Main menu

ဧရာအနောက်မြို့တော်မှ မြန်မာညှပ်ဖိနပ်များအကြောင်း တစေ့တစောင်း

Powered by Drupal
Wed, 07/26/2023 - 10:04 -- consumer_admin

     မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်ရပ်ကွက်များဖြစ်သော အမှတ် (၁၂)၊ အမှတ် (၁၃) နှင့် အမှတ် (၁၄) ရပ်ကွက်တို့တွင် မြန်မာ့သားရေညှပ်ဖိနပ်များကို ရှေးယခင်များစွာကပင် လုပ်ကိုင်လာခဲ့ကြပါသည်။ မြန်မာ့သားရေညှပ်ဖိနပ်များမှာ ခိုင်ခန့်ခြင်း၊ ကျန်းမာရေးနှင့်လည်းညီညွတ်ခြင်း၊ စီးရာတွင်လည်း သက်တောင့်သက်သာရှိခြင်းတို့ကြောင့် လူကြိုက်များလှပါသည်။  ပခုက္ကူမြို့ပေါ်ရှိ မြန်မာ့ညှပ်ဖိနပ်လုပ်ငန်းများဖြစ်သော ဧရာဝဏ်ဆင်၊ ခိုပျံ၊ ဂရိတ်၊ မောင်မယ်၊ မြအိုးစည်၊ ရွှေကျားနှင့် ရွှေအိုးစည်ဖိနပ်လုပ်ငန်းများမှာ လုပ်သားဦးရေ (၁၀) ဦးမှ (၂၅) ဦးအထိတို့ ဖြင့် လုပ်ကိုင်လျက်ရှိကြပါသည်။

  မြန်မာ့ညှပ်ဖိနပ်ကို နွား၏သားရေအရိုင်းဖြင့်ပြုလုပ်ရပါသည်။ နွား၏သားရေအရိုင်းများကို စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံနှင့် ပခုက္ကူခရိုင်၊  ကန်တော်ဒေသတို့မှ ဝယ်ယူရကြောင်း၊ ထိုဝယ်ပြီးသောသားရေများကို ရေဖြင့်စိမ်ရကြောင်း၊ စိမ်ပြီးသောသားရေများကို လိုရာဖိနပ်ပုံစံများချပြီး ဆိုဒ်စုံလှီးဖြတ်ရကြောင်း၊ လှီးဖြတ်ပြီးသော သားရေမျက်နှာပြင်အချောများကိုရွေးပြီး  ကော်ပတ်တိုက်ရကြောင်း၊ ကော်ပတ်တိုက်ပြီး အနက်ဆီသုတ်၍ ချောသည်အထိစက်ကြိတ်ရကြောင်း၊ စက်ကြိတ်ပြီးရလာသောသားရေများကိုနေလှမ်းရကြောင်း၊ ရလာသောသားရေများကို ဆေးကြမ်းမှုတ်ပြီး ဆေးကြမ်းခြောက်လျှင် ကော်ပတ်စားပြီး မိမိလိုအပ်သောဆေးရောင်မှုတ်ရပြီး  ကျားစီး၊ မစီးများကို ဆိုဒ်စုံလှီးဖြတ်ရကြောင်း၊ ရလာသောဖိနပ်ပြားများကို ဖိနပ်သဲကြိုးတပ်ရန် ခေါင်နှင့်ခါးဖြတ်ကို စောက်ပြားဖြင့်ရှပ်ထုတ်ရပါကြောင်း၊ ထိုမှတစ်ဆင့် ဖိနပ်ပြား၏ဘေးပတ်များကို စက်ကြိုးချုပ်ရန်အတွက်  နှုတ်ခမ်းသားမျာကိုစက်ဖြင့်ကြိတ်ပြီး စောက်ကြောင်းထိုးကာ ဘေးပတ်လည်ကိုစက်ကြောင်းပေါက်၍  သားရေပြားအောက်ခြေမှ ရာဘာပတ်ကြိုးဖြင့်ပတ်ရကြောင်း၊ ရာဘာပတ်ကြိုးအလယ်မှ ဝမ်းစာထည့်ပြီး သားရေနှင့်တွဲ၍ စက်ဖြင့်ချုပ်ရကြောင်း၊  စက်ဖြင့်ချုပ်ပြီး ရလာသောသားရေများကို ခေါင်စိုက်သဲကြိုးကွင်းပြု၍ ခေါင်ကိုသံရိုက်ရကြောင်း၊ ဖနောင့်နေရာတွင် ဖနောင့်မနာရန်အတွက် ချက်စာထည့်ပြီး ကားတာယာဖြင့်ကော်သုတ်၍ အောက်ခြေမှပိတ်ပြီး နှုတ်ခမ်းနားကို ဓားဖြင့်လှီးဖြတ်၍ လက်နှင့်အချောဆွဲခြင်းဖြင့် ဖိနပ်တစ်ရံရရှိပါကြောင်း၊ ရရှိ လာသောဖိနပ်များအား ကစ်တိုက်အချောသတ်ရကြောင်း၊ တစ်နေ့လျှင် ဖိနပ်လုပ်သားခမှာ တစ်ရံလျှင် ကျပ် (၃၀၀) ပေးရပြီး လုပ်သားတစ်ဦးလျှင် အရံ (၂၅) ရံပြီးကြောင်း၊ ရရှိလာသောသားရေဖိနပ်များကို မြန်မာပြည်အနှံ့အပြားသို့တင်ပို့နေကြောင်း၊ မြန်မာ့သားရေညှပ်ဖိနပ်လုပ်ငန်းဦးရေများပြားလာသည်နှင့်အမျှ အလုပ်အကိုင်အခွင့်အလမ်းများလည်း များစွာအထောက် အကူဖြစ်လာပါကြောင်း လုပ်ငန်းရှင်များထံမှသိရှိရပါသည်။

DOCA(မကွေး)