Main menu

ကသာခရိုင်မှ ထွက်ရှိသည့် ငါးကြီးချဉ်/ ငါးလေးချဉ်အကြောင်း တစေ့တစောင်း

Powered by Drupal
Thu, 07/13/2023 - 11:36 -- consumer_admin

      မြန်မာလူမျိုးများသည် မိမိတို့စားသုံးသည့် ထမင်းဟင်းလျာများတွင် ချို၊ချဉ်၊ငံ၊စပ်၊ဖန်၊ခါး အရသာ(၆)ပါးကို တစ်မျိုးမဟုတ်တစ်မျိုး ပါဝင်အောင်စားသုံးသည့် အလေ့အထရှိကြသည်။ ငါး တစ်မျိုးတည်းကိုပင် အချို၊ အငံ၊ အချဉ် စသည်ဖြင့် အရသာစုံပြုလုပ်၍ နှစ်ကြိုက်စွာ စားသုံးကြသည်။ ငံသောအရသာ ငါးပိ၊ ငါးဆားနယ်နှင့် ချဉ်သောအရသာရှိသည့် ငါးချဉ်ကိုလည်းချက်၍လည်းကောင်း၊ အစိမ်းတိုင်းသုပ်၍လည်းကောင်း စားသုံးကြသည်။ ငါးချဉ်တွင် ငါးကြီးချဉ်နှင့် ငါးလေးချဉ်ဟူ၍ နှစ်မျိုးရှိရာ ကသာခရိုင်မှ ထွက်ရှိသော ငါးချဉ်သည် နာမည်ကျော်ကြား လူကြိုက်များသည်။

ငါးကြီးချဉ်လုပ်ငန်း

      ကသာခရိုင်၊ အင်းတော်မြို့နယ်၌ ငါးကြီးချဉ်လုပ်ငန်းလုပ်ကိုင်သူပေါင်း ၁၅ဦးခန့်ရှိပြီး၊ ယင်းတို့အနက် နားခါကျေးရွာမှ နီလာဝင်း ငါးကြီးချဉ်လုပ်ငန်းအကြောင်း တင်ပြလိုက်ပါသည်။ နီလာဝင်း ငါးကြီးချဉ်လုပ်ငန်းကို ၂၀၁၀ခုနှစ်ကစတင်၍ လှည့်ပတ်ရင်းနှီးငွေ ကျပ်သိန်း (၁၀၀)ဖြင့် လုပ်ကိုင်ခဲ့ရာ ယခုလုပ်သားတစ်ဦး တစ်ရက်လျှင် ကျပ်ကိုးထောင်မှ တစ်သောင်းကြားနှုန်းထားဖြင့် လုပ်သား ၅ဦးကို အလုပ်အကိုင်အခွင့်အလမ်းများ ပေးထားနိုင်သည်။ ငါးကြီးချဉ်ထုတ်လုပ်သောငါးမှာ ဒေသငါးများမဟုတ်ဘဲ ရန်ကုန်၊ မန္တလေးနှင့် ရွှေဘိုမြို့များ၌ မွေးမြူးရေးငါး (ငါးကြင်းနက်)များကို မှာယူပြီး ငါးကြီးချဉ်ပြုလုပ်ခြင်းဖြစ်သည်။ ပထမဦးစွာ ငါးကိုအကြေးခွံခွာ၊ ချေးထုတ်၊ ခါးရိုးထုတ်ပြီး တစ်ဆယ်သားခန့် အရွယ်တော်တုံးကာ ရေဖြင့်သန့်စင်အောင် ဆေးကြောရသည်။ ငါးအတုံးများ ကို အင်တုံကြီးထဲသို့ထည့်ပြီး ဆား၊ နနွင်း၊ အချိုမှုန့်၊ အရောင်တင်မှုန့်ဖြင့် နှံ့စပ်အောင် လူးနယ်ရသည်။ ထိုနယ်ထားသော ငါးအသားများကို ပေါင်းထားသည့် ဆန်အစီး(ကောက်ညှင်းဆန်) သို့မဟုတ် ရှမ်းဆန်ထမင်း ထည့်၍နယ်ရသည်။ စေးပိုင်စွာလူးနယ်ပြီးပါက အလုံအိုးကြီးများတွင် ထည့်ပြီး အပေါ်မှအလေးတုံးကြီးများဖြင့် ဖိသိပ်ထားခြင်းဖြင့် အချိန်နှစ်ရက်အကြာတွင် ဈေးကွက်ဝင် ငါးကြီး ချဉ်များကိုရရှိကြောင်း သိရပါသည်။ နီလာဝင်း ငါးကြီးချဉ်လုပ်ငန်းရှင် တစ်ဦးအနေဖြင့် တစ်လလျှင် ငါးကြီးချဉ်ပိဿာ ၃၀၀ခန့် ထုတ်လုပ် ရောင်းချနိုင်ကြောင်း သိရသည်။

