Main menu

နဂါးမောက်သီး၏ ဆေးဖက်ဝင် အာနိသင်

Powered by Drupal
Wed, 07/05/2023 - 16:02 -- consumer_admin

  နဂါးမောက်သီးပင်သည် နွယ်ယောင်၊ ပင်ယောင်ဖြစ်ပါသည်။ နဂါးမောက်သီးပင်ကို တောင်အမေရိက၊ အရှေ့တောင်အာရှနှင့် အပူပိုင်းဒေသများတွင် အများဆုံးစိုက်ပျိုးလျက်ရှိသည်။ အသီးသည် နဂါး၏အကြေးခွံနှင့်တူကာ စူးရှသောအပြင်ဘက်အရေပြားကြောင့် နဂါးမောက်သီးဟု ခေါ်တွင်ကြသည်။ နဂါးမောက်သီး၏ အာဟာရတန်ဖိုးနှင့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ ကြောင့် ကမ္ဘာတစ်ဝှမ်းတွင် ရေပန်းစားလာကာ ထူးခြားဆန်းပြားသော အသီးတစ်မျိုးဖြစ်သည်။

     နဂါးမောက်သီးတွင် အနီရောင် သို့မဟုတ် အဝါရောင် တောက်ပသော အရေပြားရှိပြီး ထိပ်တွင် အရွက်မှာ အစိမ်းရောင်ရှိသည်။ အသီး၏ အသားသည် ပျော့ပျောင်းပြီး အမည်းရောင်ရှိသော အစေ့ငယ်များဖြင့် ဖွဲ့စည်းထားသည်။ နဂါးမောက်သီး၏ အရသာသည် နူညံ့ပြီး ချိုသည်။ နဂါးမောက်သီးတွင် ကယ်လိုရီပါဝင်မှုနည်းပါပြီး ဗီတာမင်စီ၊ သံဓာတ်၊ အမျှင်ဓာတ်ကဲ့သို့သော ကိုယ်ခန္ဓာအတွက်မရှိမဖြစ်လိုအပ်သည့် အဟာရဓာတ်များစွာ ကြွယ်ဝစွာပါဝင်ပါသည်။ နဂါးမောက်သီးသည် ဗီတာမင်စီ ကြွယ်ဝသော အသီးဖြစ်ပြီး ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးသည်။ ဗီတာမင်စီသည် ခန္ဓာကိုယ်မှ ရောဂါပိုးမွှားများနှင့် ရောဂါများကို ကာကွယ်ပေးသည်။

   နဂါးမောက်သီးတွင် အမျှင်ဓာတ်ပါဝင်မှု မြင့်မားသောကြောင့် အစာခြေစနစ်ကို ကောင်းမွန် စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်သည်။ သွေးတွင်းသကြားဓာတ်ပမာဏကို ထိန်းညှိပေးပြီး ကျန်းမာရေးကို ပံ့ပိုးပေးသည်။ အသီးမှာပါဝင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ခန္ဓာကိုယ်တွင်း ရောင်ရမ်းမှုကို လျှော့ချပေးနိုင်ပြီး နှလုံးရောဂါနဲ့ ကင်ဆာလိုမျိုး နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေ ကိုလျှော့ချပေးနိုင်ပါသည်။ နဂါးမောက်သီးတွင် အမျှင်ဓာတ်နှင့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ    မြင့်မားစွာပါဝင်မှုသည် ကိုလက်စထရောပမာဏကို လျှော့ချရန် ၊ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချ ပေးပြီး နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေပါသည်။

   ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓာတ်မြင့်မားသောကြောင့် အဟာရပြည့်ဝမှုကို မြှင့်တင်ပေးပြီး အဝလွန်ခြင်းကို တားဆီးပေးနိုင်သည်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်လျှော့ချတဲ့ အစားအသောက်တစ်ခုဖြစ်သည့်အပြင် ကောင်းမွန်သောအစားအစာ တစ်ခုလည်းဖြစ်ပါသည်။ ကိုယ်ဝန်ဆောင်မိခင်တိုင်းသည် သဘာဝသစ်သီးများကို နေ့စဉ်စားသုံးရန် လိုအပ်ပါသည်။ သဘာဝသစ်သီးများအနက် နဂါးမောက်သီးသည်လည်း စားသုံးသင့်သော အသီးတစ်မျိုးဖြစ်သည်။ နဂါးမောက်သီးသည်  ကိုယ်ဝန်ဆောင်မိခင်နှင့်ကလေးအတွက် လိုအပ်သော အာဟာရဓာတ်များဖြစ်သည့် ကယ်လ်စီယမ် ဓာတ်၊ ဗီတာမင်စီနှင့် ဖောလိတ်အစရှိသည့်တို့ကို ဖြည့်တင်းပေးသည်။ အမျှင်ဓာတ်များလည်း ကြွယ် ဝစွာပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်များတွင် ဖြစ်လေ့ဖြစ်ထရှိသော ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပြီး ဝမ်းမှန်စေပါသည်။ နဂါးမောက်သီးတွင်ပါဝင်သော အာဟာရဓာတ်များကလည်း ကိုယ်ဝန်ဆောင်မိခင်၏ ခုခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောဂါပိုးများအလွယ်တကူ မဝင်ရောက်စေရန် ကာကွယ်ပေးသည့်အပြင် ဆေးဖက်ဝင်ဓာတ်ပစ္စည်းများမှလည်း ဓာတ်တိုးဆန့်ကျင်သော အာနိသင်ကို ရရှိသောကြောင့် မိခင်ရော ကလေးပါ ကျန်းမာစေပါသည်။

      နဂါးမောက်သီး၏ ဆေးဖက်ဝင်အာနိသင်များ အပြည့်အဝရရှိစေရန်အတွက် စားခါနီးမှ လတ်လတ်ဆတ်ဆတ် ခွဲစားလျှင် ပိုကောင်းပါသည်။ နဂါးမောက်သီးကို ခွဲထားပြီးအချိန်ကြာမှ စားလျှင် ပါဝင်သော ဗီတာမင်စီ မှအစ အင်တီအောက်ဆီဒင့်များသည် လေနှင့်ထိတွေ့ပြီး ပျက်စီးဆုံးရှုံးမှုရှိလာသောကြောင့် ဖြစ်သည်။ နဂါးမောက်သီးကို အသားအတိုင်းစားနိုင်သလို ဖျော်ရည်များ၊ အသုပ်များနှင့် အခြားဟင်းချက်နည်းများတွင်လည်း အသုံးပြုလေ့ရှိကြောင်း လေ့လာသိရှိရသည်။

     နဂါးမောက်သီးသည် ကျန်းမာရေးနှင့် ညီညွတ်ပြီး အာဟာရဓာတ်များစွာ ကြွယ်ဝစွာပါဝင်သည့် ထူးခြားပြီး အရသာရှိတဲ့ အသီးဖြစ်ပါသည်။ ၎င်းသည် မည်သည့်အစားအစာအတွက်မဆို အထူး ကောင်းမွန်ပြီး နည်းလမ်းအမျိုးမျိုးဖြင့် စားသုံးနိုင်ပါသည်။ နဂါးမောက်သီးကို စမ်းမစားကြည့်ရသေးရင် စမ်းစားကြည့်ဖို့ တိုက်တွန်းရေးသား တင်ပြလိုက်ရပါသည်။

DOCA(စစ်ကိုင်း)