Main menu

ဈေးအမြင့်ဖြင့်ရောင်းဝယ်လျက်ရှိသည့် ပဲစင်းငုံသီးနှံဈေးနှုန်း၊ ဈေးကွက်နှင့် ပဲစင်းငုံ၏အသုံးဝင်ပုံ

Powered by Drupal
Fri, 07/21/2023 - 14:43 -- consumer_admin

        ပဲမျိုးစုံဈေးကွက်အတွင်း ၂၀၂၃ ခုနှစ်တွင် ပြည်ပဝယ်လိုအားပဲများအပြင် ပြည်တွင်း ဝယ်လက်ပဲ အားလုံးလိုလို ဈေးကောင်းရရှိခဲ့သောနှစ်ဖြစ်ခဲ့ပါသည်။ အိန္ဒိယဈေးကွက်မှာ ပဲစင်းငုံ လိုအပ်ချက်များ ရှိသည့်အတွက် မြန်မာ့ပဲစင်းငုံဈေးတွေ တရိပ်ရိပ်တက်လာလို့ ယခုနှစ်မှာ စံချိန်တင်ဈေးအထိ ရောက်ရှိခဲ့ပါသည်။ ထိုကဲ့သို့ ပဲအားလုံးဈေးကောင်းရခဲ့ပြီး ပြည်ပဝယ် လက်ပဲများထဲမှာတော့ ပဲစင်းငုံသီးနှံဟာ မတ်ပဲသီးနှံဈေးထက်ကျော်လွန်ကာ ပိဿာ(၂၀)တစ်တင်း (၉၈၀၀၀) ကျပ်ထိ ဇူလိုင်လအတွင်း အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဇွန်လအတွင်းမှာတော့ ပဲစင်းငုံသီးနှံသည် တစ်တင်းကျပ်(၁)သိန်း အကျော်အထိ ဈေးအမြင့်ဆုံးဖြင့် ပဲဈေးကွက်ထဲမှာ စံချိန်တင် ဈေးမြင့်တက်ခဲ့ပါသည်။ ပဲစင်းငုံသီးနှံဟာဆိုလျှင် မတ်ပဲသီးနှံများကဲသို့ စိုက်ဧကမများသော်လည်း ပြည်ခရိုင်အတွင်း ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ရွှေတောင်မြို့နယ်များတွင် စုစုပေါင်း စိုက်ဧက(၁) သောင်းကျော်သာ စိုက်ပျိုးမှု ရှိခဲ့ပါသည်။ အထွက်နှုန်းအနေဖြင့် တစ်ဧကပျမ်းမျှ (၁၇)တင်းခန့် ထွက်ရှိပါသည်။ ပြည်ဈေးကွက်သို့ ပြည်အနီးတဝိုက် ပန်းတောင်း၊ ပေါက်ခေါင်း၊ ရွှေတောင်မြို့နယ်များမှ ဝင်ရောက်ကြပါသည်။ ယခုနှစ်အတွင်း စံချိန်တင်မြင့်တက်လာခဲ့သော ပဲစင်းငုံသီးနှံ၏ နှစ်အလိုက်ကာလတူဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်လျှင် အောက်ပါအတိုင်းတွေ့ရပါသည်-

   ၂၀၂၁                                      ၂၀၂၂                                ၂၀၂၃

(ဇူလိုင်လ)                               (ဇူလိုင်လ)                            (ဇူလိုင်လ)

