Main menu

ဆေးဖက်ဝင် အာနိသင်ရှိပြီး ဘေးထွက်ဆိုးကျိုးလည်းရှိတဲ့ ဖန်ခါးသီးအကြောင်းသိကောင်းစရာ

Powered by Drupal
Tue, 07/18/2023 - 14:51 -- consumer_admin

   ဖန်ခါးပင်သည် Combretaceae မျိုးရင်းဝင် အပင်မျိုးဖြစ်ပြီး အပူပိုင်းနဲ့ သမပိုင်းတွေ မှာပေါက်ရောက်ကြပါတယ်။ အိန္ဒိယ၊ နီပေါ၊ တရုတ်၊ သီရိလင်္ကာ၊ မလေးရှားနှင့် ဗီယမ်နမ်နိုင်ငံတွေမှာ အများဆုံးပေါက်ရောက်လျက်ရှိပါတယ်။ ဖန်ခါးပင်ကို မြန်မာနိုင်ငံမှာတော့ အလယ်ပိုင်း အပူပိုင်းဒေသတွင် အများဆုံးပေါက်ရောက်လေ့ရှိပြီး အရိပ်ကောင်းအပင်ကြီးမျိုးဖြစ်၍ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများလည်းရှိပါတယ်။ အရသာမှာ နာမည်နှင့်လိုက်အောင်ဖန်ပီး ခါးသက်သက် အရသာရှိကြောင်း၊ ဖန်ခါးသီးအား သီးသန့်ကိုက်စားလိုက်ရင် ခါးပေမဲ့ စားပီးရေ သောက်လိုက်တဲ့အခါ မထင်ထားလောက်အောင် ချိုမြန်တဲ့အရသာရှိပါတယ်။  ဖန်ခါးသီးကို စားလိုက်လျှင် ဖန်၊ခါး၊ စပ်၊ ပူ၊ ချဉ်၊ ချိုစသောအရသာများရှိသောကြောင့် ခံတွင်းကိုရှင်းစေ ပါတယ်။ ဒီလိုအရသာမျိုးကိုမြန်မာနိုင်ငံအလယ်ပိုင်းမှာရှိတဲ့လူတိုင်းနီးပါးနှစ်သက်ကြပါတယ်။ ဖန်ခါးပင်ဟာဆိုရင် သေချာစိုက်ပျိုးစရာမလိုပဲ နေရာတော်တော်များများတွင် အစေ့ကနေ အလေ့ကျ သဘာဝအတိုင်းအပင် ပေါက်ပြီးရှင်သန်နိုင်ပါတယ်။ စားဖွယ်ဟင်းလျာ တစ်မျိုးအဖြစ် ထမင်းနှင့် အတို့အမြှပ်လုပ်စားကြတာမျိုး ၊ အခွံ့နွှာလှီးပြီးတော့လည်း ဆုံထဲထည့်၍ ထောင်စားကြတယ်။ ၎င်း အပြင် ရေနွေးပွက်ပွက်ဆူအောင် အသုံးပြုထားတဲ့ထဲရေနွေးထဲ ဆား အနည်းငယ်ထည့်မွှေ ပြီးတော့ ရေနွေးအား အအေးခံ ကြက်သီးနွေးအနေတော်အချိန်တွင် အသီးကို ဖန်ပုလင်းထဲထည့်၍ စိမ်ထားပြီး (၂) ပတ်ကျော်ရင် နှပ်သွားပြီး ဆယ်ယူသုပ်စားကြပါသည်။  အချို့ဆိုရင် သုပ်စားတာမျိုး မလုပ်ဘဲ ဆားရေစိမ်အတိုင်း ကိုက်စားတာမျိုးလည်း စားသုံးကြပါသည်။

