျင်းတူးပြီး မြေသားနှင့် နွားချေးဆွေး၊ မြေဆွေးတို့ကို ဆတူရော၍ထည့်ရပါမည်။ ထို့နောက် ကျင်းအလယ်တွင် အစေ့ကို တစ်လက်မခန့် မြေမြုပ်၍စိုက်ရပါမည်။ စိုက်ချိန်တွင် မိုးမရွာပါက အနည်းဆုံး တစ်နေ့လျှင် တစ်ကြိမ် ရေလောင်းပေရန်လိုအပ်ပါသည်။ အစေ့မှစိုက်ပြီး တစ်ပတ်အကြာတွင် အပင်ပေါက်လာပါသည်။ အစေ့စိုက်အပင်ကိုလည်း တစ်ပင်နှင့်တစ်ပင် ပေ (၂၀) စီခြား၍ စိုက်ခြင်းဖြင့် တစ်ဧကတွင် (၁၈၀) ပင်ဝင်ဆံ့ပါမည်။ အစေ့တိုက်ရိုက်ချစိုက်သောအပင်သည် (၂) နှစ်သားတွင် ပန်းပွင့်နိုင်သော်လည်း ကိုင်ဖြတ်စိုက်သောအပင်ထက် ပန်းပွင့်ခြင်း၊ အသီးသီးခြင်းများနောက်ကျနိုင်ပါသည်။ သို့သော် (၅) နှစ်သားရောက်မှသာ အသီးဖြိုင်ဖြိုင်သီးနိုင်ပါသည်။ ကိုင်းဖြတ်စိုက်သောအပင်ထက် အစေ့မှစိုက်သောအပင်မှာ အသီးပိုသီးလေ့ရှိပါသည်။ မြေထုပ်ဖြင့်စည်းကာ စိုက်ပျိုးနိုင်သော်လည်း ကိုင်းဖြတ်စိုက်ခြင်းကို လွယ်ကူစွာပြုလုပ်နိုင်လာခြင်းကြောင့် မြေထုပ်စည်းသည့် စိုက်ပျိုးမှုနည်းပါးလာပါသည်။ အပင်ပြုစုစောင့်ရှောက်ခြင်းမှာ ထူးခြားသောနည်းစနစ်များဖြင့် ပြုစုခြင်းမရှိသေးပါ။ မြေဩဇာကျွေးခြင်းမှာ အခြားအပင်များကဲ့သို့ မြေဩဇာကို စနစ်တကျကျွေးလျှင် အပင်ဖြစ်ထွန်းမှုကောင်းပြီး အသီးဖြိုင်ဖြိုင်သီးနိုင်ပါသည်။ အသီးထွက်ရသောအပင်များအား မိုးဦးတွင် တစ်ကြိမ်၊ မိုးကုန်တွင် တစ်ကြိမ် မြေဩဇာကျွေးသင့်ပါသည်။ ဒန့်သလွန်၏အရွက်သည် ဟင်းချိုချက်စားရန် ခူးဆွတ်လျက်ရှိပါသည်။ သို့သော် အသီးကို စီးပွားဖြစ်စိုက်ပျိုးမည်ဆိုပါလျှင် အရွက်များကိုမခူးဆွတ်သင့်ပေ။ ခူးဆွတ်ခြင်းနှင့်အထွက်နှုန်းမှာ ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလတို့တွင် ဒန့်သလွန်သီးဖြိုင်ဖြိုင်သီးနိုင်ပါသည်။ သို့ရာတွင် ဒန့်သလွန်သီးပင်သည် တစ်နှစ်ပတ်လုံး ပန်းပွင့်သည့်အပင်ဖြစ်သည့်အတွက် မိုးတွင်းကာလများတွင်လည်း အသီးကိုရက်ခြားခူးဆွတ်သွားနိုင်ပါသည်။ ဒန့်သလွန်စေ့မှာ အစွမ်းထက်သောကြောင့် လူတို့သည် အစွမ်းအထက်ဆုံးဆေးကောင်းတစ်လက်အဖြစ် မှီဝဲအသုံးပြုလျက်ရှိကြပါသည်။ ဒန့်သလွန်၏ အကျိုးသက်ရောက်သောအရာများမှာ ကိုယ်တွင်းခံနိုင်ရည်အင်အားများတိုးစေသော Antioxidant အများအပြားနှင့် A, B-complex, C အစရှိသောဓာတ်များပါဝင်နေသည်ကိုတွေ့ရှိရပြီး အလွယ်တကူအိပ်ပျော်စေခြင်း(အရွက်ကိုရေနွေးဖြင့် ၁၅ မိနစ်ခန့်စိမ်ကာ သောက်ခြင်း)၊ ဆီးချိုဝေဒနာရှင်များအတွက် ဒန့်သလွန်အစေ့သည် သွေးတွင်းပျော်ဝင်သည့်သကြားဓာတ်ကို ထိန်းညှိပေးပါသည်။ အရိုးအဆစ်ကိုက်ခဲသည့်ဝေဒနာနှင့် အကြောဆွဲတုန်ခါနေသူများအတွက်လည်း အထူးသင့်လျော်ပါသည်။ နှလုံးခုန်မြန်ခြင်း၊ သွေးပေါင်ချိန်တက်ခြင်း၊ အစာချေဖျက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဗီတာမင်စီဓာတ်အားနည်းခြင်း၊ သွေးလည်ပတ်မှုထိန်းပေးခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်းတို့မှလည်း ကာကွယ်ပေးနိုင်ပါသည်။ လူ့ကိုယ်တွင်းတွင် လိုအပ်နေသောရောဂါတိုက်ဖျက်ရေးစနစ်ကိုလည်း အားကောင်းစေပြီး အစေ့ကိုလှော်၍ကြိတ်ကာ ပုံမှန်သောက်ပေးခြင်းသည် ကူးစက်ရောဂါများကို ခံနိုင်ရည်ရှိနိုင်ပါသည်။ ထို့ကြောင့် ဒန့်သလွန်သည် အစွမ်းထက်သောအပင်တစ်မျိုးဖြစ်ကြောင်းကို ကိုးကားမှီငြမ်း၍ ရေးသားလိုက်ပါသည်။
DOCA(ကယား)