၃၂၅၀၀ ကျပ်                           ၄၇၀၀၀ ကျပ်                       ၉၇၀၀၀ ကျပ်

    အဆိုပါဈေးနှုန်းများအရ ပဲစင်းငုံသီးနှံသည် ဈေးနှုန်းပိုရလာခဲ့ပြီး (၂၀၂၃)ခုနှစ်မှာတော့ ဈေးအမြင့်ဖြင့် ပဲဈေးကွက်မှာ ရပ်တည်နေတဲ့သီးနှံတစ်မျိုးဖြစ်ခဲ့ပါသည်။ ပဲသစ်ပေါ်စအချိန် ဈေးနှုန်း များကို လေ့လာရာတွင်လည်း ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ပဲသစ်ဝင်ချိန်တွင် တစ်တင်းလျှင် (၂၅၈၀၀) ကျပ်ဖြင့် ဈေးဖွင့်ခဲ့ပြီး ယခုကာလ ဇူလိုင်လတွင် ကျပ်(၃)သောင်း အထက်ရရှိလာခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ပဲသစ်ဝင်ချိန်တွင် တစ်တင်းလျှင် (၄၂၅၀၀)ကျပ်ဖြင့် ဈေးဖွင့်စကတည်းက ဈေးကောင်း လာခဲ့ကာ ယခုကာလ ဇူလိုင်လတွင် တစ်တင်း (၄၇၀၀၀)ကျပ် ထိရရှိလာခဲ့ပါသည်။ ယခုနှစ်မှာတော့ ပဲသစ်စပေါ်ချိန် အဖွင့်ဈေးမှာ တစ်တင်း ကျပ်(၄)ကျော်ဖြင့် ယခင်နှစ်က အတိုင်းရရှိခဲ့ပြီး တစ်လထက် တစ်လဈေးဆက်မြင့်လာကာ ဇွန်လမှာတော့ တစ်တင်းလျှင် ကျပ်(၁)သိန်းကျော်အထိ ရရှိခဲ့ပါသည်။ ဇူလိုင်လဆန်းပိုင်းတွင် ပဲဈေးအားလုံးလိုလို ဈေးပြန်အေးသွားခဲ့သည့်အတွက် တစ်တင်း (၉၇၀၀၀) ကျပ်ဖြင့် ဈေးကွက်အတွင်းအရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ကြပါသည်။ ပဲစင်းငုံသီးနှံအား ပြည်ပဲဈေးကွက်၌ ရန်ကုန်ဝယ်လက်သမား အဓိကထား ဝယ်ယူခဲ့ကြပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် ပဲအဝင်လှိုင်ချိန် ဝင်လာသမျှ ရောင်းချမှုရှိကြသလို လှောင်လက်သမားများလည်း ဝယ်ယူကြသည့်အတွက် အရောင်းအဝယ်သွက်ခဲ့ပြီး ပဲအဝင်ပါးချိန်မှစ၍ လှောင်ပဲအချို့သာ ရောင်းချရသည့်အတွက် တစ်ရက် အိတ်(၂၀၀/၃၀၀) ကျော်ခန့် ရောင်းချမှုရှိသလို တစ်ချို့ရက်များမှာတော့ အဝယ်မရှိဘဲ အရောင်းအေးခဲ့ကြောင်း သိရပါသည်။