      ငါးကြီးချဉ်ကို အစိတ်သားထုပ်၊ ငါးဆယ်သားထုပ်၊ တစ်ပိသာထုပ်များကို ပလတ်စတစ်အကြည်ခံပြီး အင်ဖက်ဖြင့်ထုပ်ကာ မိမိဆိုင်တံဆိပ်ဖြင့် ရောင်းချကြသည်။ ရောင်းဈေးနှုန်းများမှာ ၂၅၀၀ကျပ်၊ ၅၀၀၀ကျပ်၊ တစ်သောင်းကျပ် ဈေးအသီးသီးဖြင့် အင်းတော်မြို့ရှိ ကားဂိတ်(၁၀)ဂိတ်ခန့်နှင့် ဈေးများတွင် ရောင်းချသည်။ အင်းတော်မြို့၌ ထုတ်လုပ်သောငါးကြီးချဉ်လုပ်ငန်းနှင့် ဆက်နွယ်၍ လုပ်သား ၁၅၀ဦးကျော်ခန့် အလုပ်အကိုင်အခွင့်အလမ်းများရရှိကြောင်း သိရှိရသည်။

 

ငါးလေးချဉ်လုပ်ငန်း

          ကသာခရိုင်၊ ကသာမြို့သည် ဧရာဝတီမြစ်ကမ်းဘေးတွင်တည်ရှိပြီး ငါးကလေးများဖြင့် ငါး လေးချဉ်လုပ်ငန်းကို ကသာမြို့ပေါ်တွင် ငါးပိ၊ ငါးခြောက်၊ ငါးချဉ်လုပ်ကိုင်သည့် ပွဲရုံလုပ်ကိုင်သူ (၃)ဦး၊ မြို့နယ်အတွင်းရှိ ပိန္နဲကုန်း၊ သဖန်းကိုင်းနှင့် မိုးတားလေးကျေးရွာများတွင် လုပ်ကိုင်သူ(၁၀)ဦး ခန့်ရှိကြောင်းသိရှိရသည်။ ကသာခရိုင်သည် မြစ်ကြိုးအင်း များစွာရှိပြီး ၎င်းအင်းများမှ  အင်းဖော် (ငါးဖော်)သည့်အချိန် သီတင်းကျွတ်လမှ တပို့တွဲလထိ ငါးလေးချဉ်များကို တွင်ကျယ်စွာထုတ်လုပ် ပြီး၊ တစ်လလျှင် ငါးလေးချဉ် ပိဿာ ၇၀၀ကျော် ထုတ်လုပ်ရောင်းချနိုင်ကြောင်း သိရသည်။ ငါး လေးချဉ်ကို အလေးချိန်ဖြင့်ချိန်တွယ်ပြီး ရောင်းချရာ ရောင်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ခုနှစ်ထောင် ကျပ်မှ တစ်သောင်းကျပ်ကြား ဈေးနှုန်းအသီးသီးဖြင့် ရောင်းချသည်။ ကသာခရိုင်ရှိ အခြားမြို့နယ် များ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် အခြားတိုင်းများသို့ တင်ပို့ရောင်းချရာတွင် ပိဿာချိန်(၁၀)ကို ခြင်းကြားများတွင် အင်ဖက်ခံထည့်၍ တင်ပို့ရောင်းချကြောင်း သိရသည်။ ကသာမြို့၌ ထုတ်လုပ် သော ငါးလေး ချဉ်လုပ်ငန်းနှင့်ဆက်နွယ်၍ လုပ်သား ၁၀၀ ဦးခန့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိကြောင်း သိရှိရသည်။

          စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်းရှိ ဗန်းမောက်မြို့နယ်၊ ဇလုံတောင်ဘုရားသို့ ဘုရားဖူးလာရောက်သည့် ဘုရားဖူးဧည့်သည်များနှင့် မြန်မာနိုင်ငံအနှံ့အပြားမှ ခရီးသွားဧည့်သည့် များသည် အပြန်အမှတ်တရလက်ဆောင်အဖြစ် ဝယ်ယူအားပေးလျက်ရှိသော ကသာခရိုင်မှ ထွက်ရှိ သော ငါးကြီးချဉ်နှင့် ငါးလေးချဉ်များမှာ နှစ်စဉ်နှစ်တိုင်း တိုးတက်ထုတ်လုပ် ရောင်းချလျက်ရှိပါ ကြောင်း တင်ပြလိုက် ရပါသည်။

DOCA(စစ်ကိုင်း)