   ဖန်ခါးသီးပင်သည် မိုးဦးကျချိန် ကဆုန်လနှင့်ဝါဆိုလများတွင် စတင်ဖူးပွင့်၍ အပွင့် အဖြူရောင် (သို့မဟုတ်) အဝါဖျော့ဖျော့ပန်းပွင့်လေးများ ပွင့်ဖတ်မရှိပဲပွင့်ချပ်ဖြင့်သာ ပွင့်၍ ရက်သတ္တပတ် ကျော်လာလျှင် တဖြည်းဖြည်းခြင်းအပွင့်ကြွေ၍ အသီးအကင်းဖြစ်ပြောင်းလဲလာ ပြီးနောက် ကြီးထွားလာပါတယ်။ အသီးမှာ အသားမာပြီး အစေ့ဆံတစ်ခုပါတဲ့အသီးမျိုးဖြစ်ပြီး  အခိုင်လိုက် တွဲလျောင်းကျလျက်ရှိရာ ၊ အခိုင်တစ်ခိုင်လျှင် (၅)လုံးမှ(၁၀)လုံးထိ အသီးတင်လျက် ရှိပါသည်။ အသီးမှာ လုံးဝန်းတာ မျိုးရှိသလို အချို့အလုံးမှာ ဘဲဥပုံသဏ္ဍန်နဲ့ဖြစ်ပြီး အသီးအရောင် မှာအစိမ်းရှိသော်လည်း အချို့အသီးအရောင်မှာ ပန်းစွဲတဲ့ နီညိုရောင်ဖျော့ဖျော့လေး အရောင်ရှိကြ ပါတယ်။ ဖန်ခါးသီးကနာမည်နှင့်လိုက်အောင် ဖန်ခါး ပေမဲ့အစာလည်းဆေး ဆေးလဲအစာဆိုသလို အတန်အသင့်အတင့်စားပေးခြင်းအားဖြင့် ယခုလိုကျန်းမာရေးအကျိုးကျေးဇူးများရရှိကြောင်း၊ ဖန်ခါးသီးကို စားပေးခြင်းအားဖြင့် မြန်မာဆေးကျမ်းများ အလိုအရ သွေးသား စင်ကြယ်စေပြီး မျက်စိကိုလည်း အားကောင်းစေပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းရှင်းပေး၍ အစာခြေလမ်းကြောင်းများကို အထောက်အကူဖြစ်စေပြီး အူမကြီး၊ အူသိမ်တို့ကို ပံ့ပိုးပေး၍ အစာအိမ်ရောင်ပြီး အစာမကြေခြင်း ရင်ပူခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းလျှောခြင်း၊ ဝမ်းကိုက်ခြင်းများကို သက်သာစေနိုင်ပါကြောင်း ၊ အစာအိမ် အချဉ်ပေါက်ခြင်းကို လျော့နည်း စေခြင်း၊ အစာအိမ်အနာဖြစ်ခြင်းကိုကာကွယ်ပေးခြင်း၊ အစာအိမ်နှင့်ပတ်သက်သည့်ရောဂါများ ကိုလည်းကာကွယ်ပေးပါတယ်။ သွေးအတွင်း Glucose levels မြှင့်တင်ပေးခြင်းနှင့် သကြား ဓာတ် သွေးထဲဝင်ရောက်မှုအား ထိန်းညှိပေးနိုင်ပြီး Chedulic ပါဝင်တာကြောင့် သွေးတွင်း သကြားဓာတ်ကိုလည်းလျှော့ချပေးနိုင်ပါတယ်။အဝလွန်သူများ ပုံမှန်စားပေးပါက ကိုယ်အလေး ချိန်အားထိန်းညှိပေးနိုင်ပါတယ်။ ဖန်ခါးသီးကိုပြုတ်ပြီး အရည်ကို နွားနို့နှင့် ရောတိုက်ပါက အရက်မူးခြင်းကိုသက်သာခြင်း၊ အသီးကိုအခြောက်ခံပီး ကြိတ်ထားတဲ့အမှုန့်ကို အုန်းဆီနှင့်ရော၍ မီးလောင်ဖုများကို လိမ်းပေးသော် အနာသက်သာစေပါသည်။ မျက်စိကိုက်ခဲခြင်းများဖြစ်ပါက အသီးအား ထု၍ တစ်ညရေစိမ်လိုက်ပြီး အပေါ်ယံရေကြည်ကို မျက်စိဆေးပေးပါက သက်သာပျောက်ကင်းစေပြီး ၎င်းအပြင် မျက်စိအမှေးရောင်တာကိုလည်း သက်သာစေပါတယ်။ ထို့ ကြောင့်ပုံမှန်စားပေးပါက မျက်စိအမြင်အာရုံကို ကောင်းစေပါတယ်။ ဖန်ခါးသီးကို စားပေးခြင်းဖြင့် ခန္ဓာကိုယ်နာကျင်တာမျိုးသက်သာစေသည့်အပြင်  အရိုးအဆစ်များ ရောင်ရမ်းနာကျင်ခြင်း ၊ ကြွက်သွားနာကျင်တာနှင့် နာကျင်မှုအမျိုးမျိုးကိုလည်း သက်သာပျောက်ကင်းစေပါသည်။

    ဖန်ခါးသီးထဲတွင် antioxidants ဓာတ်များကြွယ်ဝစွာပါဝင်ပြီး ellagic acid , gallic acid chebulic acid  , flavonol glycosides , selenium Vitamin –C နှင့် Vitamin –E တို့ပါ ဝင်ခြင်းကြောင့် ခန္ဓာကိုယ်က  ဓာတ်တိုးပစ္စည်းများကို ဖယ်ရှားပေးပြီး ကင်ဆာရောဂါများကို လည်းကာကွယ်ပေးနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မှုအဆုတ်ရောဂါဖြစ် ပွားခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ဖန်ခါးသီးသည် ကျန်းမာရေးအတွက်များစွာအထောက် အကူဖြစ်စေတဲ့အပြင် အလှအပအတွက်လည်း အသုံးပြုကြကြောင်း ၊  ဝက်ခြံပေါက်ပြီး အမြစ်မထွက်ပဲနေပါက ဖန်ခါးသီး၏ အစေ့ကို ဆန်ဆေးရည်နှင့် သွေးလိမ်းပါက ပျောက်ကင်းစေပါတယ်။   ဖန်ခါးသီးက ဆေးဖက်ဝင်တယ်ဆိုပေမဲ့လည်း ဘေးထွက်ဆိုးကျိုးလေးတော့ရှိပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ၊နို့တိုက်မိခင်တွေ၊ ဆီးချိုရောဂါရှိနေသူတွေ၊ ခွဲစိတ်ကုသမှုခံယူမည့်သူ များ စားသုံးရန်မသင့်ကြောင်း လေ့လာသိရှိရပါတယ်။

DOCA(ကယား)