    ဈေးကွက်အတွင်း ဈေးအမြင့်ဆုံးရနေခဲ့သော ပဲစင်းငုံသီးနှံ၏ အချက်အလက်နှင့် အသုံးဝင်မှုကို လေ့လာကြည့်ရာမှာတော့ ပဲစင်းငုံသီးနှံ၏ အင်္ဂလိပ်အမည်မှာ Pigeon Pea ဖြစ်ပြီး ရုက္ခဗေဒအမည်မှာ Cajaum Cajan Millsp ဖြစ်ပါသည်။ ပဲစင်းငုံသည် နှစ်ရှည်ခြုံပင် အမျိုးအစားဖြစ်သော်လည်း မြန်မာနိုင်ငံအထက်ပိုင်းအပူပိုင်းခြောက်သွေ့သောဒေသများတွင် တစ်နှစ်ခံသီးနှံပင်အဖြစ် အများဆုံး စိုက်ပျိုးကြပါသည်။ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးမှုများပြီး ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်တွင် စိုက်ဧက (၁)သောင်းကျော် စိုက်ပျိုးကြပါသည်။ ပဲစင်းငုံသီးနှံသည် ရှင်သန်ပေါက်ရောက်ရာ ရေမြေဒေသ၊ ရာသီဥတုအပေါ်မူတည်၍ အစေ့အရွယ်အစား ပုံသဏ္ဍာန်နှင့် အရောင်များ ကွဲပြားခြား နားကြပါသည်။ တစ်ချို့ ပဲစင်းငုံစေ့မှာ လုံးဝန်းသော ပုံသဏ္ဍာန်ရှိ၍ တစ်ချို့မှာ ဘဲဥပုံ ဖြစ်ကြပါသည်။ ပဲစင်းငုံသည့် မြေအမျိုးအစားအစားမရွေး၊ သဲသမ‌မြေမှ ရွံ့သမမြေအထိ စိုက်ပျိုး၍ ရနိုင်ပြီး မြေနီကျောက်စရစ်၊ မြေနီသဲဝန်း၊ စနယ်မြေနက်တို့တွင် အောင်မြင်ဖြစ်ထွန်းပါသည်။ နုန်းမြေစေး၊ မြေဩဇာထက်သန်၍ မြေသားနက်သည့် သမမြေတွင် ပိုမို၍ဖြစ်ထွန်းပါသည်။ ပဲစင်းငုံပေါက်ရောက်ရာ ဇစ်မြစ်အရ အိန္ဒိယနိုင်ငံဖြစ်ပြီး လွန်ခဲ့သော နှစ်ပေါင်း (၃)ထောင် ကျော်ကတည်းက သဘာဝအလျောက်ပေါက်ရောက်ခဲ့သည့် သီးနှံဟုသိရပါသည်။ နောက်ကာလများမှာတော့ ပဲစင်းငုံသီးနှံအား အပူပိုင်းဒေသနိုင်ငံများတွင် စိုက်ပျိုးလာခဲ့ကြပါသည်။ ပဲစင်းငုံစားသုံးမှုအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများသည် အခြားနိုင်ငံများထက် ပိုစားသုံးမှုများကြောင်း သိရပါသည်။ အနောက်နိုင်ငံများတွင် ပဲစင်းငုံအား အခြားသောကောက်နှံများဖြင့် ရောနှော၍ ပေါင်မုန့်ပြုလုပ်စားသုံးကြပါသည်။ မြန်မာနိုင်ငံတွင် ပဲစင်းငုံသီးနှံကို အစိမ်းရင့်ချိန်ကတည်းက ပဲစင်းငုံ အစေ့ခြောက်သည့်အထိ စားသုံးမှုများ ရှိကြပါသည်။ ပဲစင်းငုံအသီးရင့်ချိန်တွင် အသီးများ အား ခူးဆွတ်၍ ပိဿာချိန်နှင့် ရောင်းချမှုများရှိပြီး ပဲစင်းငုံ အသီးများအား အစည်းစည်းပြီးပြုတ်၍ သရေစာအဖြစ် စားသုံးရန် ရောင်းချကြပါသည်။ ပဲစင်းငုံသီးနှံကို ဟင်းချိုအဖြစ်လည်းကောင်း၊ ပဲဟင်းအသီးအရွက်စုံနှင့် အချဉ်ချက်၍လည်းကောင်း၊ ပြုတ်၍ကြက်သွန်ဖြူ/နီ ဆီသတ်ပြီး သုပ်၍လည်း စားသုံးကြပါသည်။ ပဲကြာဇံလုပ်ရာတွင်လည်း အသုံးပြုသည်ဟုသိရပါသည်။ ပဲစင်းငုံသီးနှံသည် ကုလားပဲသီးနှံကဲ့သို့ အသုံးပြုမှုမများသော်လည်း ကုလားပဲသီးနှံထက်ပို၍ လူနှင့်တည့်သည်ဟု ရှေးလူကြီးများက ပြောဆိုကြပါသည်။ ပဲစင်းငုံအမြစ်ကလည်း လည်ချောင်းနာ ခြင်း၊ ဝမ်းသွားခြင်းတို့အတွက် ဆေးဖက်ဝင်ကြောင်း သိရသလို ပဲစင်းငုံပြုတ်၍ စားသုံးပါကလည်း ဖောရောင်ခြင်း၊ ပန်းနာရင်ကြပ်ဖြစ်ခြင်းတို့်ကို သက်သာ ပျောက်ကင်းစေပါသည်။ ကိုယ်ခံအားကို လည်းကောင်းစေသည်ဟု သိရပါသည်။

    ယခုကဲသို့ ပြည်တွင်းစားသုံးမှုသာမက ဆေးဖက်လည်းဝင်၊ ပြည်ပသို့ပါတင်ပို့ရောင်းချရပြီး တစ်နှစ်ထက်တစ်နှစ် ဈေးပိုရလာက နိုင်ငံခြားဝင်ငွေရရှိနေသည့် ပဲစင်းငုံသီးနှံအား စိုက်ပျိုး ထုတ်လုပ် သူတောင်သူများအဖို့ မိမိစိုက်ပျိုးမြေနှင့် ရာသီဥတုအပေါ်မူတည်၍ မျိုးကောင်း မျိုးသန့်များကို ရွေးခြယ်ကာ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးချဲ့ စိုက်ပျိုးလာမည်ဆိုပါက အကျိုးအမြတ် ပိုမိုရရှိစေနိုင်သော သီးနှံတစ်မျိုးဖြစ်ကြောင်း လေ့လာရေးသားရပါသည်။

DOCA(ပဲခူး)